Monday 20 July 2015

မဲစာရင်း မှားယွင်းမှုကြောင့် ရွေးကောက်ပွဲ နောက်သို့ ရွှေ့ဆိုင်းမည် မဟုတ်

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ထုတ်ပြန်ထားသော မဲစာရင်း မှားယွင်းမှုကို အကြောင်းပြပြီး ရွေးကောက်ပွဲ နောက်သို့ ရွှေ့ဆိုင်းကျင်းပမည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က The Voice သို့ ပြောကြားသည်။
မဲစာရင်း မှားယွင်းမှုများကို အချိန်လုံလောက်စွာ ပြင်ဆင်နိုင်ရေးအတွက် အထွေထွေရွေးကောက်ပွဲကို သုံးလ နောက်ဆုတ်ကျင်းပပေးရန် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ စာပေးပို့ထားခြင်းနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
အထွေထွေရွေးကောက်ပွဲကို လက်ရှိ လွှတ်တော်သက်တမ်း မကုန်မီ ရက်ပေါင်း ၉၀ အတွင်း ကျင်းပပြုလုပ်ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲကော်မရှင် နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသောကြောင့် ရွေးကောက်ပွဲ သတ်မှတ်ရက်ကို နောက်ဆုတ်ရန် မဖြစ်နိုင်ကြောင်း ၎င်းက ရှင်းသည်။
“အခု မဲစာရင်းကလည်း အခြေခံမဲစာရင်းလေ၊ ပြင်ဆင်လို့ ရအောင်လည်း လမ်းတွေ ဖွင့်ပေးထားတယ်။ ရက်တွေ ထပ်တိုးပေးထားတယ်။ နောက်တစ်ကြိမ်လည်း ပြင်ဆင်ခွင့် ရှိပါသေးတယ်။ မရွှေ့နိုင်ဘူးဆိုတာ အကြောင်းပြန်ထားပါတယ်” ဟု ၎င်းက ဆိုသည်။
အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ထုတ်ပြန်ထားသော မဲပေးပိုင်ခွင့်ရှိသူ အခြေခံမဲဆန္ဒရှင်များ စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းထုတ်ပြန်ထားသော မဲစာရင်းများတွင် အမှားအယွင်းများ များပြားနေခြင်းကြောင့် ပြင်ဆင်သည့် အချိန်လုံလောက်စွာ ရရှိစေရေး ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို သုံးလ နောက်ဆုတ်ပေးရန် ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ မြန်မာနိုင်ငံ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက စာပေးပို့ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသော မဲစာရင်းများကို ပြင်ဆင်နိုင်ရန် ခွင့်ပြုရက်ကို ထပ်မံတိုးမြှင့်ထားပြီး သြဂုတ်လအတွင်း တစ်နိုင်ငံလုံးရှိ မဲဆန္ဒရှင်များ စာရင်းကို ဒုတိယအကြိမ် ထုတ်ပြန်မည်ဖြစ်ကြောင်း ကြေညာထားသည်။
ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။
the voice

No comments:

Post a Comment