Thursday 16 July 2015

အာဇာနည်နေ့ကို ခုတုံးလုပ်၍ လုပ်မစားသင့်

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအနေဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မြင့်မြတ်သော ဂုဏ်ကို အမြတ်ထုတ်သည့် အပေါစားနိုင်ငံရေး မလုပ်သင့်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်လျက် ရှိကြောင်း သတင်းရရှိသည်။

ဇူလိုင်လ ၁၆ ရက်(ယနေ့) လွှတ်တော်တွင်း သတင်းထောက်များနှင့် တွေ့ဆုံရာတွင် “ဒီနှစ် အာဇာနည်နေ့ကို အမှတ်တရ ဖြစ်စေချင်တယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပြီး ယင်းပြောကြားချက်သည် နိုင်ငံ၏ အာဇာနည်ခေါင်းဆောင်ကြီးတစ်ယောက်ကို လုပ်စားသည့် သဘောသက်ရောက်နေကြောင်း ဝေဖန်နေကြခြင်း ဖြစ်သည်။ 

အမည်မဖော်လိုသော သတင်းထောက်တစ်ဦးက “အမေစုဆိုတာ ကမ္ဘာက အသိအမှတ်ပြုခံရတဲ့ ဒီမိုကရေစီ အိုင်ကွန်ပါ။ ဒါပေမယ့် အဲဒါ တစ်ခါက တစ်ဘဝ ဖြစ်သွားပြီလို့ ပြောရမယ်။ အခု ဒေါ်အောင်ဆန်းစုကြည် က ကိုယ့်ပါတီအနိုင်ရရေးကိုပဲ အလေးထားတဲ့ သူလို ကိုယ်လို နိုင်ငံရေးသမားတစ်ယောက် ဖြစ်သွားပြီ။ မွေးနေ့တုန်းကလည်း မဲပေးကြပါတဲ့။ အခုလို မြန်မာတစ်မျိုးသားလုံးရဲ့ ကျေးဇုးရှင်အာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့နေ့ကို အမှတ်တရဖြစ်အောင် NLD ကို မဲပေးပါဆိုတာကတော့ တကယ့်ကို အပေါစား စည်းရုံးရေးဖြစ်သွားပြီ။ ပြည်သူတွေ ခံစားနေရတဲ့ လူမှုဒုက္ခတွေကို ဖြေရှင်းပေးမယ့် မူဝါဒတွေ၊ နိုင်ငံစီးပွားရေးအတွက် မူဝါဒတွေ အစရှိတဲ့ မူဝါဒတွေကို ချပြတာမျိုး၊ NLD သာ အာဏာရခဲ့ရင် ဘာတွေ ဆောင်ရွက်ပေးမယ် ဆိုတဲ့ ကတိကဝတ်ပေးတာမျိုး မဟုတ်ပဲ အာဇာနည်နေ့ကို အကြောင်းပြုပြီး ကျွန်မတို့ ပါတီကို မဲပေးပါဆိုတော့ Facebook မှာ ကျွန်မကို ချစ်ရင် Like ပေးပါလို့ လုပ်တဲ့ ကောင်မလေးတွေနဲ့ သိပ်မထူးတော့ဘူး။ အပေါစားဆန်တယ်။ တမလွန်ကဗိုလ်ချုပ်သာ သိရင် တော်တော်လေး စိတ်မကောင်း ဖြစ်မှာ သေချာတယ်” ဟု ပြောကြားခဲ့သည်။

နာမည်ကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက “ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင်တွေဟာ တစ်နိုင်ငံလုံးနဲ့ ဆိုင်တာပဲဗျ ။ ဒေါ်စုက အာဇာနည်နေ့ကို အမှတ်တရ ဖြစ်အောင် သူ့ပါတီကို မဲပေးပါဆိုတော့ အာဇာနည် ခေါင်းဆောင်ကြီးတွေက NLD ပါတီဝင်တွေလိုလို၊ NLD ပါတီ ထူထောင်သူတွေလိုလိုဖြစ်သွားတာပေါ့။ မိဘ က အမွေများများချန်ခဲ့ရင် သားသမီးက သုံးစွဲရသလို မိဘက နာမည်ကောင်းခဲ့တော့ သားသမီးလဲ မျက်နှာရှိတယ် ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် လုပ်စားတာက များလွန်းသလားလို့။ ဘယ့်နှယ် ဗိုလ်ချုပ်မွေးနေ့ အကြောင်းပြု မဲဆွယ်လိုက်၊ အခု အာဇာနည်နေ့အကြောင်းပြုပြီး ပေါ်တင်မဲတောင်းလိုက်၊ ဗိုလ်ချုပ်ရုပ်ရှင် ဆိုပြီး လုပ်နေတာကတော့ ဘယ်ချောင်ရောက်နေလဲတောင်မသိဘူး။ တကယ်ကိုယ်ပိုင်အစွမ်းရှိရင် အဖေနာမည်သုံး မဲမဆွယ်နဲ့လေ” ဟုဆိုသည်။ 

နိုင်ငံရေးလေ့လာသူ ဦးနေထွန်း ကလည်း “ဒါကတော့ ဒေါ်စု အာဏာ ငမ်းငမ်းတက်နေလို့ ဗိုလ်ချုပ်ကိုတောင် မငဲ့ကွက်နိုင်တော့ဘဲ ဖြစ်သွားတယ် ထင်ပါတယ်။ အာဇာနည်နေ့ဆိုတာ အများကြီး နက်ရှိုင်းပါတယ်။ တိုင်းပြည်အတွက် အသက်စွန့်လွှတ်ခဲ့ရတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံလိုက်ရတဲ့နေ့၊ တစ်နိုင်ငံလုံး ငိုပွဲဆင်ခဲ့ရတဲ့နေ့၊ ဒီကနေ့အချိန်အထိ နှမြောတသ ယူကျုံးမရ ဖြစ်နေကြရတဲ့နေ့၊ ဒီလို နေ့ထူးနေ့မြတ်တစ်ခုကို ပါတီကို မဲပေး ဆိုတဲ့စကားနဲ့ ကိုယ်ကျိုးဖော်ဆောင်လိုက်တာကတော့ ၀မ်းနည်းစရာ ကောင်းပါတယ်။ မထင်မိဘူး။ ဒီလိုမျိုး သေသွားတဲ့ ကိုယ့်အဖေအရင်းကိုတောင် တန်ဖိုးမထားတော့ဘဲ လုပ်စားလာမယ် ဆိုတာ။ ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ တစ်မျိုးသားလုံးရဲ့ ခေါင်းဆောင်ပါ။ NLD ပါတီ ရွေးကောက်ပွဲ အနိုင်ရဖို့ ဗိုလ်ချုပ်တို့ပဲ သေပေးရသလိုလို ပြောနေတာမျိုးကတော့ ဆင်ခြင်သင့်တယ် ထင်ပါတယ်။ စိတ်လည်း ပျက်တယ် လို့ပဲ ပြောချင်ပါတယ်” ဟု ဆိုသည်။

ပြည်သူ့အာဏာ

No comments:

Post a Comment