Thursday 7 January 2016

ဂျပန် နျူကလီးယား ဓာတ်အားပေးစက်ရုံတစ်ခု မီးလောင်သော်လည်း ရေဒီယို သတ္တိကြွ ယိုစိမ့်မှု မရှိ

ဟာမိုကာ နျူကလီးယား ဓာတ်အားပေး စက်ရုံကို အဝေးမှ တွေ့မြင်ရစဉ်
ဂျပန်နိုင်ငံရှိ နျူကလီးယားဓာတ်အားပေး စက်ရုံတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့သော်လည်း ရေဒီယိုသတ္တိကြွ ယိုစိမ့်မှုများ မရှိခဲ့ကြောင်း စက်ရုံကို စီမံကွပ်ကဲသည့် ကုမ္ပဏီက ကြေညာခဲ့သည်။
ဂျပန်နိုင်ငံ အလယ်ပိုင်းရှိ ဟာမိုကာ နျူကလီးယား ဓာတ်အားပေးစက်ရုံတွင် ဇန်နဝါရီ ၇ ရက်က မီးလောင်ကျွမ်းမှု ပေါ်ပေါက်ခဲ့သော်လည်း အလျင်အမြန် ငြှိမ်းသတ်နိုင်ခဲ့သလို နောက်ဆက်တွဲ မည်သည့် ထိခိုက်အန္တရာယ်မျှ မရှိနိုင်ကြောင်း ချူဘူလျှပ်စစ်ဓာတ်အား ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့သည်။

စက်ရုံရှိ ဓာတ်ပေါင်းဖို အမှတ် ၂ တွင် တပ်ဆင်ထား အိတ်ဇောပန်ကာ တစ်ခုမှ မီးစတင်လောင်ကျွမ်းခြင်းဟု ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ဆိုသည်။ အဆိုပါ ဓာတ်ပေါင်းဖိုကို ဖျက်သိမ်းရန် လုပ်ဆောင်နေပြီး ယခုလို မတော်တဆမီးလောင်မှု ပေါ်ပေါက်လာခြင်းဟုလည်း သိရသည်။

မီးလောင်ပြီးနောက် ပန်ကာကို ချက်ချင်းပိတ်လိုက်ပြီး တစ်နာရီမျှအကြာတွင် မီးကိုအောင်မြင်စွာ ငြှိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်ကျွမ်းမှု အစပြုရသည့် အကြောင်းရင်းကို စစ်ဆေးနေဆဲ ဖြစ်သည်။

အဆိုပါ ဓာတ်အားပေး စက်ရုံတွင် ဓာတ်ပေါင်းဖို အမှတ် ၁ နှင့် ၂ တို့ကို ဖျက်သိမ်းလျက်ရှိပြီး ဓာတ်ပေါင်းဖိုအမှတ် ၃၊ ၄ နှင့် ၅ တို့မှာလည်း အစိုးရက အသစ်ပြဋ္ဌာန်းလိုက်သည့် လုံခြုံရေးစံနှုန်းများနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးနေဆဲ ဖြစ်သည့်အတွက် ပိတ်သိမ်းထားရသည်။ လွန်ခဲ့သည့် ၅ နှစ်က ငလျင်နှင့် ဆူနာမီရေလှိုင်းများကြောင့် ဖူကူရှီးမား ဓာတ်အားပေးစက်ရုံ ယိုစိမ့်မှု ဖြစ်ပွားခဲ့သည့်နောက်ပိုင်း အစိုးရက ဓာတ်ပေါင်းဖိုများ၏ လုံခြုံရေး စံနှုန်းများကို မြှင့်တင်ခဲ့ခြင်း ဖြစ်သည်။

Ref: CNA

No comments:

Post a Comment