Monday 31 December 2012

လျှို့ဝှက်စွာ ကြီးထွားခဲ့သော WINDOWS TABLET များ၏ သမိုင်းတစ်စ



တက်ဘလက်တွေရဲ့ သမိုင်းကို ပြောရမယ်ဆိုရင် ၁၉၈၆ ခုနှစ်ကတည်းက စခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ကွန်ပျူတာ ပညာရှင် အလန်းခေးဟာ ပထမဆုံး တက်ဘလက်ပုံစံကို စဉ်းစားတွေးခေါ် နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အောင်မြင်တဲ့ ထုတ်ကုန်တစ်ခုအဖြစ်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

၂၀၁၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့တဲ့ iPad ကတော့ ခေတ်သစ် တက်ဘလက်လောကရဲ့ ဦးဆောင်သူ ဖြစ်ခဲ့ ပါ တယ်။ မကြာခင် အချိန်မှာ Window 8 တက်ဘလက်တွေကိုလည်း ဈေးကွက်အတွင်းမှာ စိတ်ကြိုက် ဝယ် ယူနိုင်တော့မှာပါ။


လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အနာဂတ်ရဲ့ ကွန်ပျူတာလောကမှာ တက်ဘလက်တွေသာ ကြီးစိုး မယ် လို့ ဟောကိန်းထုတ်ခဲ့သူဟာ မိုက်ခရိုဆော့ဖ်ရဲ့ ပဲ့ကိုင်ရှင် ဘီလ်ဂိတ်ပဲဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ နှစ် အတော်များများမှာ တက်ဘလက် ကွန်ပျူတာတွေကို ကိုယ်ပိုင် ထုတ်လုပ်ပြီး အသုံးပြုခဲ့တဲ့သူပါ။ ဒါကြောင့်မကြာခင် ဈေးကွက်အတွင်းမှာ အစီအရီ မြင်ရတော့မယ့် Windows တက်ဘလက်တွေရဲ့ သမိုင်းကြောင်းကို ပြန်လည်တူးဆွ ကြည့်ချင်ပါတယ်။ Surface ဆိုတဲ့ အဆင့်ရောက်လာဖို့ နှစ်ပေါင်း ၂၀ ကျော်ကြာ ဖြတ်သန်းခဲ့ရတဲ့ Windows တက်ဘလက်တွေရဲ့ ကောက်ကြောင်းက စိတ်ဝင်စားစရာပါ။


Prototype Windows Tablet


လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က Windows တက်ဘလက်တွေ စတင်ခဲ့တယ်ဆိုတဲ့ အချက် အလက်ကို ပြန်လည်ရှာဖွေရာမှာတော့ ၁၉၉၁ ခုနှစ်မှာ NCR နည်းပညာ သုတေသန အဖွဲ့အစည်းအနေနဲ့ မိုက်ခရိုဆော့ဖ်နဲ့ ပူးပေါင်းပြီး Windows တက်ဘလက် တစ်လုံး ဖန်တီးဖို့ ကြိုးစားခဲ့ကြတဲ့ အတိတ်တစ်ခုကို ပြန်လည်ရရှိခဲ့ပါတယ်။ သူတို့ရဲ့ ဦးတည်ချက်က ပုံမှန်လုပ်ဆောင်နေကျ ကွန်ပျူတာ စွမ်းဆောင်ရည်တွေနဲ့ မတူညီတဲ့ ဘော့ပင်စနစ် ကွန်ပျူတာ အလုပ်လုပ်ဆောင်မှု ပုံစံဆီ ဦးတည်ချင်ခဲ့တာပါ။ Windows for Pen Computing လို့ အမည်ပေးထားတဲ့ Program တစ်ခုကို ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ Windows 3.1 စက်လည်ပတ်မှု စနစ်နဲ့ လိုက်လျောညီထွေ လည်ပတ်နိုင်တဲ့ တက်ဘလက်ပုံစံကို ဒီဇိုင်းချနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဈေးကွက်ထဲ မရောက်ရှိခဲ့ပါဘူး။ ရိုးရိုးကွန်ပျူတာတွေကို လူတွေအသုံးပြုဖို့ ထိထိရောက်ရောက် အခြေအနေ မပေးသေးတဲ့အချိန်မှာ လုပ်ဆောင်ရည် အားနည်းမှု ရှိတဲ့ တက်ဘလက်တွေရဲ့ ဈေးကွက်က ဂဏန်းပေါင်းစက်တွေလောက် စွဲဆောင်မှု မရှိခဲ့တာမို့ပါ။ ဒါပေမဲ့ သမိုင်းကြောင်း အရတော့ သူတို့ရဲ့ ဖန်တီးမှုဟာ မှတ်တမ်းဝင်ခဲ့ပါတယ်။ ဘီလ်ဂိတ်ဟာ ၁၉၉၁ ခုနှစ်မတိုင်ခင်ကတည်းက တက်ဘလက်တွေအပေါ် ရူးသွပ်ခဲ့တဲ့ စိတ်ခံစားမှု ရှိတာကိုလည်း တွေ့မြင်ရပါတယ်။ စတိဗ်ဂျော့ဘ်စ်ကို iPad တီထွင်ပြီး ခေတ်သစ်မို ဘိုင်း ကွန်ပျူတာ လောကကို ဦးဆောင်ခဲ့သူလို့ တင်စားမယ်ဆိုရင် တက်ဘလက် ကွန်ပျူတာတွေရဲ့ သမိုင်းဦးကို လက်တွေ့ဆန်ဆန် အကောင်အထည်ဖော်ခဲ့တဲ့ ဘီလ်ဂိတ်ကလည်း ဒီနည်းပညာပြောင်းလဲမှုမှာ အလေးထား ဂုဏ်ပြုရမယ့် ပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။


Windows XP Tablet PC Edition


၁၉၉၁ ခုနှစ်မှာ အစပြုခဲ့တဲ့ ဘီလ်ဂိတ်ရဲ့ Windows တက်ဘလက်ဟာ ၂၀၀၂ ခုနှစ်မှာတော့ ပြန်လည် အသက်ဝင်လာခဲ့ပါတယ်။ အဲ့ဒါကတော့ ၂၀၀၂ ခုနှစ်မှာ ဈေးကွက်တင်သွင်းဖြန့်ချိခဲ့တဲ့ Windows XP Tablet PC Edition မိုဘိုင်းကွန်ပျူတာလေးပဲ ဖြစ်ပါတယ်။ ဘော့ပင်နဲ့ ရေးသားပြီး အချက်အလက်ထည့်သွင်းနိုင်တဲ့ Pen Input စနစ်ကို ဒီတက်ဘလက်မှာ အသုံးပြုနိုင်ခဲ့ပြီး အဲ့ဒီအချိန်က ခေတ်ရှေ့ပြေးတဲ့ ကွန်ပျူတာ တီထွင်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။ ဘီလ်ဂိတ်အနေနဲ့လည်း ဈေးကွက်ဝေစု ရရှိမှု နည်းပါးပေမယ့် နည်းပညာဆန်းတဲ့ ဒီတက်ဘလက် ကွန်ပျူတာကို သူကိုယ်တိုင် ခုံခုံမင်မင် အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာတော့ လူသိများတဲ့ အခြေအနေတစ်ရပ်ကို ရောက်ရှိအောင် မကြိုးစားနိုင်ခဲ့ပါဘူး။


Fujitsu Stylistic


လက်ရှိအချိန်မှာ စက်လည်ပတ်မှု အမျိုးအစားစုံတဲ့ Stylistic စီးရီး တက် ဘလက်တွေ ကို အောင်အောင်မြင်မြင် ထုတ်လုပ်နေတဲ့ Fujitsu ဟာ Windows တက်ဘလက်တွေရဲ့ သမိုင်းကြောင်းမှာ ပါဝင်ခဲ့ဖူးတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ မျက်နှာပြင် အရွယ်အစား ၁၂ ဒဿမ ၁ ရှိတဲ့ တက်ဘလက် ကွန်ပျူတာ Stylistic 5010 ကို မိတ်ဆက်ပြသခဲ့ပါတယ်။ Keyboard နဲ့ မျက်နှာပြင်ကို စိတ်ကြိုက်လှည့်နိုင်တဲ့ ပုံစံနဲပ ဒီဇိုင်းဖန်တီးထားတာပါ။ အဲဒီနောက်ပိုင်းမှာလည်း Stylistic စီးရီးတက်ဘလက် ကွန်ပျူတာတွေကို ဆက်လက်ထုတ်လုပ်ခဲ့ပါသေးတယ်။


Lenovo ThinkPad X41


၂၀၀၅ ခုနှစ်မှာ ကျင်းပပြုလုပ်တဲ့ မိုက်ခရိုဆော့ဖ်ရဲ့ နည်းပညာ ပစ္စည်း မိတ်ဆက်ပြသပွဲမှာ အမှုဆောင် အရာရှိချုပ်ဖြစ်တဲ့ စတိဗ်ဘောမားက Lenovo အမှတ်တံဆိပ် ဒီတက်ဘလက်ကွန်ပျူတာလေးကို မိတ်ဆက်ပြသခဲ့ပါတယ်။ Windows XP ရဲ့ တက်ဘလက်စက်လည်ပတ်မှု စနစ်သစ်ကို အသုံးပြုထားတဲ့ တက်ဘလက်လေးပါ။


Microsoft Courier


စာအုပ်နဲ့တူတဲ့ တက်ဘလက်ကွန်ပျူတာတစ်လုံးကို မိုက်ခရိုဆော့ဖ်က ၂၀၀၈ ခုနှစ်မှာ ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့ပါတယ်။ ထိတွေ့မျက်နှာပြင် နှစ်ဖက်ပါဝင်တဲ့ ဒီတက်ဘလက် ကွန်ပျူတာတွေရဲ့ အမည်ကတော့ Courier ပါ။ ဈေးကွက်ထဲကို လုံးဝရောက်ရှိလာခြင်း မရှိတဲ့ ဒီတက်ဘလက်ကွန်ပျူတာဟာ Windows CE စက်လည်ပတ်မှု စနစ် အသုံးပြုထားတယ်လို့လည်း သိရပါတယ်။ စာဖတ်ရှုမှုတွေနဲ့ အချက်အလက်သိမ်းဆည်းမှုတွေ၊ အင်တာနက် အသုံးချမှုတွေကို ပြုလုပ်နိုင်တဲ့ အမျိုးအစားလေးပါပဲ။


Surface Tablet


မကြာခင်မှာ ဈေးကွက်နေရာဝင်ယူနိုင်တော့မယ့် မိုက်ခရိုဆော့ဖ်ရဲ့ အထူးခြားဆုံး တက်ဘလက်အမျိုးအစားပါ။ Windows 8 စက်လည်ပတ်မှု အသုံးပြုထားပြီး မိုက်ခရိုဆော့ဖ် ကိုယ်တိုင် ထုတ်လုပ်ထားတာကြောင့် လူစိတ်ဝင်စားမှုကိုလည်း အထူးခံနေရပါတယ်။ ဆန်းသစ်တဲ့ Feature ပေါင်းများစွာကို တွေ့မြင်ရမှာ သေချာနေပါတယ်။ မျက်နှာပြင် အရွယ်အစားက စိတ်ကျေနပ်စရာ အခြေအနေဖြစ်ပြီး ထိတွေ့စနစ်တွေအပြင် အရာဝတ္ထုတွေကို မှတ်သားနိုင်တဲ့ စနစ်လည်း ပါဝင်မှာ ဖြစ်ပါတယ်။


No comments:

Post a Comment