Monday 10 February 2014

ကိုယ်တွင်း သွေးလှည့် ပတ်မှု ကောင်းမွန် စေရန်

Photo: ကိုယ်တွင်း သွေးလှည့် ပတ်မှု ကောင်းမွန် စေရန်
Monday, February 10, 2014 

အထိုင်များတဲ့ ဘဝ နေထိုင်မှု ပုံစံ၊ အစာစားနည်း အလေ့အထ အမှားနဲ့ သက်သောင့် သက်သာ နေလွန်းမှု စတဲ့ အချက်တွေက ကျန်းမာရေး မကောင်းတဲ့ ဘဝကို ရရှိ စေနိုင်တဲ့ အချက် တွေပါ။

လက်ရှိ အချိန်မှာ လူအများစုဟာ ကွန်ပျူတာ ရှေ့မှာ အချိန်ကြာကြာ ထိုင်တတ်ပြီး လေ့ကျင့်ခန်း လုပ်ရမှာ ပျင်းရိ အချိန် ဆွဲတတ်တဲ့ အတွက် ခန္ဓာကိုယ်တွင်း သွေးလှည့် ပတ်မှု လျော့နည်း နေတတ် ပါတယ်။ သွေးလှည့်ပတ်မှု မကောင်းတာကြောင့် လက်တွေ၊ ခြေထောက်တွေ အေးစက် တာနဲ့ သွေးကြောထုံးတာ စတာတွေ အဖြစ်များသလို အမြဲ ပင်ပန်း နွမ်းနယ် နေတတ် ပါတယ်။

အပူ၊ အအေး ကုထုံးသုံးပါ

ရေချိုးတဲ့အခါ ကြက်သီးနွေး ရေနဲ့ ချိုးပြီး ရေအေးနဲ့ ထပ်မံ ချိုးပေးတာက သွေးလှည့်ပတ်မှုကို ပိုမို ကောင်းမွန် စေပါတယ်။ ရေက အလွန်ပူနေရင် အပူလောင် တတ်တာကြောင့် မချိုးခင် ရေကို အရင်ဆုံး စမ်းသပ် ကြည့်ရပါမယ်။

အသက်ရှူသွင်း၊ ရှူထုတ် လေ့ကျင့်ခန်းလုပ်ပါ

လူအများစုမှာ အသက် ရှူတာကို ပုံမှန်ပဲလုပ်ပြီး လေ့ကျင့်ခန်း တစ်ရပ် အနေနဲ့ လုပ်ဆောင် တာမျိုး မရှိကြပါဘူး။ သွေးလှည့်ပတ်မှု ကောင်းမွန် စေဖို့အတွက် အသက်ပြင်းပြင်း ရှူရှိုက်တဲ့ လေ့ကျင့်ခန်းကို လုပ်ဆောင် ပေးသင့်ပါတယ်။ ဆိုလိုတာက အဆုတ်တွေထဲ အထိ အပြည့် ရောက်သွားအောင် အသက်ဝဝ ရှူသွင်းပေးရမှာ ဖြစ်ပါတယ်။ ဒီလို အသက်ပြင်းပြင်း ရှူပေး တာကြောင့် သွေးထဲကို အောက်ဆီဂျင် ပိုမို ရောက်ရှိစေပြီး သွေးထဲက အညစ်အကြေး တွေကို ဖယ်ရှားနိုင်ကာ သွေးလှည့် ပတ်မှုကို တိုးတက် ကောင်းမွန် စေပါတယ်။

စိတ်ဖိစီးမှု လျှော့ချပါ

စိတ်ဖိစီးမှုဟာ သွေးလှည့်ပတ်မှု စနစ်ကို ထိခိုက်စေတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ လူတစ် ယောက်က စိတ်ဖိစီးမှု များနေရင် ခြေ၊ လက်အစွန် အဖျားတွေ အပါအဝင် အဓိက ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်း တွေကိုလည်း သွေးလှည့်ပတ်မှု လျော့နည်း တတ်ပါတယ်။ လက်နဲ့ ခြေထောက် တွေက အထိခိုက်ဆုံး နေရာတွေပါ။ ဒါကြောင့် သွေးလှည့်ပတ်မှု ပိုကောင်းမွန် စေဖို့ အကောင်းဆုံး နည်းက စိတ်ဖိစီးမှုကို ရှောင်ရှားဖို့ ဖြစ်ပါတယ်။ အသက်ပြင်းပြင်းရှူတဲ့ လေ့ကျင့်ခန်းနဲ့ တရားထိုင်တဲ့ အလေ့အထ တွေကို နေ့စဉ်မှန်မှန် လုပ်ဆောင် ပေးတာကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေကာ သွေးလှည့်ပတ်မှု စနစ်ကို ထိခိုက် စေနိုင်ပါတယ်။

ခြေထောက်ကို မြှင့်ထားပါ

သွေးလှည့်ပတ်မှု ကောင်းမွန်ဖို့ရာ အတွက် တခြား ထိရောက်တဲ့ နည်းတစ်နည်းက ခြေထောက် တွေကို ခဏလောက် မြှင့်ထားပေးဖို့ပဲ ဖြစ်ပါတယ်။ အိပ်ရာပေါ်မှာ လှဲနေရင်း ခြေထောက် အောက်မှာ စောင်ထူထူထားပါ။ ခေါင်းမှာ ခေါင်းအုံး မခံဘဲ မွေ့ရာပေါ် လှဲနေရင် သင့်ကိုယ်တွင်းကို သွေးလှည့်ပတ်မှု ကောင်းမွန် စေပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

သွေးလှည့်ပတ်မှု ကောင်းမွန်ဖို့ အတွက် အသေချာဆုံး နည်းက ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ လူအများစုဟာ အထိုင်များတဲ့ ဘဝ နေထိုင်မှု ပုံစံအတိုင်း နေထိုင်ကြပြီး ကိုယ်လက် လှုပ်ရှားမှုကို မလုပ်ကြတာ များပါတယ်။ လမ်းလျှောက်တာ၊ ရေကူးတာနဲ့ ပြေးတာတို့လို ပုံမှန် လေ့ကျင့်ခန်းတွေ လုပ်တာကြောင့် ခန္ဓာကိုယ်အနှံ့ သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။ အစပိုင်းမှာ လေ့ကျင့်ခန်းကို ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ လုပ်ဆောင် ရပါမယ်။

သင့်တော်သော အစားအသောက်စားပါ

တချို့ အစားအသောက် တွေကလည်း သွေးလှည့် ပတ်မှုကို ကောင်းစေ ပါတယ်။ အမျှင်ဓာတ် ပါဝင်မှုများတဲ့ အစားအသောက် တွေက ကိုယ်တွင်း စနစ်မှ အဆီတွေကို ဖယ်ရှားပေးပြီး သွေးလှည့်ပတ်မှု စနစ်ကို ပိုမို ကောင်းမွန် စေပါတယ်။

ဇွန်
မြ၀တီ

No comments:

Post a Comment