Thursday 16 July 2015

သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသားများအမှု ဇူလိုင် ၁၇ တွင် အပြီးသတ် စီရင်ချက်ချမည်

တရားရုံးတွင် အပြစ်မရှိဟုထွက်ဆိုခဲ့သဖြင့် အစမှပြန်လည်စစ်ဆေးနေသော တရုတ်နိုင်ငံသား ၁၅၀ ကျော် ဖမ်းမိခဲ့သည့် ဝိုင်းမော်မြို့နယ် တရားမဝင်သစ်မှောင်ခိုထုတ်ယူသည့်အမှုကို လာမည့်ဇူလိုင် ၁၇ ရက်၌ အပြီးသတ်စီရင်ချက်ချမည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

တရားမဝင် သစ်မှောင်ခို လုပ်ငန်း လုပ်ကိုင်မှုဖြင့် တရားစွဲ ဆိုခံထားရသော တရုတ်နိုင်ငံသား ၁၅၅ ဦးက အပြစ်မရှိကြောင်းထွက်ဆိုခဲ့သဖြင့် တရားရုံးက ပြန်လည်စစ်ဆေးရန် ဇွန်လတွင် ချမှတ်ခဲ့သည်။

 ‘‘တစ်ပတ်ကို ဗုဒ္ဓဟူးနေ့ တစ်ရက်ပဲ နားတာပါ။ တရားရုံး က လက်ခံလိုက်ပြီး သောကြာနေ့မှာ အမှုစီရင်ချက်ချတော့မယ်’’ဟု ဝိုင်းမော်မြို့နယ် သတင်းရဲတပ်ဖွဲ့ ရုံးမှ တာဝန်ရှိသူတစ်ဦးကပြော သည်။

ပြစ်ဒဏ်ချမှတ်ရန် တရားရုံး သို့ အမှုတွဲတင်သွင်းစဉ် တရုတ်နိုင်ငံသားများက အပြစ်မရှိကြောင်း ငြင်းဆိုခဲ့သဖြင့် အမှုကို ဇူလိုင်ပထမပတ်မှစတင်ပြီး တစ်ပတ်လျှင်လေးရက်နှုန်းဖြင့် အစအဆုံးပြန်လည်စစ်ဆေးခဲ့သည်။

တရားစွဲဆိုခံရသော တရုတ် နိုင်ငံသား ၁၅၀ ကျော်ကို တရား ရုံးက ဇူလိုင် ၁၃ ရက်၌ တစ် ပြိုင်တည်း အမှုစစ်ဆေးခဲ့ခြင်းဖြစ် သည်။

တရားစွဲဆိုခံရသော တရုတ် နိုင်ငံသားများ ကို ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ဝါရှောင်၊ မန်ဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံးဒေသတို့တွင် တပ်မတော်လေကြောင်းကင်းထောက်မှုဖြင့် ဇန်နဝါရီ ၂ ရက်မှ ၁၁ ရက်အတွင်း ဖမ်းဆီးရရှိသူများဖြစ်သည်။ ၎င်းတို့ကို ခိုးထုတ်သစ်များနှင့်အတူ မူးယစ်ဆေးဝါးများ၊ တရုတ်ယွမ်ငွေနှင့် ယာဉ်ယန္တရား ၅၀၀ ကျော်ကိုပါ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

 ဖမ်းဆီး ရမိသူများသည် တရားမဝင်နေထိုင်မှုဖြင့် လဝက ဥပဒေဖြင့် ပြစ်ဒဏ်ချခံထားရပြီး လက်ရှိတွင် ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည်။

ဖမ်းဆီးစဉ်ကမူ မူးယစ်ဆေး ဝါးများ ယှဉ်တွဲပါရှိသောကြောင့် သုံးစွဲထားပါက ပုဒ်မ ၁၅ ဖြင့် ထောင်ဒဏ်သုံးနှစ်မှ ငါးနှစ် ကျခံရမည်ဖြစ်ပြီး လက်ဝယ်ထားရှိသူ ဖြစ်ပါက ထောင်ဒဏ်အနည်းဆုံးငါးနှစ်မှ ဆယ်နှစ်၊ တစ်သက်တစ်ကျွန်းနှင့် သေဒဏ်အထိ ချမှတ် နိုင်သည်။ ဖမ်းဆီး ရရှိသူများသည် မြန်မာ့ပိုင်နက် နယ်မြေအတွင်း လူအင်အား တစ်ရာကျော်ဖြင့် သယံဇာတခိုးယူနေသောကြောင့် မြန်မာနိုင်ငံ အချုပ်အခြာအာဏာ ကို ထိပါးခြင်းဖြစ်၍ သေချာကိုင် တွယ်ဖြေရှင်းရမည်ဟု နိုင်ငံရေး စောင့်ကြည့်လေ့လာသူများက ဝေဖန်သုံးသပ်ကြသည်။

7Day DAILY 

No comments:

Post a Comment