Thursday 4 June 2015

တောင်ကိုရီးယားတွင် မားစ်ရောဂါ ကူးစက်ခံရသူ ၃၅ ဦးထိရှိလာ

တောင်ကိုရီးယားတွင် မားစ်ရောဂါပိုးရှိသူ ၅ ဦးကို ထပ်မံတွေ့ရှိပြီးနောက် အဆိုပါရောဂါ ကူးစက်ခံရသူ အရေအတွက် ၃၅ ဦးထိ ရှိလာကြောင်း သတင်းရရှိသည်။
 နောက်ထပ် ရောဂါပိုး ကူးစက်ခံရသူများတွင် ရောဂါရှင်များကို ကုသပေးနေသည့် ကျန်းမာရေးဝန်ထမ်း နှစ်ဦးလည်း ပါဝင်ကြောင်း ဇွန်လ ၄ ရက်တွင် ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ကျန်သုံးဦးအနက် တစ်ဦးသည် ရောဂါပိုးရှိသူ တစ်ဦးနှင့် ဟိုတယ်ခန်း တစ်ခုတည်း အတူနေခဲ့သူ ဖြစ်ကြောင်းလည်း သိရသည်။

အသက်ရှူလမ်းကြောင်းကို တိုက်ခိုက်လေ့ရှိသည့် အဆိုပါ ရောဂါမှာ အရှေ့အလယ်ပိုင်း ဒေသမှ စတင်ကူးစက် ပျံ့နှံ့လာခြင်း ဖြစ်သည်။ မားစ်သည် တစ်ချိန်က ကမ္ဘာကို ခြိမ်းခြောက်ခဲ့ဖူးသည့် ဆားစ်ရောဂါလောက် ကူးစက်နှုန်း မမြန်သော်လည်း ပိုမိုပြင်းထန်စွာ သက်ရောက် ထိခိုက်နိုင်သည်။ တောင်ကိုရီးယားတွင် မားစ်ရောဂါကြောင့် သေဆုံးသူ နှစ်ဦးရှိပြီဟု အတည်ပြုထားသည်။
 တောင်ကိုရီးယားသို့ မားစ်ရောဂါ ကူးစက်လာခြင်းသည် ဆော်ဒီအာရေးဗီးယားင့် ယူအေအီး နိုင်ငံများသို့ သွားရောက် လည်ပတ်ခဲ့သည့် အသက် ၆၈ နှစ်အရွယ် အမျိုးသား တစ်ဦးထံမှ အစပြုသည်ဟု နောက်ကြောင်းပြန် စစ်ဆေးမှုများအရ ဖော်ထုတ် တွေ့ရှိရသည်။ အထက်ပါ နှစ်နိုင်ငံသည် ရောဂါကူးစက်မှု အဆိုးရွားဆုံး ပျံ့နှံ့ဖြစ်တည်နေရာ ဒေသများ ဖြစ်ကြသည်။
မားစ်ရောဂါပိုး လူသားများထံ ကူးစက်မှုကို ၂၀၁၂ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ဆားစ်နှင့် သဘောသဘာဝ တူညီကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။ သို့သော်လည်း မားစ်၏ သက်ရောက်မှုမှာ ပိုမိုပြင်းထန်သဖြင့် ရောဂါကူးစက်ပါက သေဆုံးနိုင်ခြေ ၃၈ ရာခိုင်နှုန်းထိရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က အစီရင်ခံ ဖော်ပြထားသည်။ WHO၏ စာရင်းများအရ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် မားစ်ရောဂါ ကူးစက်ခံရသူ ၁၁၇၉ ဦး ရှိခဲ့ပြီး ၄၄၂ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
_Ref: CNA

No comments:

Post a Comment