Thursday 16 July 2015

တပ်မတော်က အင်အားသုံး နယ်မြေရှင်းလင်းမှုများ ဆက်လုပ်ပါက အာရှလမ်းမကြီး ဖွင့်ပွဲနေ့တွင် တုံ့ပြန်မည်ဟု DKBA ဆို

နှစ်ဖက်တိုက်ပွဲများ ရပ်တန့်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်း မရှိဘဲ တပ်မတော်က အင်အားသုံး နယ်မြေရှင်းလင်းမှုများ ဆက်လက်လုပ်ဆောင်ပါက အာရှလမ်းမကြီး ဖွင့်ပွဲနေ့တွင် စစ်မျက်နှာဖွင့် တုံ့ပြန်မည်ဖြစ်ကြောင်း ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောကြားသည်။

မြဝတီ-ကော့ကရိတ်လမ်းပိုင်းကို တပ်မတော်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF တို့ ပူးပေါင်းထိန်းချုပ်ထားပြီး ကော့ကရိတ်မြို့နယ်အတွင်း DKBA တပ်စခန်းများ ရှိရာသို့ တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

နှစ်ဖက်တိုက်ပွဲများ လျှော့ချနိုင်ရေးအတွက် မြဝတီ-ကော့ကရိတ်လမ်း အနီးရှိ DKBA တပ်များကို ပြန်လည်ရုပ်သိမ်းထားသော်လည်း တပ်မတော်က နယ်မြေရှင်းလင်းရေးများ ထပ်မံလုပ်ဆောင်နေပြီး နေ့စဉ်ထိတွေ့မှုများ ဖြစ်ပွားနေကြောင်း ဗိုလ်မှူးကြီး စောဆန်းအောင်က ဆိုသည်။

ယင်းသို့ ဆွေးနွေးညှိနှိုင်းမှုမရှိဘဲ အင်အားသုံး တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ပါက အာရှလမ်းမကြီး ဖွင့်ပွဲနေ့တွင် ပြန်လည်တုံ့ပြန်ရန် DKBA က ဆုံးဖြတ်ထားကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ နှစ်ဖက်ထိတွေ့မှု မဖြစ်အောင်ဆိုပြီး လမ်းပိုင်းကနေ ခွာထားတယ်။ အဲဒါကို ဆက်ပြီးတိုက်ခိုက်နေတာ ဆိုတော့ ကျွန်တော်တို့ ဘာဆက်လုပ်ရတော့မလဲ” ဟု ၎င်းကဆိုသည်။

ထို့အပြင် စင်ကာပူနိုင်ငံသို့ ဆေးကုသမှု ခံယူနေသော DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားဘွယ်ထံသို့ ဆေးကုသစရိတ်လွှဲရန် ရန်ကုန်မြို့သို့ ထွက်ခွာလာသော DKBA ကလိုထူးဘော စစ်ဌာနချုပ် ဗိုလ်မှူးဝေ့ထူးနှင့် ကော့ကရိတ်မြို့နယ် ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးစောသရဲနီတို့ကို ဇူလိုင်လ ၁၃ ရက်နေ့တွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း တပ်မတော်က ဖမ်းဆီးထားပြီး ယနေ့အထိ လွတ်မြောက်လာခြင်း မရှိသေးကြောင်း DKBA က အတည်ပြုသည်။

ယင်း မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဇူလိုင်လ ၉ ရက်နေ့မှ စတင်ကာ တပ်မတော်နှင့် BGF တို့ ပူးပေါင်းထိန်းချုပ်ထားခြင်း ဖြစ်ပြီး မော်တော်ယာဉ် ဖြတ်သန်းခွင့်ကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း ခွင့်ပြုထားသော်လည်း ကော့ကရိတ်မြို့နယ်အတွင်း ပစ်ခတ်မှုများ ဆက်လက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းပစ်ခတ်မှုများ ဖြစ်ပွားနေခြင်းနှင့်ပတ်သက်ပြီး BGF တပ်ဖွဲ့ ဗိုလ်မှူးနိုင်မောင်ဇော်က “ဒါကတော့ တပ်ရဲ့ သဘောတရားအရ တစ်နေရာကို နယ်မြေရှင်းလင်းမယ်ဆိုရင် လက်နက်ကြီးနဲ့ အရင်ရှင်းတယ်။ အဲဒီနားမှာ ဘယ်သူမှ မနေရဲအောင်လို့ ကြိုရှင်းတာပေါ့။ ပြီးမှ ခြေလျင်တပ်က ဝင်ရှင်းတယ်။ ဒါမျိုးပါ” ဟု ဆိုသည်။

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် တိုးဂိတ်ဖွင့်လှစ်ကာ မော်တော်ယာဉ် ဖြတ်သန်းခ ကောက်ခံနေသော DKBA တပ်ဖွဲ့ဝင်များနှင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်သော တပ်မတော်စစ်ကြောင်းတို့ ဇူလိုင်လ ၂ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နှစ်ဖက်တိုက်ပွဲများအတွင်း အာရှလမ်းသစ်ပေါ်တွင် ထိတွေ့မှုပေါင်း အကြိမ် ၂၀ နှင့် လမ်းဟောင်းတွင် ထိတွေ့မှု ၁၉ ကြိမ် ဖြစ်ပွားခဲ့ပြီး DKBA ဘက်မှ အလောင်းလေးလောင်းနှင့် တပ်ဖွဲ့ဝင်သုံးဦး ဖမ်းဆီးမိကြောင်း၊ တပ်မတော်ဘက်မှ အရာရှိ၊ စစ်သည်အချို့ ကျဆုံးကြောင်း တပ်မတော်ပိုင် မြဝတီသတင်းဌာနက ဇူလိုင်လ ၁၁ ရက်နေ့က ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment