Thursday 16 July 2015

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေး ဆန္ဒပြမှုကြောင့် ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် တကသအဖွဲ့ဝင် ကျောင်းသားနှစ်ဦးအား မြို့နယ်တရားရုံး နှစ်ရုံးတွင် စတင်ရုံးထုတ်

ဇူလိုင် ၁၅ ရက်က ရုံးထုတ်ချိန်တွင် အချုပ်ကားပေါ်၌ မြင်တွေ့ရသည့် တကသအဖွဲ့ဝင် ကျောင်းသားနှစ်ဦးဖြစ်သည့် ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့အား ဇူုလိုင် ၁၅ ရက်က ကျောက်တံတားမြို့နယ် တရားရုံးတွင် တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်) 
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေး ဆန္ဒပြ တောင်းဆိုမှုကြောင့် အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသည့် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) အဖွဲ့ဝင် ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့ကို ဇူလိုင် ၁၅ ရက်တွင် ပန်းဘဲတန်းမြို့နယ် တရားရုံးနှင့် ကျောက်တံတားမြို့နယ် တရားရုံးတို့၌ စတင် ရုံးထုတ်ခဲ့ကြောင်း သိရသည်။


ယင်းနေ့တွင် ၎င်းတို့နှစ်ဦးအား ပန်းဘဲတန်းမြို့နယ် တရားရုံးနှင့် ကျောက်တံတားမြို့နယ် တရားရုံးတို့တွင် ရုံးထုတ်၍ သက်ဆိုင်ရာက ချုပ်ရက်ရမန် ဆက်လက်ရယူကာ ဇူလိုင် ၂၄ ရက်တွင် ထပ်မံရုံးထုတ်မည်ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

“ဆဲဗင်းဇူလိုင်ပွဲ လုပ်ပြီးတဲ့အခါ ကျွန်တော်စီးလာတဲ့ကားကို ရဲတပ်ဖွဲ့ဝင်တွေက ကားနဲ့ရှေ့နောက် ကားပိတ်ပြီး ဖမ်းတယ်။ ဖမ်းတဲ့အခါမှာ ကျွန်တော့်ကို ထိုးကြိတ်ကန်ကျောက်တာတွေရှိတယ်။ ကျွန်တော်တို့ အနေနဲ့ ထောင်ထဲမှာ ကြားခဲ့ရတာက NLD ရွေးကောက်ပွဲဝင်မယ်လို့ ကြားသိရပါတယ်။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေကို အမှန်တကယ် အကျိုးပြုမယ့်ပါတီ၊ လူထုခေါင်းဆောင်ကိုပဲ မှန်မှန်ကန်ကန် ရွေးချယ်ဖို့ မျှော်လင့်ပါတယ်။ ရွေးကောက်ပွဲ နီးလာပေမယ့်လည်း နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ၊ လယ်သမားတွေ၊ ကျွန်တော်တို့ ကျောင်းသားတွေ ထောင်ထဲရောက်နေပေမယ့်လည်း ပြည်သူလူထုက အများအကျိုးကို ဆောင်ရွက်နိုင်မယ့် အစိုးရကို မဲပေးဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ ကျောင်းသားတွေ ထောင်ထဲရောက်နေပေမယ့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့၊ လွှတ်တော်အတွင်းက တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားရေးကို ဆက်လက်တောင်းဆိုနေမှာပါ” ဟု တကသ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်က ပန်းဘဲတန်း တရားရုံး၌ The Daily Eleven သတင်းစာနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် ငြိမ်း၊ စု၊ စီ ပုဒ်မ-၁၈ တို့ဖြင့် တရားစွဲခံထားရသည့် တကသအဖွဲ့ဝင် ကျောင်းသားနှစ်ဦး၏ အမှုအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေ အထောက်အကူပြုအဖွဲ့ ရှေ့နေများမှ လိုက်ပါ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

“ကိုနန်းလင်းကို တရားခံပြေးဖြစ်ကြောင်း ဟုတ်မဟုတ် ရဲတွေ၊ ဒေသခံအုပ်ချုပ်ရေးမှူးတွေကို စစ်ဆေးပြီး တရားခံပြေးအဖြစ် ကြေညာပြီးမှ ဇေယျာလွင်တို့နှစ်ဦး အမှုကို စစ်ဆေးမှာပါ” ဟု ၎င်းတို့နှစ်ဦး၏ အကျိုးဆောင် ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက မီဒီယာများအား ပြောကြားသည်။

တကသ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူတို့ အပါအ၀င် အဖွဲ့ဝင် ကျောင်းသားအချို့ ဦးဆောင်ကာ ပြည်သူများနှင့် ပူးပေါင်း၍ ဇွန် ၃၀ ရက်က သိမ်ကြီးဈေးရှေ့မှ စတင်ကာ မြို့တော်ခန်းမရှေ့အထိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်းရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေးအတွက် လမ်းလျှောက်ဆန္ဒပြမှုဖြင့် ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူတို့ကို ပန်းဘဲတန်း မြို့မရဲစခန်းမှ ပုဒ်မ-၁၈၊ ပုဒ်မ-၅၀၅ (ခ)၊ ကျောက်တံတား မြို့မရဲစခန်းမှ ပုဒ်မ-၁၈ တို့ဖြင့် အမှုဖွင့် ဖမ်းဝရမ်းထုတ်ခဲ့ပြီး ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့ကို ဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်။

Eleven Media Group 

No comments:

Post a Comment