Friday 8 January 2016

အာဏာရှင်စော်နံရင် ပြန်ပြင်

ဗျို့အယ်ဒီတာ......

ပြောရဦးမယ်။ အမှန်တော့ ဘစီကပြောချင်လှတာ မဟုတ်ပါဘူးလေ။ ဒါပေသိ အယ်ဒီတာမင်း တွေက ရေးသာရေးပါမြှောက်ပေးလာတော့လည်း နဂိုကမှ ရွပိုး ထိုးနေတဲ့ ပြောချင်စိတ်က နိုးကြွ လာသဗျ။ နိုးကြွသော်ငြား အသေ အချာစဉ်းစားတဲ့အခါ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလိုများ ဖြစ် နေမလားလည်း စဉ်းစားရသေးဗျ။စဉ်းစားပြီး နိုးကြွားလာတဲ့ စိတ်ကို ဘယ်လိုပင် ချိုးနှိမ်ပေတဲ့ မရဘူး ဗျ။ ရေးချိန်တန်ပြီဆိုပါတော့လေ။
ဒီရက်ပိုင်းအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်က ဦးစီးဦးဆောင် တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်နဲ့ လွတ် လပ်တဲ့ အာရှအသံ (RFA)တို့ရဲ့ မေးမြန်းချက်က အတော်ပဲ ဟော့နေသဗျ။ လူထုထဲတော့ မသိဘူး။ ဘစီတို့ စာနယ်ဇင်းသမားတွေကြားထဲမှာတော့ လူပြောသူပြောများနေတယ်။ မေးတာကတော့ ဒီချုပ်က တင်မြှောက်မယ့် သမ္မတလောင်းနဲ့ အစိုးရအဖွဲ့စာရင်းကို ပါတီက ဘယ်တော့လောက် ကြေညာမလဲဆိုပြီး မေးတာ။

ဒါပေသိ ပါတီက ပြန်လည် ဖြေဆိုတဲ့ ဘဘကြီးက ဘာတွေ များစိတ်တိုနေသလဲ မသိပါဘူး ဗျာ။ လေသံမာမာနဲ့ အနှာလိုမေး လာတာကိုပဲ မနှစ်မြို့သလို ပြန် ဖြေတော့ ကြားရသူအပေါင်း ပါး စပ်ဟောင်းလောင်းဖြစ်ကုန်တာ ပေါ့ဗျာ။ ဘယ်လိုပါလိမ့်ပေါ့လေ။ ဘစီတို့လည်း ဘာပြောကောင်းမ လဲ။ အံ့တွေ သြကုန်တာပေါ့နော်။ အာဏာရှင်တွေ လက်ထက်မှာ တုန်းကတော့ စာနယ်ဇင်းသမား ကို ဟောက်တာ ဟန်တာတွေရှိခဲ့ ဖူးပါရဲ့ဗျာ။ ဒါကတော့ မဆန်းဘူး လေ။ အာဏာရှင်တွေကိုးခင်ဗျ။

အခုဟာက မကြာခင်က တစ်ပြည်လုံးက ပြည်သူတွေက အုန်းအုန်းကျွက်ကျွက်နဲ့ မဲထည့် လိုက်ကြတဲ့ ပါတီကြီးလေဗျာ။ အနှီရွေးကောက်ပွဲ အနိုင်ရပြီးသ ကာလ မကြာမီမှာ အစိုးဖွဲ့တော့ မယ့် ပါတီကြီးရဲ့ တာဝန်ရှိ လူကြီး မင်းတစ်ဦးက အခုလိုစာနယ်ဇင်း တစ်ခုရဲ့ အမေးကို တူးတူးခါးခါး လေသံများနဲ့ ဖြေဆိုသမှု ပြုလိုက် တာကတော့ဖြင့် အရပ်ရပ်ကဖြင့် ကြားလို့မှ မသင့်တာ အမှန်ပါပဲ ဗျာ။

ဘစီတို့ စာနယ်ဇင်းသမား တွေရဲ့ တစ်ခုတည်းသော မဟာ တာဝန်ကြီးဟာ ‘ပြည်သူတွေရဲ့ သိပိုင်ခွင့်’ကို ဖြည့်ဆည်းပေးဖို့ပဲ ခင်ဗျ။ အခု ဒီချုပ်က ဘဘကြီးကို RFA က မေးလိုက်တဲ့ မေးခွန်းဟာလည်းပဲ တမင် ‘‘ကျပ်’’တယ်လို့ ကျုပ်တို့ဖြင့် မမြင်ဘူးဗျ။ သူရို့မေးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သမ္မတလောင်းနဲ့ အစိုးရအဖွဲ့စာရင်းကို ဘယ်တော့ကြေညာမလဲဆိုတာ သတင်းဌာနတွေတင် မဟုတ်ဘူး။ လူထုထဲမှာလည်းလည်တဆန့်ဆန့် နားတစွင့်စွင့်နဲ့ မျှော်လင့်စောင့်စားနေကြတာပဲခင်ဗျ။ လူထုက သူတို့ရွေးချယ်တင်မြှောက်လိုက်တဲ့ နိုင်ငံရေးပါတီကြီးက ရွေးချယ်မယ့် သမ္မတ၊ ဖွဲ့စည်းမယ့် အစိုးရကို စိတ်ဝင်စားကြသဗျ။

ဒါကို ပါတီရဲ့ လူကြီးမင်းများ ဆီ မေးမြန်းပြီးသကာလ လူထုထံ ပြန်ပြီး အစီရင်ခံပေးဖို့က စာနယ် ဇင်းသမားတွေရဲ့ တာဝန်ပဲလေ ဗျာ။ တကယ်လို့ အကြောင်းအ ကြောင်းသော အကြောင်းများ ကြောင့် မဖြေနိုင်သေးဘူးဆိုရင် လည်းပဲ အေးအေးဆေးဆေးပြော လို့ရပါပြီကောဗျာ။ ဖြေဖို့ စော သေးတယ်ဆိုတဲ့ စကားနဲ့ လှလှပပပွဲပြတ်ပါသဗျ။ အခုတော့ ခက်က ရော။ သမ္မတလောင်းက ဘယ်သူ၊အစိုးရအဖွဲ့က ဘယ်သင်းစသဖြင့်စာရင်းမထွက်သေးလို့ ဒီချုပ်ကို ဝေဖန်နေရတဲ့ သူတွေကပဲ အပြစ် ဖြစ်ရပြန်သဗျ။

ဖြေဆိုသူ ဘဘကြီးရဲ့ စကား အရ ပြန်ပြီးဖောက်သည်ချရမယ် ဆိုရင်တော့ အနှီးမေးခွန်းထုတ်တဲ့ သူတွေရော၊ သတင်းဌာနတွေ ရော သိစေချင်တာက ဒေါ်အောင် ဆန်းစုကြည်ခေါင်းဆောင်တဲ့ ဒီမို ကရေစီအစိုးရဖွဲ့ဖြစ်ဖို့ ဆိုတာ နှစ် ပေါင်း ၂၇ နှစ်၊ ၂၈ နှစ်လောက် ဘ၀တွေနဲ့ ရင်းပြီး ရလာတဲ့ ရလဒ်။ အဲဒီရလဒ်ကို ခင်ဗျားတို့ သတင်း ဌာနက ငါးမိနစ်လောက်နဲ့၊ အပြောလေးနဲ့ ကိစ္စတွေ ရှုပ်ယှက်ခတ်နေတာ (အဲဒီနေရာမှာ စကားလုံးသွားလို့ သေချာမကြားရဘူးဗျ) မဖြစ်နိုင်ဘူးတဲ့လေ။ သတင်းဆောင်းပါးတွေ၊ ထင်မြင်ချက်တွေရေးတာလည်း ဝေဖန်တာစသဖြင့် လုပ်တာတွေကိုလည်း မလိုလားဘူးတဲ့။ သူရို့ထုတ်ပြန်တဲ့အထိ စိတ်ရှည်ရှည်နဲ့ စောင့်ကြတဲ့ခင်ဗျ။

နှစ်ပေါင်း ၂၇ နှစ်၊ ၂၈ နှစ် လောက် ဘ၀တွေနဲ့ ရင်းခဲ့ရတဲ့အ ထဲမှာ ပြည်ထောင်စုမြန်မာနိုင်ငံ သားအားလုံးလည်း ပါတာပေါ့ ဗျာ။ အခု အဲဒီပြည်သူတွေက လည်း ဒီချုပ်က အစိုးရဘယ်သူ တွေနဲ့ ဖွဲ့မလဲ၊ သမ္မတဘယ်သူ့ တင်မလဲဆိုတာသိခွင့်ရရင် သိချင်ပြီပေါ့ဗျာ။ သိခွင့်ရမလားလို့ သတင်းမီဒီယာက မေးတာကို အ လိုက်ကန်းဆိုးမသိရကောင်းလား စသည်အားဖြင့်တော့ သဟောက် သဟန်စကားမပြောကြားသင့်ဘူး ပေါ့ဗျာ။ သိရမလားလို့ မေးကြည့် တာ။ စောင့်ပါဆိုလည်း စောင့်ရုံ ပဲ။ ဘာတတ်နိုင်မှာလဲ။ ဘဘကြီး တို့ စကားနားထောင်ပြီး စောင့်ရုံ ရှိတာပဲဟာ။

ဒါပေသိ ဘယ်တော့လောက် အထိ စောင့်ရမှာလဲဆိုတာက လည်း ရှိသေးတာကိုး။ ဒီတော့ RFA ကလည်း မေးရပြီပေါ့။ ဘယ်တော့လောက်များ ဘဘကြီးတို့ဘက်က ကြေညာဖြစ်မယ်လို့များ အကြမ်းဖျင်းပြောလို့ မရဘူးလား။ အနှီမေးခွန်းကိုလည်း ဘစီတို့ရဲ့ ဇာတ်လိုက် ဘဘကြီးက သိပ်ကြည်ပုံမရပြန်ဘူး။ ဟောသလို ဖြေဆိုသဗျ။ အဲဒီမေးခွန်းက လွန်သွားပြီ။ ခုနကတည်းက အပြတ်ပြောလိုက်ပြီလေတဲ့။ ပြောချင်တဲ့၊ ပြောသင့်တဲ့ အချိန်ပြောမှာပေါ့တဲ့။ လိုအပ်လို့ လျှို့ဝှက်ထားတာ၊ မလိုအပ်ရင် မလုပ်ဘူးလေ။ မပြောသင့်ရင် မပြောဘူး။ ကျွန်တော်တို့ပြောရင်လည်း ခင်ဗျားတို့က ဝေဖန်ကြဦးမှာပဲ။ ပြောကြလေ။ အပြောခံရမှာလည်း မကြောက်ဘူးတဲ့။

ဒီမိုကရေစီနိုင်ငံရေးသမား အဝေဖန်ခံရမှာ မကြောက်ဘူး ကြားလို့ ၀မ်းသာသဗျ။ ဒါမျိုးတော့ဘစီတို့က အမှတ်ပေးသဗျ။ ရော့ ဗျာ၊ တစ်မှတ်။ လိုအပ်လို့ လျှို့ ၀ှက်ထားတယ်ဆိုတာလည်း ဘစီ တို့ ဘာများစောဒကတက်စရာရှိ သလဲဗျာ။ သူရို့ပြောမှ ကျုပ်တို့ လူထုက ကြားရမှာ မဟုတ်လား။ ဒါပေသိ ဘယ်အချိန်လောက်များ ကြားရပါ့မလဲ ခင်ဗျာ မေးတာကို ပြောသင့်တဲ့အချိန်ပြောမယ်ဆို တော့ အနှီပြောသင့်တဲ့ အချိန်ဆို သည်မှာ ဘယ်အချိန်လောက်ကို များ ညွှန်းဆိုလေသလဲမှန်းဆမရ တော့ အခက်သားကလား။ ရှေ့ မှာလည်း အချိန်တန်ရင် ပြောပါ့ မယ်၊ ဖြေပါ့မယ်၊ အသိပေးပါ မယ် တဖွဖွဆိုခဲ့ပြီးခါမှ ပြီးပြီး ပျောက်ပျောက်ဖြစ်ခဲ့ရတာတွေ လည်း နည်းမှတ်လို့။

RFA သတင်းဌာနရဲ့ အမေးထဲမှာ ခုနေခါ ဒီချုပ်အဖွဲ့ဝင်တွေဟာ မပြောရဲ မဆိုရဲဖြစ်နေကြတယ်ဆိုတာလည်းပါသဗျ။ ဒီမိုကရေစီ ဘဘကြီး ဖြေသမှုပြုတာကတော့ အနှီအဖွဲ့ချုပ်ဝင်တွေဟာ မပြောရဲမဆိုရဲဖြစ်နေတာမဟုတ်ဘူး။ ပြောချင်နေကြတာ။ မပြောရဘူးဆိုပြီး လူကြီးတွေက တားထားလို့တဲ့။ ဘာကြောင့်ဆို ၁၉၉၀ ရွေးကောက်ပွဲအပြီး ဦးကြည်မောင်ရဲ့ အပြောစကားတစ်ခွန်းကို တစ်ဖက်က အထအနကောက်ပြီး ဒီချုပ်ပါတီက လူ ၂၀၀ လောက်ကို ဖမ်းပြီး ထောင်ချခဲ့ဖူးတဲ့ သာဓကရှိလို့တဲ့ဗျ။

အေးဗျ။ အယ်ဒီတာရေ... အဲဒီအတိတ်တစ္ဆေခြောက်လှန့်မှုကြီးကလည်း နှစ်တွေက ကြာလာခဲ့တာ။ အခုထက်ထိ အချို့သူတွေစိတ်ထဲ ပျောက်ပဲ မပျောက်နိုင်သေးဘူးထင်သဗျ။ မှတ်မိမှာပေါ့။ ဒီချုပ်နဲ့ လမ်းခွဲလာတဲ့ သင်္ဃန်းကျွန်းက အမတ်ကြီးကလည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဒီချုပ်ပါတီ အနိုင်ရပြီး မကြာမီစကားအပြော အဆို ဆင်ခြင်ကြ၊ ၉၀ ရွေးကောက်ပွဲတုန်းက ဦးကြည်မောင်ရဲ့ စကား အမှားကြောင့် တိုင်းပြည်ခံခဲ့ရတာ အမှတ်ရကြဆိုပြီးသကာလ တပ် လှန့်လိုက်သေးပါသကော။

အဲသဟာရဲ့ အကျိုးဆက်က ပြီးခဲ့တဲ့လ ဘီဘီစီရဲ့ လွတ်လပ်အ တွေး ဆွေးနွေးဖလှယ်ပွဲမှာ စာဖတ် နေသူကြီးကို အရေးယူသင့်လား၊ မသင့်လား ဆွေးနွေးမယ်၊ ဘာ ညာထွက်လာတော့ ပွက်လောကို ရိုက်ကုန်ရော။ ဒါဟာ ရည်ရွယ် ချက်ရှိရှိနဲ့ တိုင်းပြည်ကို ဆူပူအောင်လုပ်တာလား ဘာလားပေါ့ဗျာ။ ဆို တော့ကာ ဘစီတို့မှာ အဲဒီအချက် ကြီးက အတော်ပဲ ခြောက်ပုံလှန့် ပုံရသဗျ။ အခု အာဏာအကူးအ ပြောင်း သုံးလကြားထဲမှာ စကား အမှားမခံနိုင်ဘူး ဘာဘူးစတာ တွေက အနှီအတိတ်တစ္ဆေရဲ့ ခြောက်လှန့်မှုလို့ပဲ ထင်သဗျ။

ဒါပေတဲ့ စာနယ်ဇင်းသမား မှာ မမေးရဘူးဆိုတဲ့၊ အသုံးမကျ တဲ့ မေးခွန်းဆိုတာမှ မရှိဘဲဗျာ။ မေးရင် ဖြေချင်မှ ဖြေပေါ့။ ဒီ့အ တွက်နဲ့ သတင်းဌာနတွေက တမင် ဖွလို့ပါ ဘာညာတော့ မလုပ်နဲ့ လေ။ သတင်းသမားက သတင်း သမားအလုပ်လုပ်မှာပဲ။ နိုင်ငံရေး သမားက နိုင်ငံရေးသမားအလုပ် လုပ်ပေါ့။ ကိုယ့်အဖြေ၊ ကိုယ့် စကားလည်ဝယ်ပါးနပ်မှုမရှိရင် တော့ အထအနကောက်တာခံရ မှာပဲ။ ကိုယ်အဖြေမတတ်တာ၊ အဖြေမနပ်တာကိုကျ မေ့ပြီး သတင်းသမားတွေက အဖွမေးခွန်းကြီးလာမေးလို့ပါဗျရယ်လို့ ထမင်းရေပူကို လျှာမလွှဲသင့်ပေဘူးဗျာတို့၊ ဟောက်လား ငမ်းလားမလုပ်သင့်ဘူး ဆရာတို့။

ကဲပါလေ။ ကျုပ်တို့ ဘဘ ကြီးဘက် ပြန်လှည့်ကြပါဦးစို့ရဲ့။ ကျုပ်တို့ ဘဘကြီးက ဒေါနဲ့ မောနဲ့ရှူးရှူးရှားရှားအဖြေစကားများ လွှတ်လေတော့ကာ တစ်ဖက်က မေးခွန်းမေးတဲ့ သတင်းသမားက လည်း ဟန်ပုံမရဘူးဆိုတာ ရိပ်မိ ပုံရတယ် ထင်ပါရဲ့။ မေးခွန်းကို ခပ်မြန်မြန်ပဲ လက်စသတ်လိုက် ရှာပါတယ်။ နောက်ဆုံးစကား ကျေးဇူးတင်ပါတယ် ပြောပြီး ဖြတ် ရော။ ဒါပေတဲ့ ကျုပ်တို့ ဘဘကြီး က တယ်ပြီး စိတ်ကြီးသကိုးဗျ။ ဘာပြန်ပြောတယ်မှတ်သလဲ။

ကျေးဇူးတင်မနေနဲ့။ ခင်ဗျား တို့ သတင်းဌာနတွေ မေးခွန်းတွေ ကို စဉ်းစဉ်းစားစားမေးကြတဲ့။ ပြောင်မြောက်တယ်နော်။ သူများ တွေဆို ဘယ်ရမတုံး။ မေးခွန်း မေးတဲ့သူကလည်း ကျေးဇူးတင်ပါတယ်ဆို ဖြေတဲ့သူလည်း ဟုတ်ကဲ့။ကျွန်တော်၊ ကျွန်မတို့ဘက်က လည်း အခုလိုလာရောက်မေးမြန်းတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘာညာအပိုဆာဒါးတွေ လုပ်နေ မှာ။ ကျုပ်တို့ ဘဘကြီးကျတော့ စစ်သားဟောင်းကြီးမို့ ထင်ပါရဲ့။ ပြတ်သဗျ။ ကျေးဇူးတင်မနေနဲ့။ နောင်ကျရင်သာ မေးခွန်းတွေ စဉ်း စဉ်းစားစားမေးကြတဲ့လေ။

ဒါနဲ့ ဘစီတို့လည်း စဉ်းစဉ်း စားစားနဲ့ ရေးလိုက်ပါတယ် အယ် ဒီတာရေ...။ မစဉ်းစားလို့လည်း မရဘူးလေ။ သူတို့က အာဏာရပါတီမဟုတ်လားခင်ဗျ။ ရှေ့ငါးနှစ်မှာ သူတို့နဲ့ပဲ စခန်းသွားရမှာ။ မတော် ကိုယ့်အပေါ် ရွှေစိတ်တော်ငြိုနေမှအခက်။ နို့ပေတဲ့ ဘဘကြီးက အပြောခံရမှာ မကြောက်ဘူးဆိုတော့ နည်းနည်းရေးအားရှိသပေါ့ဗျာ။ အဲဒါမှ ဒီမိုကရေစီစိတ်ထားခင်ဗျ။ ဟုတ်သလေ။ ဒီမိုကရေစီလို့ ပြောပြီး အာဏာရှင်စော်နံရင် တော့ ဘယ်ကောင်းမလဲဗျာ။ ဒီမို ကရေစီသမားတွေထဲမှာ အာဏာ ရှင်စော်နံလာရင်လည်း အချိန်မီ ဆင်ခြင်လို့ ပြင်သင့်တာ ပြင်ရမယ်မဟုတ်လား။ သိရဲ့သားနဲ့။ အာ ဏာရှင်ကို ဆန့်ကျင်နေတဲ့သူတွေ က အာဏာရှင်ပုံစံနဲ့ဆို ဘယ်ဟန်မှာလဲလို့။ တော်သေးပြီ။
ဘစီ

No comments:

Post a Comment