Thursday 7 January 2016

တစ်ပတ်လျှင် သုံးရက်ခန့် အရက်မသောက်ဘဲ နေရန် တိုက်တွန်း

ဗြိတိန် နိုင်ငံသားများ အနေဖြင့် ခန္ဓာကိုယ် အနားရစေရန် အတွက် တစ်ပတ်လျှင် သုံးရက်ခန့် အရက် မသောက်ဘဲ နေသင့်ကြောင်း ဗြိတိန်ရှိ ကျန်းမာရေး ၀န်ထမ်းရေးရာ အကြီးအကဲ ဆယ်လီ ဒေဗီစ်က ပြောဆိုခဲ့သည်။ ထို့ပြင် အမျိုးသားများ အနေနှင့်လည်း ဘီယာသောက်သည့် အခါတွင်လည်း တစ်ပိုင့်ခွဲခန့်သာ သောက်သုံးရန် ဆယ်လီ ဒေဗီစ်က အကြံပြုခဲ့သည်။ အမျိုးသမီးများသည်လည်း အရက်သောက်သည့်အခါ ခွက်ငယ် သုံးခွက်ထက် ပိုပြီး မသောက်ရန် ဒေဗီစ်က တိုက်တွန်းခဲ့သည်။
အရက် သောက်သုံးမှုနှင့် ပတ်သက်ပြီး မည်မျှအထိသာ သောက်သုံးပါက ဆိုးကျိုး မဖြစ်နိုင်ဆိုသည့် သတ်မှတ်ချက်များ မရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထား သည်။ အရက် သောက်သုံးမှုနှင့် ပတ်သက်သည့် လမ်းညွှန်ချက်များကို ဗြိတိန် အစိုးရသည် ၁၉၈၇ ခုနှစ်တွင် ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ဖူးသည်။

တစ်ရက်လျှင် အရက်တစ်ကြိမ် နှစ်ကြိမ် သောက်ရုံနှင့် ကင်ဆာ ဖြစ်နိုင်ခြေ များလာကြောင်း လေ့လာမှုများ ကလည်း ဖော်ပြနေသည်။ ဆယ်လီ ဒေဗီစ်က တစ်ပတ်လျှင် အမျိုးသမီးများသည် အရက်(၁၄) ခွက်နှင့် အမျိုးသားများသည် အရက် (၂၁) ခွက်ထက်ပိုပြီး မသောက်သင့်ကြောင်း ပြောဆိုခဲ့သည်။ ၀ိုင်ခွက် ထက်ဝက်ခန့်နှင့် ညီမျှသော ပမာဏကို တစ်ခွက်ဟု သတ်မှတ်ထားသည်။

အမျိုးသမီးများ တစ်ရက်လျှင် သုံးခွက်နှင့် အမျိုးသားများ တစ်ရက်လျှင် လေးခွက်ထက်ပိုပြီး မသောက်ရန် ဗြိတိန် အစိုးရသည် ၁၉၉၅ ခုနှစ်တွင် သတိပေးခဲ့ဖူးသည်။ တစ်ရက်လျှင် ၀ိုင်တစ်ခွက် ပုံမှန်သောက်လေ့ ရှိသည့် အမျိုးသမီးများသည် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ (၁၃) ရာခိုင်နှုန်း တိုးလာတတ်ကြောင်း သုတေသနများက ဖော်ပြနေသည်။

တစ်ရက်လျှင် အရက် နည်းနည်းသောက်လျှင်ပင် အသည်းရောဂါ ဖြစ်ပွားနိုင်ခြေ များလာတတ်သည်။ ဗြိတိန်သည် ဥရောပတွင် အသည်းရောဂါဖြင့် သေဆုံးသူ ဒုတိယမြောက် အများဆုံးနိုင်ငံ ဖြစ်သည်။

ဗြိတိန်တွင် အသည်းရောဂါ ဖြင့် သေဆုံးသူ ဦးရေသည် ၁၉၇၀ ခုနှစ်များစပြီး လေးဆ တက်လာကာ တစ်နှစ်လျှင် (၁၆၀၀၀) ဦး ရှိနေသည်။

Source:DM
Messenger News Journal

No comments:

Post a Comment