Thursday 7 January 2016

အိုင်ဖုန်း တစ်လုံး ၀ယ်နိုင်ဖို့ ဘယ်နိုင်ငံတွေမှာ ဘယ်သူတွေ ဘယ်လောက် အလုပ်လုပ်ရလဲ

iPhone 6 တစ်လုံး ၀ယ်နိုင်ဖို့ နိုင်ငံအလိုက် အလုပ်လုပ်ရသည့် ပျမ်းမျှကြာချိန်
--------------------------------------------------------------------------------------
အိုင်ဖုန်းတစ်လုံး ၀ယ်နိုင်ဖို့ စာဖတ်သူ အချိန် ဘယ်လောက်ကြာကြာ အလုပ် လုပ်ရမည် ထင်ပါသလဲ။ စာဖတ်သူ နေထိုင်သည့် နိုင်ငံကို လိုက်ပြီး အချိန်အတိုအရှည် ကွာခြား သွားနိုင်ပါသည်။ နိုင်ငံတစ်နိုင်ငံချင်း အလိုက် နိုင်ငံသား တစ်ဦးချင်း ပျမ်းမျှဝယ်နိုင်အားပေါ် မူတည်နေသည်။
UBS ငွေကြေး ၀န်ဆောင်မှု လုပ်ငန်းက ကောက်ထားသော စာရင်းကို တင်ပြပါမည်။ အိုင်ဖုန်း တစ်လုံး၊ မက်ဒေါ်နယ် ဟမ်ဘာဂါ တစ်လုံး၊ ပေါင်မုန့် တစ်ကီလို သို့မဟုတ် ဆန်တစ်ကီလို ၀ယ်နိုင်ဖို့ အလုပ်လုပ်ရသည့် နာရီချင်း တစ်နိုင်ငံနှင့် တစ်နိုင်ငံမတူ။

ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့သားများ၊ အမေရိကန်နိုင်ငံ နယူးယောက် မြို့သားများက သုံးရက်လောက် (အလုပ်ချိန် ၂၄ နာရီ) အလုပ်လုပ်လိုက်ရုံနဲ့ အိုင်ဖုန်း ၀ယ်နိုင်သည့် ပိုက်ဆံရသည်။ နှိုင်းယှဉ်ရလျှင် ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့သားများ ကားရက် သတ္တပတ် (၁၃) ပတ် (အလုပ်ချိန် ၆၂၇ နာရီလောက်) လုပ်မှ အိုင်ဖုန်း ၀ယ်နိုင်သည့် ပိုက်ဆံရသည်။

ဟမ်ဘာဂါ တစ်လုံးဝယ်စားဖို့ ကင်ညာသား တစ်ယောက် သုံးနာရီလောက် အလုပ် လုပ်ရချိန်တွင် အမေရိကန်သား တစ်ယောက်က ဆယ်မိနစ်လောက် အလုပ်လုပ်ရုံနဲ့ ဟမ်ဘာဂါ ၀ယ်စားနိုင်သည်။ ဇူးရစ်မှာ ဆန်တစ်ကီလို ၀ယ်ဖို့ ငါးမိနစ်လောက် အလုပ်လုပ်ရုံနဲ့ လုံလောက်သော ပိုက်ဆံရသည်။ နိုင်ရိုဘီမှာ (၆၂) မိနစ်လောက်ထိ လုပ်ရသည်။

UBS သည် ကမ္ဘာတစ်ဝန်းမှ မြို့ပေါင်း (၇၁) မြို့၏ အခြေအနေကို စစ်တမ်း ကောက်ခဲ့သည်။ မြို့များကို နှိုင်းယှဉ်ကြည့်ရ အဆင်ပြေစေရန် ပြည်တွင်းငွေများကို ဒေါ်လာဈေးသို့ ပြောင်းထားသည်။ ၂၀၁၅ မတ်လ နှင့် ဧပြီလကြားတွင် ကောက်ထားသော စာရင်းများ ဖြစ်သည်။

၁၉၈၆ ခုနှစ်တွင် The Economist မဂ္ဂဇင်းသည် နိုင်ငံများ၏ ပျမ်းမျှဝယ်နိုင်အားကို စံနှုန်း တစ်ခုတည်း ပေါ်တင်ကာ နှိုင်းယှဉ်နိုင်စေရန် အတွက် (Big Mac Index) ကို တီထွင်ခဲ့သည်။ အဓိပ္ပါယ်ကား မက်ဒေါ်နယ် ဟမ်ဘာဂါ တစ်လုံး ၀ယ်စားနိုင်ဖို့ နိုင်ငံအသီးသီးမှ လူများ အလုပ်ချိန် မည်မျှ လုပ်ကိုင်ရသည်ကို တွက်ချက်ခြင်း ဖြစ်သည်။ အလုပ်ချိန်များများ လုပ်ရလေ နိုင်ငံ၏ စီးပွားအဆင့် နိမ့်ကျလေဟု အကြမ်းဖျင်း ဆိုနိုင်သည်။

Messenger News Journal

No comments:

Post a Comment