Friday 14 September 2012

Eleven Media Group ၏ www.elevenmyanmar.com အင်္ဂလိပ်ဘာသာဝက်ဘ်ဆိုက်သစ်ကို ထိုင်းနိုင်ငံတွင် စတင်မိတ်ဆက်ပြီး တရားဝင်လွှင့်တင်




Eleven Media Group ၏ သတင်းများကို အင်္ဂလိပ်ဘာသာဖြင့် ဖေါ်ပြမည့် www.elevenmyanmar.com ဝက်ဘ်ဆိုက်သစ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ The Nation Multimedia Group ရုံးချုပ်တွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က စတင်မိတ်ဆက်ပြီး တရားဝင် လွှင့်တင်ခဲ့သည်။


အဆိုပါ ၀က်ဘ်ဆိုက် လွှင့်တင်မှု အခမ်းအနားသို့ Eleven Media Group ၏ Chairman & CEO ဒေါက်တာ သန်းထွဋ်အောင်နှင့် The Nation Multimedia Group ဥက္ကဋ္ဌ Suthichai Yoon တို့ အပါအ၀င် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

www.elevenmyanmar.com ဝက်ဘ်ဆိုက်သည် မြန်မာနိုင်ငံ၏ နောက်ဆုံးရသတင်းများကို ကမ္ဘာတစ်ဝှမ်းမှ ပြည်သူများ ဖတ်ရှုနိုင်ရန် အချိန်နှင့်တစ်ပြေးညီ ဖေါ်ပြသွားမည့် ဝက်ဘ်ဆိုက်ဖြစ်သလို အဆိုပါ ဝက်ဘ်ဆိုက်ကို မိုဘိုင်းဖုန်း၊ သင်ပုန်းကွန်ပျူတာများမှ တစ်ဆင့် ဖတ်ရှုနိုင်ရန်လည်း စီစဉ်ထားသည်။

ယင်း www.elevenmyanmar.com ဝက်ဘ်ဆိုက်သစ်ကို မြန်မာနိုင်ငံတွင် Soft Opening အဖြစ် ၂၀၁၂ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှ စတင်ပြီး လွှင့်တင်ထားပြီးဖြစ်သည်။

Eleven Media Group  နှင့် ထိုင်းနိုင်ငံအခြေစိုက် The Nation Multimedia Group တို့အကြား အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန်အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမှုကို ၂၀၁၂ ခုနှစ် မေလ ၄ ရက်နေ့က ရန်ကုန်မြို့ တာမွေမြို့နယ် တောင်မြင်းပြိုင်ကွင်းလမ်းရှိ Eleven Media Group ရုံးချုပ်တွင် ပြုလုပ်ခဲ့ကြသည်။

ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် Media Group နှစ်ခုအကြား အယ်ဒီတာများ အပြန်အလှန်ဖလှယ်ပြီး reporting, training, news-room management နှင့် news media ဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပြီး အဆိုပါ သဘောတူညီမှုများအရ The Nation Multimedia Group အနေဖြင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများနှင့် သင်တန်းများ စီစဉ်ဆောင်ရွက်ပေး သွားမည်   ဖြစ်သည်။

The Nation Multimedia Group ၏ အကူအညီဖြင့် Eleven Media Group မှပေးပို့သည့် မြန်မာနိုင်ငံ၏ ထူးခြားသတင်းဖြစ်စဉ်များကို အာရှသတင်းကွန်ရက် (ANN) တွင် ဖော်ပြလျက်ရှိပြီး အာရှဒေသ တွင်း နိုင်ငံများအနေဖြင့်လည်း မြန်မာနိုင်ငံမှ သတင်းများကို ANN မှတစ်ဆင့် ဖတ်ရှုနိုင်ပြီဖြစ်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စက်တင်ဘာလ ၁၃ ရက်နေ့က ကျင်းပခဲ့သည့် အာရှသတင်းကွန်ရက် (ANN) ၏ ANN' Coordinators အစည်းအဝေးတွင်လည်း Eleven Media Group မှ အယ်ဒီတာများက Eleven Media Group နှင့် www.elevenmyanmar.com ဝက်ဘ်ဆိုက်သစ်ကို မိတ်ဆက်ရှင်းလင်းခဲ့သည်။

ထိုသို့ မိတ်ဆက်ရှင်းလင်းပြီးနောက် Eleven Media Group ၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ၊ မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ၊ မီဒီယာကဏ္ဍ၏ အနေအထားနှင့် ရခိုင်ပြည်နယ်ဖြစ်စဉ်၏ နောက်ဆက်တွဲအခြေအနေတို့နှင့် ပတ်သက်၍ တက်ရောက်လာကြသည့် လာအို၊ စင်ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာတို့မှ ANN ဆိုင်ရာ Coordinator များက   မေးမြန်းခဲ့ကြသည်။

အာရှသတင်းကွန်ရက် (ANN) ကို အာရှဒေသတွင်း ၁၈ နိုင်ငံမှ နာမည်ကြီးသတင်းစာ ၂၁ စောင်ဖြင့် စုဖွဲ့ထားခြင်းဖြစ်ပြီး (The Daily Star - ဘင်္ဂလားဒေ့ရှ်)၊ (KUENSEL - ဘူတန်)၊ (The BRUNEI TIMES - ဘရူနိုင်း)၊ ကမ္ဘောဒီးယား၊ (China Daily - တရုတ်)၊ (The China Post -  ထိုင်ဝမ်) ၊ (The Statesman - အိန္ဒိယ)၊ (The Jakarta Post -  အင်ဒိုနီးရှား)၊ (The Daily YOMIURI, The YOMIURI SHIMBUN - ဂျပန်)၊ (Vientiane Times -  လာအို)၊ (THE KATHMANDU POST -  နီပေါ)၊ (SIN CHEW DAILY - မလေးရှား) (STAR - မလေးရှား)၊ (DAWN -  ပါကစ္စတန်)၊ (PHILIPPINE DAILY INQUIRER -  ဖိလစ်ပိုင်)၊ (The STRAITS TIMES -  စင်ကာပူ)၊ (The Island -  သီရိလင်္ကာ)၊ (The Korea Herald -  တောင်ကိုရီးယား)၊ (The Nation -  ထိုင်း)၊ (Viet Nam News - ဗီယက်နမ်) တို့ ပါဝင်သည်။

ref:EMG

No comments:

Post a Comment