Thursday 7 January 2016

၂၀၁၈ နောက်ဆုံးထားပြီး အာကာသ အိမ်ခန်းမျိုး တီထွင်ဖို့ နာဆာကို ညွှန်ကြားထား

အင်္ဂါဂြိုဟ်ကဲ့သို့ ဝေးလံသော နေရာများသို့ လပေါင်းများစွာ အချိန်ယူပြီး သွားရာတွင် လူသားများ အဆင်ပြေပြေ နေနိုင်စေမည့် အာကာသ အိမ်ခန်းမျိုးကို ၂၀၁၈ ခုနှစ် နောက်ဆုံးထားပြီး ဖန်တီးဖို့ နာဆာကို အမေရိကန် လွှတ်တော်က ညွှန်ကြားလိုက်ပြီ။ ထိုအိမ်ခန်းမျိုးကို အင်္ဂါဂြိုဟ်သွား အာကာသယာဉ်တွင် ချိတ်ဆက်ထားမည် ဖြစ်သည်။
သုတေသနများ အင်တိုက် အားတိုက် လုပ်နိုင်စေရန်လည်း လွှတ်တော်သည် နာဆာကို ဒေါ်လာ (၅၅) သန်း ထပ်မံချထားပေးလိုက်ကြောင်း အာကာသ လေ့လာရေး သတင်းဌာန Space News က သတင်းဖော်ပြသည်။

ယခု ရန်ပုံငွေ လက်ခံပြီး ရက်ပေါင်း (၁၈၀) ပြည့်လျှင် တိုးတက်မှု အခြေအနေနှင့် ရန်ပုံငွေကို မည်သို့ သုံးစွဲထားသည် များကိုလည်း လွှတ်တော် အာကာသ လေ့လာရေး ကော်မတီသို့ နာဆာသည် အစီရင်ခံစာ တင်သွင်းရမည် ဖြစ်သည်။

နာဆာသည် အာကာသထဲတွင် လူသားများ အချိန်ကြာရှည်စွာ နေနိုင်စေမည့် အာကာသ အိမ်ခန်းမျိုး တီထွင်ဖို့ ပြီးခဲ့သည့် လများကတည်းက ကြေညာ ထားသော်လည်း ၂၀၂၀ နောက်ပိုင်းနှစ်များတွင်မှ လက်တွေ့ စမ်းသပ်ရန် ယာယီ သတ်မှတ်ထားသည်။

လွှတ်တော် ကော်မတီက ၂၀၁၈ နောက်ဆုံးထားပြီး အကောင်အထည်ဖော်ဖို့ နာဆာကို တွန်းအား ပေးလိုက်ခြင်း ဖြစ်သည်။ လက်တွေ့ စမ်းသပ်မှုများ ပြီးလျှင် (၁၀) နှစ်အတွင်း လူသားများကို အင်္ဂါဂြိုလ်ကဲ့သို့ ဝေးလံသော နေရာများကို စေလွှတ်ရန် လွှတ်တော် ကော်မတီက စီစဉ်နေသည်။

Source: Daily Mail
Messenger News Journal

No comments:

Post a Comment