Sunday 12 August 2012

ပညာသင်နိုင်ရေး လုံခြုံရေးပေးရန် ဘူးသီးတောင်၊ မောင်တော ဒေသခံများ သမ္မတထံစာတင်မည်

ဆူပူ အကြမ်းဖက်မှုများ ပြန်လည် တည်ငြိမ်နေပြီဟု ပြည်နယ် အစိုးရ အဖွဲ့မှ တရားဝင် ထုတ်ပြန်ထားသော ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော ဒေသများတွင် အခြေခံ ကျောင်းများ ပြန်လည် မဖွင့်လှစ် နိုင်သည့် အတွက် ပညာသင်ယူခွင့် ဆုံးရှုံး နေသည့်ကျောင်းသူ၊ ကျောင်းသားများ ကျောင်းတက်နိုင်ရေး လုံခြုံရေး ချပေးရန် အဆိုပါ ဒေသမှရပ်မိရပ်ဖများ စုပေါင်းကာ နိုင်ငံတော် သမ္မထံ စာတင်သွား မည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဒေသတွင်း ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားစဉ် ဘူးသီးတောင်၊ မောင်တော ဒေသများမှ ကျောင်းဆရာ၊   ကျောင်းဆရာမများမှာ နေရပ် ပြန်သွားကြပြီး ကျောင်းများကိုပါ ယာယီ ပိတ်ထားခဲ့ရကြောင်း၊ အဆို ပါကျောင်း  များမှာ ယခုချိန်ထိ ပြန်ဖွင့်လှစ်နိုင်ခြင်း မရှိသည့်အပြင် ဆရာ၊ ဆရာမများပါ ပြန်မရောက်ရှိသေး သဖြင့် ကျောင်းသား သောင်းချီ ပညာသင်ယူခွင့် ဆုံးရှုံးနေရ ကြောင်း ဟု ဘူးသီးတောင်မြို့နယ် ဒုက္ခသည် များ ကူညီ စောင့်ရှောက်ရေး အဖွဲ့မှ ဦးညီညီက ဆိုသည်။

ဒီက ၁၀ တန်းအောင်ပြီးသား သူတွေ၊ နောက် ၁၀ တန်းကျတဲ့ သူတွေက သူတို့ရွာတွေမှာ ရှိတဲ့ မူလတန်း ကျောင်းသား တွေကို စာသင်မယ်။ အဲဒီအတွက် လုံခြုံရေး ပေးဖို့ တောင်းဆို သွားမှာပါ ၄င်းကဆို သည်။

သို့သော် အစိုးရ ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရန် စိန်ခေါ်မှု များစွာ ရှိသေးကြောင်း ဒေသခံများက သုံးသပ် ကြသည်။

ဦးပဇင်း ကျောင်းမှာတောင် ဒုက္ခသည် ၃၀၀ ကျော်ရှိသေးတယ်။ လုံခြုံရေးပေး မယ်ဆိုရင်တော့  ကလေးတွေ အတွက် ကောင်းတာပေါ့ ဟု မောင်တောမြို့အောင်မြေ ဗောဓိသာသနာ့ ရိပ်သာ အလိုတော်ပြည့် ကျောင်းမှ ကျောင်းထိုင် ဆရာတော်က မိန့်ကြားသည်။

ဘူးသီးတောင်၊ မောင်တောရှိ ဒေသရှိ ကျောင်းများကို ပြန်လည် ဖွင့်လှစ်ရန် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က စီစဉ်နေသော်လည်း ဒေသတွင်း ဆူပူမှုများ မူလ အနေထားသော ပြန်မရောက်ရှိသေးသဖြင့် ကျောင်းများ   ပြန်လည် ဖွင့်ပေးနိုင်ခြင်း မရှိသေးကြောင်း အဆိုပါအစိုးရ ဖွဲ့မှ အမည် မဖော်လိုသူ အကြီးတန်း အရာရှိ တစ်ဦးက ဆိုသည်။

ဇွန်လ ၈ ရက်နေ့က ပြန်ဖွင့်ဖို့ လုပ်သေးတယ်။မြို့ထဲမှာ ဗုံးဖောက်မယ်လို့ သတင်းတွေ ထွက်နေတော့ မဖွင့်ဖြစ်ခဲ့ဘူး ၄င်း က ဆိုသည်။

ရခိုင်ပြည်နယ် အတွင်း ဆူပူ အကြမ်းဖက်မှုများ ပြန်လည် တည်ငြိမ်နေပြီဟု ဆိုသော်လည်း ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များတွင် ကျောင်းပေါင်း ၄၆၀ ကျော် ပြန်လည် ဖွင့်လှစ်နိုင်ခြင်း မရှိဘဲ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား စုစုပေါင်း ရှစ်သောင်းကျော် ပညာသင်ယူခွင့် ဆုံးရှုံးလျက် ရှိကြောင်း ရခိုင်အမျိုးသား ကွန်ရက် (ရန်ကုန်) က ပြည်နယ် ပညာရေးဌာနက ရရှိခဲ့သော စာရင်း များအရ ကိုးကား ပြောဆိုသည်။

ရခိုင်ပြည်နယ်ရှိ မောင်တောမြို့နယ်တွင် သြဂုတ်လ ၆ ရက်နေ့မှ စ၍ အရေးပေါ် လုံခြုံရေး အင်အား တိုးချထားပြီး ဈေးများနှင့် ရုံးများ ကိုပါ ပိတ်ထားရန် ဒေသ အာဏာပိုင်များက အသိပေး ကြေညာလျက် ရှိကြောင်း အဆိုပါ ဒေသ အာဏာပိုင်များနှင့် မြိုခံများ ထံမှ သိရှိရသည်။

No comments:

Post a Comment