Thursday 4 June 2015

မြန်မာပြည်မှ အရေးကြီးကိန်းဂဏန်းများ

နှစ်ပေါင်းသုံးဆယ်ကျော်ကြာ မကောက်ယူဖြစ်ခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းပင်မအစီရင်ခံစာကို မေလ ၂၉ ရက်တွင် အစိုးရက ထုတ်ပြန်လိုက်ပြီဖြစ်သည်။
၂၀၁၄ မတ်လတွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအချက်အလက်များနှင့် ပတ်သက်၍ ရှေ့ပြေးအစီရင်ခံစာကို ၂၀၁၄ သြဂုတ်လတွင် ထုတ်ပြန်ခဲ့ရာ အများမျှော်မှန်းထားသည့် လူဦးရေအရေအတွက်ထက် လျော့နည်းနေသည့်အတွက် ထိုစဉ်က စောင့်ကြည့်လေ့လာသူများက အံ့သြခဲ့ကြသည်။မြန်မာနိုင်ငံ၏ လူဦးရေမှာ သန်း ၆၀ အနည်းဆုံးရှိမည်ဟု ခန့်မှန်းထားကြရာမှ ရှေ့ပြေးလူဦးရေသန်းခေါင်စာရင်း ထွက်ပေါ်လာသည့်အခါတွင် ၅၁ သန်းကျော်သာ ရှိနေခဲ့ခြင်းကြောင့်ဖြစ်သည်။

ထိုစဉ်က ပြည်ပရောက် မြန်မာနိုင်ငံသားများ ပါဝင်မှုမရှိသေးခြင်းကြောင့် ပင်မအစီရင်ခံစာထုတ်ပြန်ချိန်တွင် လူဦးရေထပ်တိုးလာမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့သည်။

ယခု ပင်မသန်းခေါင်စာရင်းထုတ်ပြန်ရာတွင် ထပ်တိုးလူဦးရေမှာ ခြောက်သောင်းငါးထောင်ကျော်သာ ရှိနေခဲ့သည့်အတွက် ကနဦးထုတ်ပြန်ချက်လူဦးရေနှင့် သိသာစွာကွာဟမှုမရှိကြောင်း စောင့်ကြည့်သူများက ဆိုသည်။

တိုင်းပြည်နှင့် ပြည်သူလူထု၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများချမှတ်ရာတွင် အထောက်အကူပြုနိုင်ရန် သန်းခေါင်စာရင်း ကိန်းဂဏန်းအချက်အလက်များမှာ အဓိကကျသော်လည်း ယခုထုတ်ပြန်လိုက်သည့် သန်းခေါင်စာရင်း ပင်မအစီရင်ခံစာအရရရှိလာသည့် ကိန်းဂဏန်းအချက်အလက်အချို့မှာ လက်တွေ့နှင့် သွေဖည်ကွာဟမှုများရှိနေရာ ထိုစာရင်းကို မူတည်၍ ရေးဆွဲဆောင်ရွက်မည့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများမှာ အားနည်းချက်များရှိလာမည်ကို သန်းခေါင်စာရင်းလေ့လာသူများက စိုးရိမ်နေကြသည်။

ရှေ့ပြေးအစီအရင်ခံစာ၌ မြန်မာနိုင်ငံလူဦးရေမှာ ၅၁,၄၁၉,၄၂၀ ဦးရှိပြီး ပင်မအစီရင်ခံစာတွင် ၅၁,၄၈၆,၂၅၃ ဦးဖြစ်သည်ဟု ဖော်ပြထားသည်။

‘‘ကျွန်တော်တို့ ထုတ်ပြန်ချက်မှာ နိုင်ငံခြားရောက်မြန်မာဦးရေ ပေါင်းပြီးထုတ်ပြန်ထားတာမရှိပါဘူး။ သီးခြားအနေနဲ့ပဲ ဖော်ပြပေးထားတယ်။ ဒါကြောင့် မြန်မာနိုင်ငံတွင်းမှာရှိတဲ့ လူဦးရေက မူလထုတ်ပြန်ထားတဲ့ အရေအတွက်နဲ့ ကွာဟမှုသိပ်မရှိတာပါ’’ဟု ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်ကပြောသည်။

၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမထုတ်ပြန်မီက မြန်မာနိုင်ငံ၏ လူဦးရေကို နောက်ဆုံးထုတ်ပြန်ခဲ့သည့် သန်းခေါင်စာရင်းလူဦးရေအပေါ် အခြေခံ၍ ဆတိုးတွက်ချက်ခဲ့ရာ သန်း ၆၀ ခန့်ရှိမည်ဟု ယူဆထားခဲ့ခြင်းသာဖြစ်ပြီး အမှန်တကယ်တွင် လူဦးရေမွေးဖွားနှုန်းမှာ ခန့်မှန်းတွက်ချက်ထားသည်ထက် လျော့နည်းနေခဲ့သည့်အတွက် နောက်ဆုံးသန်းခေါင်စာရင်းထွက်ပေါ်ချိန်တွင် ခန့်မှန်းထားသည်ထက် လျော့နည်းနေခဲ့ခြင်းဖြစ်သည်ဟု လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှေ့ပြေးသန်းခေါင်စာရင်းထုတ်ပြန်သည့် ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် နေထိုင်သူများ သန်းခေါင်စာရင်း လူဦးရေတွင် ထည့်သွင်းထားပြီး နိုင်ငံခြားရောက်ဦးရေကို ပေါင်းလိုက်ပါက မြန်မာနိုင်ငံသားဦးရေမှာ ၅၃ သန်းခန့်ဖြစ်သွားမည်ဟု ၎င်းကဆိုသည်။

၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် မြန်မာပြည်လူဦးရေအား ၅၁ သန်းဟု ပြုစုလိုက်သည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေထောက်ခံပွဲနှင့် ၂၀၁၀ ရွေးကောက်ပွဲတို့တွင် မြန်မာပြည်လူဦးရေအား သန်း ၆၀ ဖြင့် တွက်ချက်လုပ်ဆောင်ပြခဲ့သည့် မသမာမှုများကို သက်သေပြစရာဖြစ်နေခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့က ထောက်ပြပြောကြားသည်။

‘‘အခုသန်းခေါင်စာရင်းက ၅၁ သန်းလို့ အတည်ပြုလိုက်တော့ လာမယ့်ရွေးကောက်ပွဲမှာ ဘယ်ကမှန်းမသိတဲ့ ကိုးသန်းသောသူတွေရဲ့ဒုက္ခတော့ ငြိမ်းသွားတာပေါ့’’ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးမင်းသိန်းကပြောသည်။

သန်းခေါင်စာရင်းထုတ်ပြန်ချက်တွင် လူဦးရေအညွှန်းဖော်ပြရာ၌ အသက်(၁၆)နှစ်နှင့် အထက်ကိုသာ ရည်ညွှန်းမှုများရှိသောကြောင့် မဲပေးနိုင်မည့် အသက်(၁၈)နှစ်အထက် လူဦးရေကို ခန့်မှန်းသိရှိရခြင်းမရှိသောကြောင့် ယခုထုတ်ပြန်ချက်မှာ လာမည့်ရွေးကောက်ပွဲအပေါ် ထိရောက်စွာ အကျိုးဖြစ်ထွန်းမှုမရှိနိုင်ဟု ၎င်းကသုံးသပ်သည်။

ပင်မအစီရင်ခံစာအရ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားဦးရေမှာ နှစ်သန်းခန့်ရှိမည်ဟု ခန့်မှန်းဖော်ပြထားသည်။ ယင်းပမာဏ၌ အမျိုးသား ၁ ဒသမ ၂ သန်း( ၆၁ ရာခိုင်နှုန်း) ရှိသည်ဟုဆိုသည်။ ထိုင်းတွင် အဆိုပါလူဦးရေ၏ ၇၀ ရာခိုင်နှုန်း၊ မလေးရှားတွင် ၁၅ ရာခိုင်နှုန်း ရောက်ရှိနေသည်။ ကျန်လူဦးရေမှာ အခြားနိုင်ငံအသီးသီးသို့ ရောက်ရှိနေကြသည်ဟုဆိုသည်။

သို့သော် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ မူလခန့်မှန်းချက်မှာမူ ထိုင်းနိုင်ငံတစ်ခုတည်းသို့ ရောက်ရှိနေသည့် မြန်မာအလုပ်သမားဦးရေမှာ နှစ်သန်းခွဲကျော်ရှိသည်ဟု ထုတ်ဖော်ပြောကြားထားသည့်အတွက် သန်းခေါင်စာရင်းခန့်မှန်းချက်များနှင့် ကွဲလွဲနေသည်။

ပြည်ပရောက် အလုပ်သမားဦးရေမှာ သုံးသန်းကျော်ရှိနေသည်ဟု အလုပ်သမားဝန်ကြီးဌာနက ခန့်မှန်းထားပြီး တိကျသည့် ကိန်းဂဏန်းရရှိရန်မှာ ခက်ခဲကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မျိုးအောင်က ပြောသည်။

ပင်မသန်းခေါင်စာရင်းထုတ်ပြန်ချက်မှာ ခန့်မှန်းချက်လူဦးရေစာရင်းများနှင့် ကွာဟနေခြင်းကြောင့် ဝေဖန်မှုအချို့ရှိနေသော်လည်း ရာနှုန်းပြည့်နီးပါး မှန်ကန်ထိရောက်စွာ ကောက်ယူလုပ်ဆောင်နိုင်သည့် လုပ်ငန်းစဉ်တစ်ခုအဖြစ် နိုင်ငံတကာသန်းခေါင်စာရင်းကောက်ယူမှုဆိုင်ရာ ပညာရှင်များက ကြေညာမှုပြုလုပ်ထားကြသည်။

ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်စဉ်က လူဦးရေဆိုင်ရာ အချက်အလက်များကိုသာ ဦးစားပေးထုတ်ပြန်ပေးနိုင်ခဲ့ပြီး ယခုဒုတိယအကြိမ်ထုတ်ပြန်သည့် ပင်မစာရင်းတွင်မူ အိမ်ထောင်စုဆိုင်ရာ အချက်အလက်အချို့ကိုပါ ပူးတွဲထုတ်ပြန်ပေးနိုင်ခဲ့သည်။

အဆိုပါအချက်အလက်များမှာ တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်တိကျစွာ လုပ်ဆောင်နိုင်ရန် အထောက်အကူပြုသည့်အတွက် အမျိုးသားရေးအောင်မြင်မှုတစ်ရပ်ဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပင်မသန်းခေါင်စာရင်းအစီရင်ခံစာ ထုတ်ပြန်သည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

ထုတ်ပြန်ချက်များထဲတွင် ကျား/မ အချိုးကွာခြားမှု၊ အလုပ်လက်မဲ့ဦးရေစာရင်း၊ ကျောင်းနေအရွယ်ဦးရေ၊ မုဆိုးဖို၊ မုဆိုးမဦးရေများနှင့် ပတ်သက်သော အချက်အလက်များ၊ အိမ်ပိုင်ဆိုင်မှုအချိုးများကိုပါ ထည့်သွင်းထုတ်ပြန်ခဲ့သည်။

‘‘ဒီကိန်းဂဏန်းအချက်အလက်တွေက နိုင်ငံအတွက် တကယ်ကိုအရေးပါပါတယ်။ သက်ဆိုင်ရာကဏ္ဍအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ အရင်လို စမ်းတ၀ါးဝါးဖြစ်မနေတော့ဘူး။ ဘယ်လောက်အထိ မှန်ကန်မှုရှိလဲဆိုတာက စီမံကိန်းတွေ လုပ်ဆောင်တဲ့အခါမှ ရလဒ်ကိုကြည့်ပြီး သိရမှာပါ’’ဟု လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန အကြီးတန်းအရာရှိတစ်ဦးက မှတ်ချက်ပြုသည်။

အစီရင်ခံစာဖော်ပြချက်အရ ကျား၊ မ အချိုးကွာဟမှုမှာ ၁၉၈၃ နှင့် ၁၉၇၃ ခုနှစ်များထက် ယှဉ်ပါက ကွာဟမှုပိုများလာသည့်ဟု စစ်တမ်းက ဖော်ပြထားသည်။ ၂၀၁၄ သန်းခေါင်စာရင်း၌ အမျိုးသမီးဦးရေမှာ အမျိုးသားဦးရေထက် ၁ ဒသမ ၈၃ သန်း ပိုများနေသည်ဟု ဆိုသည်။ ထို့ကြောင့် အမျိုးသမီး ၁၀၀ လျှင် အမျိုးသား ၉၃ ဦးဖြစ်သည်။ ၁၉၈၃ နှင့် ၁၉၇၃ ခုနှစ်များက အမျိုးသမီး ၁၀၀ လျှင် အမျိုးသား ၉၈ ဒသမ ၆ ဦးနှင့် ၉၈ ဒသမ ၈ ဦးနှုန်းရှိသည်။

ထိုသို့ ကျား၊ မ အချိုးကွာဟချက်များလာခြင်းမှာ ဆယ်ကျော်သက်အရွယ်၌ ကျားသေဆုံးမှုနှုန်း မြင့်နေခြင်းကြောင့်ဖြစ်သည်ဟု အစီရင်ခံစာ၌ သုံးသပ်ထားသည်။

အိမ်ထောင်ရှိအမျိုးသမီး ၅၇ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး မုဆိုးမအချိုး ၁၀ ဒသမ ၄ ရာခိုင်နှုန်းရှိကာ အိမ်ထောင်ရှင်အမျိုးသားအရေအတွက် ၆၁ ဒသမ ၄ ရာခိုင်နှုန်းအနက် မုဆိုးဖိုအချိုး ၃ ဒသမ ၁ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။

ကျား၊ မ အချိုးကွာဟမှုတွင် အမျိုးသမီးဦးရေမှာ ပိုများနေသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးနှင့် အရက်သေစာသောက်စားမှုကြောင့် ဆယ်ကျော်သက်အရွယ် အမျိုးသားများ သေဆုံးမှုမြင့်တက်နေခြင်းနှင့် ဆက်စပ်နေသည်ဟု သုံးသပ်မှုများရှိနေသော်လည်း ယင်းအချက်များကြောင့်ချည်းမဟုတ်ဘဲ အခြားအကြောင်းအရာများကလည်း ကျားဦးရေလျော့ကျခြင်းကို ဖြစ်ပေါ်စေသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးကပြောသည်။

‘‘ပတ်ဝန်းကျင်ကသူတွေကို ကြည့်လိုက်ရင် မိန်းကလေးမွေးဖွားနှုန်း များလာတာတွေ့မှာပါ။ ဒါကအကြောင်းတစ်ချက်ပေါ့။ အသက်အရွယ်အလိုက် သေဆုံးမှုမှာဆိုရင်လည်း အဘိုးတွေက အဘွားတွေထက် အသက်ပိုစောဆုံးကြတာ တွေ့ရတယ်။ ကျွန်တော်တို့ လူမှုဝန်ထမ်းလက်အောက်က အဘိုးအဘွားစောင့်ရှောက်ရေးဂေဟာတွေကိုပဲ အဘွားဦးရေက အဘိုးဦးရေထက် ထက်ဝက်ကျော်ပိုများနေတယ်။ ဒါက အချိုးကွာဟမှုအတွက်ဖြစ်နိုင်တဲ့ အကြောင်းရပ်တွေပါ။ အရက်သေစာနဲ့ မူးယစ်ဆေးကြောင့် ကျားသေဆုံးမှုများတာကလည်း ဆက်စပ်ပါတယ်။ နောက်ထပ်သတိထားရမှာက ယာဉ်မတော်တဆမှုလိုမျိုး အက်ဆီးဒင့်ဖြစ်စဉ်တွေမှာ သေဆုံးမှုအများဆုံးဖြစ်နေတာ အမျိုးသားတွေပါ။ ဒီလိုအကြောင်းအရာတွေ ပေါင်းလိုက်ရင် ကျား၊ မ အချိုးကွာဟမှု ဘာကြောင့်များနေလဲဆိုတဲ့ အဖြေထွက်လာနိုင်ပါတယ်’’ဟု ၎င်းကပြောကြားသည်။

လူတစ်ဦးချင်းပျမ်းမျှသက်တမ်းမှာ ၆၆ ဒသမ ၈နှစ်ရှိလာပြီး ယခင်ကထက် တိုးတက်မှုရှိသော်လည်း အရှေ့တောင်အာရှနိုင်ငံများတွင် အနိမ့်ဆုံးအဆင့်တွင် ပါဝင်နေဆဲဖြစ်သည်ဟု ဖော်ပြထားသည်။ ယင်းသက်တမ်းတွင် အမျိုးသမီးများက အမျိုးသားများထက် ပျမ်းမျှသက်တမ်း ခြောက်နှစ်ခန့်ပိုရှည်သည်ဟုဆိုသည်။

သားသမီးမွေးဖွားမှုတွင် ၁၉၈၃ က အမျိုးသမီးတစ်ဦးအနေဖြင့် ၄ ဒသမ ၇ ဦး မွေးဖွားပြီး ယခုအခါတွင် ၂ ဒသမ ၃ ဦးခန့်အထိ ကျဆင်းသွားသည်။

မြန်မာနိုင်ငံ စာတတ်မြောက်မှုအနေဖြင့် အသက်(၅)နှစ်အထက် လူဦးရေ ၃၃ ဒသမ ၉ သန်းအား မေးမြန်းခဲ့ရာ ၃၀ ဒသမ ၃၇ သန်း (၈၉ ဒသမ ၅ ရာခိုင်နှုန်း) မှာ စာတတ်မြောက်ခဲ့ကြပြီး စာမတတ်သူ ၃ ဒသမ ၅၅ သန်းရှိကာ ကျေးလက်ဒေသတွင်နေထိုင်သူသုံးသန်း စာမတတ်သူဦးရေအဖြစ် အများဆုံးရပ်တည်နေသည်။

မသန်စွမ်းသူဦးရေအနေဖြင့် လူဦးရေနှစ်သန်းကျော်တွင် ၄ ဒသမ ၆ရာခိုင်နှုန်း၌ မသန်စွမ်းမှုတစ်မျိုးတွေ့ရပြီး မသန်စွမ်းမှုအများဆုံးအနေဖြင့် အမြင်အာရုံချို့ယွင်းမှုမှာ အများဆုံးဖြစ်ပြီး ၂ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း တွေ့ရသည်။

နိုင်ငံအတွင်း အလုပ်လက်မဲ့ဦးရေအနေဖြင့် အသက်(၁၅)နှစ်မှ ၆၄ နှစ်အရွယ် ၆၄ ဒသမ ၄ ရာခိုင်နှုန်း လုပ်ငန်းခွင်ဝင်နေပြီး ၃၅ ဒသမ ၆ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ (သို့မဟုတ်) လုပ်သားအင်အားတွင် မပါဝင်သူများဟု ဖော်ပြထားသည်။ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် အလုပ်လက်မဲ့ဦးရေမှာ ကွာဟမှုများနေပြီး ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်မှာ အလုပ်လက်မဲ့ဦးရေ အမြင့်ဆုံးဖြစ်နေကာ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်မှာ အနိမ့်ဆုံးအဆင့်တွင် ရပ်တည်နေသည်။

မြန်မာနိုင်ငံအတွင်း အလုပ်လက်မဲ့ဦးရေ ၄ ရာခိုင်နှုန်းရှိသည်ဆိုသည့် ထုတ်ပြန်ချက်နှင့် ပတ်သက်၍လည်း ပြင်ပအခြေအနေနှင့် ကွဲလွဲမှုရှိနိုင်သည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူများက မှတ်ချက်ပြုသည်။

‘‘ဒီအရေအတွက်ကတော့ အရမ်းနည်းလွန်းနေတယ်။ ဒုက္ခသည်စခန်းတွေမှာတောင် အလုပ်လက်မဲ့ဦးရေက ငါးသိန်းလောက်ရှိတယ်။ အမေရိကန်လို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင် အလုပ်လက်မဲ့ ၁၁ ရာခိုင်နှုန်းရှိတယ်လို့ ထုတ်ပြန်ထားတယ်။ ဒီမဖွံ့ဖြိုးသေးတဲ့နိုင်ငံက ဖြစ်နိုင်ပါ့မလား။ တစ်နိုင်ငံလုံး အလုပ်လက်မဲ့ဦးရေက ဒီထက်ပိုနိုင်တယ်။ အစိုးရက LDC က ရုန်းထွက်ဖို့ ကိန်းဂဏန်းတစ်ခု ပြတာဖြစ်နိုင်တယ်’’ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MTUF) အကြံပေး ဒေါ်မျိုးမျိုးအေးက ပြောသည်။

အိမ်ပိုင်ဆိုင်မှုတွင်လည်း အိမ်ထောင်စုငါးစုတွင် လေးစုမှာ အိမ်ပိုင်များရှိကြသည်ဟု သန်းခေါင်စာရင်းစစ်တမ်းကဆိုသည်။ မြို့ပြဒေသတွင် ၆၆ ရာခိုင်နှုန်းမှာ အိမ်ပိုင်ဆိုင်ပြီး ၂၀ ရာခိုင်နှုန်း အိမ်ငှားနေရကာ ၇ ရာခိုင်နှုန်းမှာ အစိုးရ၀န်ထမ်းလိုင်ခန်းတွင် နေထိုင်ကြသည်ဟုဆိုသည်။ သို့သော် ပိုင်ဆိုင်သောအိမ်များ၏ ၅၁ ဒသမ ၂ ရာ ခိုင်နှုန်းမှာ ၀ါးထရံကာအိမ်အဖြစ် အများဆုံးရပ်တည်နေပြီး သစ်သားအိမ်မှာ ၂၁ ဒသမ ၆ ရာခိုင်နှုန်းဖြင့် ဒုတိယရပ်တည်နေသည်။

မြို့ပြတွင် အိမ်ပိုင်ဆိုင်မှု ၆၆ ရာခိုင်နှုန်းရှိသည်ဆိုသော ပမာဏမှာ အနီးစပ်ဆုံးဖြစ်နိုင်သော်လည်း အိမ်ပိုင်မှုမရှိသည့် အရေအတွက် ၃၀ ရာခိုင်နှုန်းခန့်ရှိနေခြင်းမှာ နိုင်ငံတစ်ခုအတွက် များလွန်းနေသည်ဟု မဏ္ဍိုင်အိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာဦးသန်းဦးက ပြောသည်။

‘‘ရွှေ့ပြောင်းရောက်ရှိလာပြီး အလုပ်လုပ်ကိုင်သူတွေမပါရင်တော့ အိမ်ပိုင်ဆိုင်မှုက သန်းခေါင်စာရင်းကြေညာချက်အတိုင်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ အိမ်ပိုင်မှုမရှိသူဦးရေက ၃၀ ရာခိုင်နှုန်းလောက် ရှိနေတာကတော့ အရမ်းဆိုးလွန်းတယ်။ အိမ်မပိုင်သူဦးရေက သုံးချိုးတစ်ချိုးလောက်ဖြစ်နေတဲ့ သဘောတွေ့ရတယ်’’ဟု ဦးသန်းဦးက ပြောသည်။

ထိုသို့ အများစုနှင့် သက်ဆိုင်သော အကြောင်းရာ အချက်အလက်များအပြင် အခြားအသေးစိတ်အချက်အလက်များကိုလည်း ထည့်သွင်းထုတ်ပြန်ခဲ့ပြီး ယင်းအချက်အလက်များမှာ မှန်ကန်မှုအပြည့်အ၀ရှိကြောင်း အာမခံနိုင်သည်ဟု ဦးမြင့်ကြိုင်ကပြောသည်။

မြန်မာနိုင်ငံတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုကို ၁၉၈၃ တွင် နောက်ဆုံအကြိမ်အဖြစ် ကောက်ယူခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မီက ၁၉၇၃ တွင် တစ်ကြိမ်ကောက်ယူခဲ့ဖူးသည်။

၁၉၈၃ နောက်ပိုင်းမှစ၍ တိုင်းပြည်လူမှုစီးပွားလုပ်ငန်းများအား ယင်းနောက်ဆုံးအကြိမ် ကောက်ယူရရှိခဲ့သည့် အချက်အလက်များအပေါ် အခြေခံခန့်မှန်းတွက်ချက်ခဲ့ရသည့်အတွက် ကွဲလွဲမှုများကို ဖြစ်ပေါ်စေခဲ့ပြီး တတိယအကြိမ်မြောက် သန်းခေါင်စာရင်းကောက်ယူရန် နှစ်ပေါင်း ၃၀ ကျော်အကြာမှ ပြန်လည်ပြုလုပ်နိုင်ခဲ့သည်။

ယခုအခါ လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်အချို့ကို ထုတ်ပြန်နိုင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းအမျိုးအစား၊ ဘာသာဝင်၊ တိုင်းရင်းသားလူမျိုးစုအပါအ၀င် အသေးစိတ်ထပ်မံထုတ်ပြန်ရန် ကျန်ရှိနေသည့် အချက်အလက်များကို လာမည့်သုံးလခန့်အကြာတွင် သီးခြားထွက်ပေါ်လာမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ဆိုသည်။

သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းစဉ်များအတွက် ကုန်ကျစရိတ်မှာ ဒေါ်လာ ၅၈ သန်းကျော်ရှိခဲ့ပြီး မြန်မာအစိုးရက ၁၅ သန်းခန့် ထည့်ဝင်လုပ်ဆောင်ခဲ့သည်။ ကျန်ကုန်ကျမှုစရိတ်များကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အလှူရှင်များက ထည့်ဝင်ထားခဲ့ကြခြင်းဖြစ်သည်။

ယခုပင်မသန်းခေါင်စာရင်း ထုတ်ပြန်နိုင်သည့်အချိန်ထိ သုံးစွဲကုန်ကျမှုပမာဏကိုမူ ထုတ်ပြန်မှု ပြုလုပ်ထားခြင်းမရှိသေးသည်ကို တွေ့ရသည်။

ကုန်ကျစရိတ်ကို ကမ္ဘာ့ကုလသမဂ္ဂဦးရေရန်ပုံငွေအဖွဲ့က အဓိကကိုင်တွယ်သည့်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သီးခြားထုတ်ပြန်နိုင်မည်မဟုတ်ဟု ဦးမြင့်ကြိုင်ကပြောသည်။
7 day

No comments:

Post a Comment