Friday 14 September 2012

ပြည်တွင်းပြန် နိုင်ငံခြားသား ခံယူထားသူများ၏ နိုင်ငံရေး ကစားကွက် နေရာ

ပြည်တော်ပြန် နိုင်ငံရေး/တော်လှန်ရေးသမားတွေကို ၅ နှစ် နေခွင့်ပြုဖို့ အစိုးရက စဉ်းစားနေတယ်လို့ သတင်းထဲမှာ ဖတ်လိုက်ရပါတယ်။

အဆိုပါ ပုဂ္ဂိုလ်တွေဟာ ဘယ်လိုအကြောင်းနဲ့ ပြည်တွင်းကို ပြန်ဝင်ဝင် .. အတော်များများက နိုင်ငံခြားတိုင်းပြည်ရဲ့ နိုင်ငံသားတွေအဖြစ်နဲ့ ပြည်ဝင်ခွင့် လျှောက်ပြီး နေကြရတာ ဖြစ်ပါတယ်။


ဒီတော့ ပြည်တော်ပြန်တွေ ပြည်တွင်းမှာ .. ပြည်သူအကျိုးအတွက် နိုင်ငံရေးသမား ပုံစံနဲ့ နိုင်ငံရေး ကစားကွက်ထဲ ဝင်ဖို့က ခက်ခဲပါတယ်။ အနိမ့်ဆုံး အဖြစ် နေထိုင်ခွင့် ရဖို့အတွက်တောင် ခက်ခဲပါတယ်။ နေထိုင်ခွင့် ကျော်သွားလို့ (over stay ဖြစ်လို့) အဖမ်းခံရရင် .. နိုင်ငံရေးကြောင့် ဖမ်းခံရတာ မဟုတ်လို့ ပြဿနာက ထင်သလောက် ရှင်းမနေပါဘူး။

ဒါကြောင့် နိုင်ငံရေး လုပ်မှာလား၊ လူမှုရေး လုပ်မှာလားဆိုတာ ပြည်တော်ပြန်တွေအနေနဲ့ လက်တွေ့ အခြေအနေကို သေချာတွက်ပြီးမှ ဖြေရမယ့်မေးခွန်း ဖြစ်လာပါတယ်။ နိုင်ငံရေး သမားအဖြစ် နိုင်ငံရေး ကစားပွဲထဲ ဝင်ကစားမယ်ဆိုရင်တော့ အခုလောလောဆယ် အခြေအနေမှာ ပြည်တွင်းက ပါတီ တစ်ခုခုရဲ့ ပါတီဝင် အဖြစ်တောင် လျှောက်ထားဖို့တောင် နိုင်ငံခြားသား ဖြစ်နေလို့ မရပါဘူး။ ကိုယ်တိုင် အဖွဲ့အစည်း ထောင်ဖို့ဆို ပိုဝေးပါတယ်။

လူမူရေးအဖွဲ့ရော အဖြစ်ရော။ ဒါလည်း ... မသေချာပါဘူး။ ပြည်တွင်းမှာ NGO(s) တွေအတွက် တိကျတဲ့ ရှင်းလင်းတဲ့ ဥပဒေကလည်း မရှိသေးပါဘူး။

ဒီတော့ .. ပြည်တော်ပြန်တွေအတွက် ပြည်တွင်းမှာ အလုပ် လုပ်နိုင်အောင် "နားလည်မှု" တို့၊ "လျှို့ဝှက်အပေးအယူ" တို့ .. "အစိုးရဝန်ကြီး တချို့နဲ့ လက်ဝါးချင်း ရိုက်မှု" တို့ လုပ်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုပုံဆို ပွင့်လင်းမြင်သာမှုကတော့ အားအတော် နည်းသွားတယ်။ ပွင့်လင်းမြင်သာမှု မရှိဘဲ ဒီပုံစံနဲ့ အမြဲံဆက်သွားနေမယ်ဆိုရင်တော့ တိုင်းပြည်အတွက် အန္တရာယ်ကြီးပါတယ်။

နောက်ပြီး တိုင်းပြည်အကျိုးအတွက် လုပ်မှာလား ... မိမိစီးပွားရေး ဂွင်အတွက် နယ်စပ်မှာ အနေကျပ်လို့ ဝင်လာကြတာလား ဆိုတာကလည်း လူတိုင်းရင်ထဲက ထုတ်မပြောပေမယ့် သိနေတဲ့ သံသယ မေးခွန်းပါ။ ဒါကြောင့် အခုလောလောဆယ်မှာ ပြည်တွင်းဝင်လာသူတွေအတွက် နိုင်ငံရေးကစားစရာ နေရာ မရှိသေးဘူးလို့ ပြောလို့ရပါတယ်။ အစိုးရ ဝန်ကြီးတွေနဲ့ လျှို့ဝှက် သဘောတူညီမှုတွေနဲ့ လုပ်မယ်ဆိုရင်တော့ .. မပြောတတ်ဘူးပေါ့။

အခုနောက်ဆုံးတော့ အစိုးရက နားလည်မှုရှိတယ်၊ သဘောထားကြီးတယ် ဆိုပြီး ၅ နှစ် နေထိုင်ခွင့် ပေးဖို့ စဉ်းစားတယ်ဆိုပြီး သတင်းထွက်လာပါတယ်။ ရုတ်တရက် ကြည့်ရင် သဘောထားကြီး သလိုလိုပါပဲ။ တကယ်တမ်းမှာတော့ .. မင်းတို့တွေ ၅ နှစ် တိတိ နိုင်ငံရေး ကစားပွဲထဲ လာမရှုပ်နဲ့လို့ တရားဝင် ကြေငြာလိုက်တာပါ။ ဝန်ကြီးတွေကလည်း အတိုင်းအတာ တစ်ခုအထိပဲ သဘောတူပြီး ... အကျိုးပျက်မယ့် ကိစ္စမြင်ရရင်တော့ .. မြောက်ပိုင်းကိစ္စနဲ့ မကင်းသူတွေအတွက် .. အဲဒီ အနိုင်ကွက်ကို ထုတ်သုံးနိုင်စရာ ရှိနေပါတယ်။ အကျိုးရှိနေသေးရင်တော့ မသိချင်ယောင် ဆောင်နေဦးမှာပါ။ အခြားလူတွေကိုတော့ နိုင်ငံခြားသား ဖြစ်မှုဆိုတာနဲ့ စည်းအပြည့်အဝ ခြားထားမှာပါ။

အထူးသတိထားဖို့ကတော့ ပြည်တော်ပြန် နိုင်ငံခြားသား ခံယူထားသူတွေအနေနဲ့ .. လက်တလော   ပြဿနာဖြစ်နေတဲ့ လက်ပံတောင်းတောင် ဧရိယာက ကိစ္စလို ဆန္ဒပြမှုတွေကို .. လူကိုယ်တိုင်သွားရောက် အားပေးတာမျိုး .. မလုပ်မိဘဲ ရှောင်ကျဉ်ဖို့ လိုအပ်တယ် ထင်ပါတယ်။ မဟုတ်ရင် .. နိုင်ငံခြားသားတွေ (သို့) ပြည်ပ အနှောက်အယှက်တွေက မြှောက်ပေးလို့ ဖြစ်လာတာ ဆိုပြီး .. အဖမ်းခံနေရသူတွေ အမှုပိုကြီးလာနိုင်လို့ ပါပဲ။

ဘာပဲ ပြောပြော အခုလောလောဆယ်မှာတော့ ပြည်တွင်း ပြန်ဝင်မယ့် နိုင်ငံခြားသား ခံယူထားသူတွေအတွက်ကတော့ အသိပညာ ဖလှယ်တာ၊ (လက်ခံရင်) အကြံပေး (သို့) အတိုင်ပင်ခံ လုပ်တာ၊ ပရဟိတ လုပ်တာ .. စတဲ့ အလုပ်တွေကို နောင် ၅ နှစ် အထိ ဆက်လက် လုပ်ကိုင် နေဖို့က လွဲပြီး ကျန်တာ ရွေးစရာ မရှိသေးပါ။

ကိုထိုက်

No comments:

Post a Comment