Tuesday 4 December 2012

ကုလားတန် စီမံကိန်း ပလက်ဝ ဆိပ်ကမ်း စတင်


အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း တည်ဆောက်နေသော ရခိုင်ပြည်နယ်မှ စတင်သည့် ကုလားတန်မြစ်ကြောင်း ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်း အစိတ်အပိုင်း ပလက်ဝ ဆိပ်ကမ်း ဆောက်လုပ်ရေး လုပ်ငန်းကို စတင်နေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ချင်းပြည်နယ် ပလက် ဝမြို့ အရှေ့ဘက်ခြမ်း ရှိ ဆိပ်ကမ်း ဆောက်လုပ်မည့်နေရာကို ပြီးခဲ့သည့် နိုဝင်ဘာ လလယ်ပိုင်းမှ စတင်၍ အိန္ဒိယနိုင်ငံသား ၀န်ထမ်းတချို့က စက်ယန္တရားများနှင့် မြေတူး၊ မြေညှိ လုပ်ကိုင်နေကြောင်း အမည် မဖော် လိုသူ ပလက်ဝ မြို့ခံ မျက်မြင်တဦးက ပြောပြသည်။
“သူတို့ ပြီးခဲ့တဲ့ လထဲမှာ ရောက်လာပြီး မြို့ထဲမှာ အိမ်နှစ်ဆောင်ငှားနေကြတယ်။ လူကတော့ ၁၀ ယောက် ၁၅ ယောက်ရှိတယ်။ အဲဒီ လူတွေက မြို့ရဲ့ အခြားတဘက်ခြမ်း ကုလားတန်မြစ် ခြားထားတဲ့ နေရာမှာ
မြေတူး၊ မြေကော် စက်တွေနဲ့ လုပ်နေကြတာကို မြင် ရတယ်”ဟု မြို့ခံက ပြောဆိုသည်။

ယင်းပလက်ဝမြို့ စီမံကိန်းအတွက် အစိုးရပိုင် ပလက်ဝ သစ်တောကြိုးဝိုင်း အတွင်း မြေ ၁၀ ဧကကျော်ကို လုပ်ပိုင်ခွင့်ပေးထား ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။၂၀၁၃ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်မည့် ကုလားတန်စီမံကိန်းကို အိန္ဒိယရူပီး ၁၁ ဒဿမ ၂၅ ဘီလီယံ(အမေရိကန် ဒေါ်လာ သန်း ၂၀၀ ကျော်) အကုန်ကျခံ တည်ဆောက်နေခြင်း ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလက စတင် အကောင် အထည်ဖော် လုပ် ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း၊ ထို စီမံကိန်း ပြီးစီးပါက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ တဆင့် ကုန်စည်များကို နိုင်ငံတကာသို့ တင်ပို့နိုင်ရန် ရည်ရွယ်လုပ် ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) မှ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်ကမူ ယင်း စီမံကိန်းသည် ရခိုင်ပြည်နယ်အတွက် အကျိုးရှိနိုင်သော်လည်း စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေး အထူး ဂရုစိုက်ရန် လိုအပ်သည် ဟု ပြောသည်။

“ဒီစီမံကိန်းက အိန္ဒိယနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ပေးမယ့် စီးပွားရေး လမ်းကြောင်းတခု ဖြစ်တာကြောင့် ရခိုင်ပြည်နယ် အတွက် အကျိုး ရှိလာနိုင်တဲ့ စီမံကိန်းတခု ဖြစ်ပါတယ်။ ဒါပေမယ့် မြစ်ကြောင်းချဲ့ထွင်
တဲ့အခါမှာ သဘာဝပတ်ဝန်းကျင် မပျက်စီး အောင်တော့ သတိထားဖို့ လိုပါတယ်”ဟု ၎င်းက ဆိုသည်။

ထိုစီမံကိန်းတွင် အိန္ဒိယ ပြည်ထဲရေး ၀န်ကြီးဌာနက အိန္ဒိယ ဘက်ခြမ်းတွင် ဖောက်လုပ်နေသည့် ပလက်ဝမြို့မှ မီဇိုရမ်ပြည်နယ် အထိ ၁၂၉ ကီလိုမီတာ ရှည်သော အဝေးပြေး ကားလမ်း၊ မြန်မာနိုင်ငံဘက်ခြမ်း ရခိုင်ပြည်နယ် စစ်တွေ ရေနက် ဆိပ်ကမ်းတခု၊ ပလက်ဝမြို့တွင်
ရေနက်ဆိပ်ကမ်းတခုနှင့် ယင်းဆိပ်ကမ်း နှစ်ခုကို ဆက်သွယ်မည့် ကုလားတန်မြစ်ကြောင်း ချဲ့ထွင်တူးဖော်ရေး တို့လည်း ပါဝင်သည်။

စီမံကိန်း အစိတ်အပိုင်း ဖြစ်သော စစ်တွေဆိပ်ကမ်း နှင့် ပလက်ဝဆိပ်ကမ်း တို့ကို အိန္ဒိယနိုင်ငံမှ Essar ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်နေကြောင်း သိရသည်။

စစ်တွေ ဆိပ်ကမ်း ဆောက်လုပ်ရာတွင် ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုများရှိခဲ့၍ ကန့်ကွက်မှုများ ဖြစ်ပွားခဲ့ ကြောင်း စစ်တွေမြို့ခံတဦးက ပြောသည်။

“ပလက်ဝ ဆိပ်ကမ်းမှာ ဘယ်လို လာမယ်တော့ မသိဘူး။ စစ်တွေဆိပ်ကမ်းဆောက်လုပ်တုန်းကတော့ အပမ်းဖြေ အနားယူတဲ့ စစ်တွေပွိုင့် ကမ်းခြေက သဲတွေကို ဆိပ်ကမ်းဆောက်လုပ်ရေးအတွက် စုတ်ယူ လို့ တော်တော်လေးကို ပျက်စီးခဲ့ရတယ်”ဟု စစ်တွေ မြို့ခံက ပြောဆိုသည်။
ထို ကုလားတန် စီမံကိန်း တည်ဆောက်ရေးအတွက် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူများ ၂၀၀၈ ခုနှစ်က လက်မှတ်ထိုး သဘောတူ ခဲ့ကြခြင်း
ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ


No comments:

Post a Comment