Thursday 7 January 2016

ရေတာရှည်မြို့တွင် ပေါက်ပြားဖြင့် ရေနုတ်မြောင်း တူးဖော်ရာမှ ဒုတိယ ကမ္ဘာစစ် လက်ကျန် ဗုံးသီးဟောင်း ၄၁ လုံး တူးဖော်တွေ့ရှိ

တူးဖော်တွေ့ရှိခဲ့သော ဗုံးသီးဟောင်းများအား မြင်တွေ့ရစဉ်
ပဲခူးတိုင်း ဒေသကြီး၊တောင်ငူခရိုင် ရေတာရှည်မြို့နယ်တွင် ဇန်န၀ါရီ ၇ ရက်၊ နံနက်ပိုင်းက၊ အိမ်ရှေ့ရေမြောင်း ဖောက်လုပ်ရန် ပေါက်ပြားဖြင့် မြေကြီးများ တူးဖော်ရာမှ ဒုတိယ ကမ္ဘာစစ် လက်ကျန် ဗုံးသီးဟောင်း ၄၁ လုံး တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီ ၇ ရက် နံနက် ၈ နာရီခွဲ အချိန်ခန့်က ရေတာရှည်မြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ ကရင်ချောင်းလမ်း၊ အိမ်အမှတ် ၇ နေ၊ ဦးသက်ခိုင်ထွန်း ၃၀ နှစ် (ဘ) ဦးဘိုနီသည် ၄င်းနေအိမ်ရှေ့ ခြံစည်းရိုးဘေးတွင် ပေါက်ပြားဖြင့် ရေနုတ်မြောင်း တူးဖော်နေစဉ် အလျား ၁၂ လက်မ၊ လုံးပတ် ၁၀ လက်မ၊ အချင်း ၃ လက်မခန့်ရှိပြီး သံချေးများ တက်နေသည့် ဒုတိယ ကမ္ဘာစစ် လက်ကျန် ဗုံးသီးဟောင်းနှစ်လုံး စတင်တွေ့ရှိခဲ့ကြောင်း သိရသည်။

ပေါက်ပြားဖြင့် ရေမြောင်းတူးရာမှ ဗုံးသီးနှစ်လုံး စတင်တွေ့ရှိပြီးနောက် ကိုသက်ခိုင်ထွန်းမှ ဆက်လက် မတူးရဲတော့ပဲ၊ ရေတာရှည် မြို့မရဲစခန်းသို့ သတင်းပို့ခဲ့သည်။ ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဥာဏ်ဝင်း၊ စခန်းမှူး ဒုရဲမှူး ကျော်ဇေယျနှင့်အဖွဲ့ ဗုံးသီးတွေ့ရှိရာ နေရာသို့သွားရောက်ကြည့်ရှု့ခဲ့ရာ တန်းစီပြီး မြှုပ်ထားသည့် သံချေးတက် ဗုံးသီးများအား တွေ့မြင်နေရ၍ ၄ ရပ်ကွက်နေသူများ အကူအညီဖြင့် စနစ်တကျ ဆက်လက်တူးဖော်ခဲ့ပြီးနောက် ပထမတွေ့ရှိသည့် ဗုံးသီးနှစ်လုံးနှင့် ပုံစံတူ၊ အရွယ်တူ ဗုံးသီး ၃၉ လုံးအား ထပ်မံတူးဖော် ရရှိသဖြင့် စုစုပေါင်း ၄၁ လုံး တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ဗုံးသီးတွေ့တာ ဟုတ်ပါတယ်၊ အိမ်ခြံရှေ့ ရေမြောင်းတူးရင်းနဲ့ တွေ့တာ၊ဗုံးသီးနှစ်လုံး စတွေ့တာနဲ့ စခန်းကို အကြောင်းကြားတာပေါ့၊ ၁၀ နာရီခွဲလောက်မှာ ဆက်တူးလိုက်တာ၊ ဗုံးသီးက ဒုတိယ ကမ္ဘာစစ်က ဗုံးသီးဟောင်းတွေ၊ တင့်ကားထဲထည့်၊ အမြှောက်ထဲ ထည့်တဲ့ဟာလားဘာလားတော့ မသိဘူးပေါ့၊ တပ်ကအရာရှိက အဆုံးအဖြတ်ပေးမှ ဘာလည်းသိရမှာ၊ တပခကိုတော့ သတင်းပို့ထားပြီ၊ သူတို့က လက်ခံပြီးတော့မှ ကျွန်တော်တို့က ဘာဆိုတာ သိပြီးတော့မှ လွှဲလို့ရမှာ၊ အခုမှတွေ့တဲ့ နေရာမှာ စောင့်ကြည့်တုန်းပဲ ရှိသေးတယ်၊ အားလုံးပေါင်း တွေ့တာ ၄၁ လုံး” ဟု ရေတာရှည် မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ဇေယျက ဗုံးသီးများ တွေ့ရှိမှု အခြေအနေအား ဇန်န၀ါရီ ၇ ရက်နေ့လည် ၁၂ နာရီခွဲခန့်က ပြောကြားသည်။

အဆိုပါ တူးဖော်တွေ့ရှိခဲ့သည့် ဗုံးသီးဟောင်း ၄၁ လုံးအား တောင်ငူမြို့နယ်၊ အမှတ် (၉၁၁) စစ်မြေပြင် အင်ဂျင်နီယာတပ်သို့ လွဲပြောင်းပေးအပ်နိုင်ရန်အတွက် (တ.ပ.ခ) နှင့် ဆက်သွယ် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

Writer: ဇော်ဝင်းချစ်(တောင်ငူ)
Eleven Media Group 

No comments:

Post a Comment