Thursday 16 July 2015

ကျူးကျော်များ မဲပေးခွင့်ရရေး ကြိုးပမ်းမည်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ကတိပြု

အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများရှိ ကျူးကျော်များ မဲပေးခွင့်ရရှိရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ကတိပြု ပြောဆိုထားသည်ဟု ရွေးကောက်ပွဲ ပညာပေးနှင့် လေ့လာစောင့်ကြည့်ရေး မိတ်ဖက်များအဖွဲ့ EEOP က တာဝန်ခံ ဦးညီညီကျော်က ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ရွေးကောက်ပွဲ ပညာပေးနှင့် လေ့လာစောင့်ကြည့်ရေး မိတ်ဖက်များအဖွဲ့ EEOP တို့ ဇူလိုင်လ ၁၄ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် ယင်းသို့ ကတိပြုခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျူးကျော်နေထိုင်သူတွေ မဲပေးခွင့်ရရှိဖို့ ကျွန်တော်တို့ မေးမြန်းခဲ့ပါတယ်၊ အထူးသဖြင့် ရန်ကုန်က ကျူးကျော်နေထိုင်သူတွေနဲ့ ပတ်သက်ပြီး ကော်မရှင်က စိုးရိမ်မှု ရှိနေပါတယ်။ ဘာလို့လဲဆိုတော့ နေထိုင်ပိုင်ခွင့်နဲ့ မဲပေးခွင့် ကိစ္စပေါ့ ။ကျူးကျော်နေထိုင်သူတွေ ရွှေ့ပြောင်းလုပ်သား များပါတယ်။ နေရပ်လိပ်စာ အတည်တကျ မရှိတော့ မဲပေးဖို့ ခက်လိမ့်မယ် ရန်ကုန်မှာတော့ အရမ်းများပါတယ်” ဟု ဦးညီညီကျော်က ဆိုသည်။

ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများသည် ရပ်ကွက်တစ်ခုအတွင်း ၆ လဆက်တိုက် နေထိုင်သူဖြစ်ပါက ရွေးကောက်ပွဲကော်မရှင်၏ မဲစာရင်း ပုံစံ ၃ (က) ဖြည့်စွက်ပြီး မဲပေးခွင့်ရရှိမည် ဖြစ်ကြောင်းနှင့် ကျူးကျော်များ မဲပေးနိုင်ရေးအတွက် တိကျသည့် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ မရှိသေးကြောင်း EEOP ရန်ကုန်တာဝန်ခံ ဒေါ်မြနန္ဒာသင်းက ထောက်ပြပြောဆိုသည်။

ဇူလိုင်လ ၁၄ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် EEOP အဖွဲ့တို့ တွေ့ဆုံစဉ် ရွှေ့ပြောင်းနေထိုင်သူများ မဲပေးခွင့်ရရေးစုံစဉ် မှတ်ပုံတင် အိမ်ထောင်စုစာရင်း မပါရှိသည့် ကျေးလက်နေ ပြည်သူများနှင့် ရွှေ့ပြောင်းလုပ်သားများ မဲပေးခွင့်ရရှိရေး၊ ရပ်ကွက်ကျေးရွာ ကော်မရှင် အဖွဲ့ခွဲများတွင် လုံလောက်စွာ ထားရှိနိုင်ရေး၊ ပဋိပက္ခဖြစ်ပွားသည့် ဒေသများတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ သွားလာရခက်ခဲသည့် ဒေသများတွင် မဲဆန္ဒရှင်များ မဲပေးနိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်များ ဆွေးနွေးခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly 

No comments:

Post a Comment