Thursday 7 January 2016

အ၀လွန်သည့် စားပွဲထိုးက တည်ခင်း ဧည့်ခံပါက အစာပိုစား ဖြစ်လေ့ရှိဟုဆို

အ၀လွန်နေသည့် စားပွဲထိုးက တည်ခင်း ဧည့်ခံသော စားသောက်ဆိုင်များတွင် စားသောက်သူများသည် အစားအစာများကို လိုအပ်သည်ထက် ပိုမိုမှာယူ စားသုံးလေ့ရှိကြောင်း နယူးယောက်ရှိ ကော်နဲ တက္ကသိုလ်နှင့် ဂျာမနီရှိ ယဲနား တက္ကသိုလ်တို့မှ သုတေသန ပညာရှင်များ၏ လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။
အ၀လွန်နေသည့် စားပွဲထိုးက တည်ခင်းပါက စားသုံးသူများသည် အချိုစာများကို မှာယူ စားသုံးနိုင်ခြေ (၄) ဆနှင့် အရက်သေစာများကို မှာယူသောက်သုံးနိုင်ခြေ (၁၇ ဒသမ ၆၅) ရာခိုင်နှုန်း ပိုများလေ့ ရှိကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။ သုတေသန ပညာရှင်များသည် ၀န်ဆောင်မှု အပြည့်ပါသော စားသောက်ဆိုင်များတွင် ညစာ စားသုံးသူနှင့် စားပွဲထိုး (၅၀၀) ခန့်ကို လေ့လာမှုများ ပြုလုပ်ခဲ့သည်။

ခန္ဓာကိုယ် အလေးချိန် အညွှန်းကိန်း (BMI) များသော စားပွဲထိုးက တည်ခင်းပါက အစားအစာ ပိုစားလေ့ ရှိကြောင်းကို ယခင် လေ့လာမှုများတွင်လည်း တွေ့ရှိခဲ့ပြီး ဖြစ်သည်။ BMI 25 နှင့် အောက်ကို ကိုယ်အလေးချိန် နည်းဟု သတ်မှတ်ပြီး (၂၅) နှင့် အထက်ကို ကိုယ်အလေးချိန် များသည်ဟု သတ်မှတ် ထားသည်။ အ၀လွန်သူက လူမှုရေး စံနှုန်းကို သတ်မှတ်သူ ဖြစ်သောကြောင့် စားသုံးသူသည် အစားအသောက်ကို ပိုမှာစားလေ့ရှိခြင်း ဖြစ်ကြောင်း ပညာရှင်များက ပြောသည်။

စားပွဲထိုး၏ သြဇာသက်ရောက်မှုကို မခံရစေရန် အတွက် စားသုံးသူများသည် စားသောက်ဆိုင်သို့ မသွားရောက်မီတွင် မည်သည့်အရာများကို စားသောက်မည်နှင့် အရက်ကို ရှောင်မည် အစရှိသည့် စည်းမျဉ်းများကို ကြိုတင် ချမှတ်ထားသင့်ကြောင်း ပညာရှင်များက အကြံပြုသည်။

သီချင်း အကျယ်ကြီး ဖွင့်ထားပြီး မီးကို လင်းထိန်နေအောင် ထွန်းထားသည့် စားသောက်ဆိုင်များတွင် အစားအစာများကို ပိုမိုမှာယူစားသုံးလေ့ ရှိကြောင်း ယခင်လေ့လာမှုများတွင် ဖော်ပြထားသည်။ ဂျက်ဇ် ဂီတကို နားထောင်ပါက အစားနည်းလေ့ ရှိကြောင်း ကော်နဲ တက္ကသိုလ်မှ ပညာရှင်များက တွေ့ရှိခဲ့သည်။

ထို့ပြင် ခက်ရင်းနှင့် သေးငယ်သော စက္ကူပန်းကန်ပြားများကို သုံးပြီးစားလျှင် အစားနည်းလေ့ရှိကြောင်း ဖလော်ရီဒါ တက္ကသိုလ်၏ လေ့လာမှုတွင် ဖော်ပြထားသည်။

Source:DM
Messenger News Journal

No comments:

Post a Comment