Thursday 4 June 2015

ရေစုန်မျောနိုင်ငံရေးနှင့် ဆွေးနွေးပွဲယဉ်ကျေးမှု

ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကျပ်အတည်းကို ကျော်လွှားနိုင်မှ သာ သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊တိုးတက်ရေးတို့နှင့် ဆက်စပ် သော စိန်ခေါ်မှုများကို ဆောလျင် စွာ ဖြေရှင်းနိုင်မည်ဖြစ်သည်။ အခြေခံဥပဒေ အကျပ်အတည်း ကြာလေလေ၊ တိုင်းရင်းသား ပြည်သူလူထုသည် ဆင်းရဲတွင်း နက်လေလေဖြစ်သည်။ သော့ ချက် ခေါင်းဆောင်များအကြား နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် အကျပ်အတည်းများ အားဖြေလျှော့ကျော်လွှားနိုင်မည့် သဘောတူညီချက်တစ်ရပ်ကို ဆောလျင်စွာမရရှိနိုင်လျှင် တိုင်း ပြည်နှင့်ပြည်သူသည် ရေစုန်မျော မည်ဖြစ်သည်။ ထိရောက်သွက် လက်ပွင့်လင်းမြင်သာသော ဆွေးနွေးပွဲယဉ်ကျေးမှုသည်သာ ရေစုန်မျောနိုင်ငံရေးကို ကုစားနိုင်မည်ဖြစ်သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် သည် လစဉ် ရေဒီယိုမိန့်ခွန်းကို မိဘပြည်သူများခင်ဗျာနှင့်အစချီ လျက် ဇွန်လ ၂ ရက်နေ့တွင် တိုင်း ပြည်သို့ပြောကြားခဲ့သည်။ နိုင်ငံ ရေး၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေး ပြုပြင်ပြောင်းလဲမှုသုံးခု၊ ပြည် ထောင်စုဥပဒေပြုဇယားနှင့် တိုင်း ဒေသကြီး (သို့မဟုတ်) ပြည်နယ် ဥပဒေပြုဇယား၊ သန်းခေါင် စာ ရင်းနှင့် အနိမ့်ဆုံး လုပ်ခလစာ ကိစ္စ၊ အမျိုးသားပြန်လည်သင့် မြတ်ရေး၊ လာမည့်အထွေထွေ ရွေးကောက်ပွဲကိစ္စ၊ ဘင်္ဂလားပင် လယ်အော်ထဲက လှေစီးဒုက္ခ သည်များ စသည့်ကိစ္စများကို ယေဘုယျသဘောတို့ထိ ပြောဆိုထားသော်လည်း မည်သည့်ကိစ္စ ကိုမှ ဆုပ်ဆုပ်ကိုင်ကိုင် ပြောမပြနိုင်ခဲ့သည်မှာ နဂိုမူလအတိုင်းပင် ဖြစ်သည်။ သို့ဖြစ်၍ ထုံးစံအတိုင်း၊ ထူးမခြားနား၊ လုပ်ရိုးလုပ်စဉ်ဖြစ် ရုံသက်သက်ထက်မပိုသော အစဉ်အလာရိုးရာမပျက် သမ္မတ မိန့်ခွန်းတစ်ခုသာဖြစ်ခဲ့သည်ဟု ကောက်ချက်ပြုနိုင်သည်။
သမ္မတဦးသိန်းစိန်က ‘‘ကျွန်တော်တို့အနေနဲ့ ဘယ်လောက်ပဲ စိန်ခေါ်မှုတွေရှိနေနေ အသွင်ကူးပြောင်းရေးအတွက် လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အထူးသဖြင့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေက ခွင့်ပြုထားတဲ့ ပြည်ထောင်စုဥပဒေပြုစာရင်း(ဇယား -၁)နဲ့ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဥပဒေပြုစာရင်း (ဇယား -၂)တို့နဲ့ အနှစ်သာရဖြစ်တဲ့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရများအကြား အာဏာခွဲဝေမှုများကို အသက်ဝင်လာဖို့ ကြိုးပမ်းခဲ့ပါတယ်’’ဟု အတိအလင်းပြောကြားခဲ့သည်။ ဇယား(၁)နှင့် ဇယား (၂) ပြင်ဆင် ခြင်းသည် ပြည်ထောင်စုလွှတ်တော်နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်များအကြား ဥပဒေပြုခွင့်အာဏာကို ခွဲဝေခြင်းဖြင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ချဲ့ထွင် ပေးခြင်းသာဖြစ်သည်။ ဇယား (၁)နှင့် ဇယား(၂)တို့သည် အနှစ်သာရအားဖြင့် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးအစိုးရများအကြားအာဏာခွဲဝေမှုများနှင့် သွယ်ဝိုက် သက်ဆိုင်မှုသာရှိသည်ဟု သုံးသပ်နိုင်သည်။ ဇယားများပြင်ဆင် ထိန်းညှိမှုထက်ပိုမိုအရေးကြီးသည့် အခြေခံဥပဒေပါပြဋ္ဌာန်းချက်များ ပြင်ဆင်ရေး ကြန့်ကြာနေမည်ဆိုလျှင် ရှေ့နိုင်ငံရေးခရီးသည် မှုန်ရီဝေဝါးနေဦးမည်သာ ဖြစ်သည်။
‘‘ပထမဆုံး အာရုံစိုက်လုပ် ဆောင်ခဲ့တာက အခြေခံဥပဒေမှာ ပါတဲ့ ပေးထားချက်များအကောင် အထည်ပေါ် အသက်ဝင်လာဖို့ ဖြစ်ပါတယ်။ နောက်တစ်ဆင့်မှာ တော့ အခြေခံဥပဒေရဲ့ပေးထား ချက်တွေကို လိုအပ်တဲ့ချိန်ညှိမှု များနဲ့ ပြုပြင်ပြောင်းလဲမှုများလုပ် ဆောင်ခဲ့ပါတယ်’’ဟု သမ္မတ ဦးသိန်းစိန်ကမိန့်ကြားခဲ့သည်။
 အခြေခံဥပဒေမှာပါသော ပေးထားချက်များကို အကောင် အထည်ပေါ် အသက်ဝင်လာဖို့ အာရုံစိုက်လုပ်ခဲ့သည်ဆိုသော် လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ ပြဋ္ဌာန်းချက်များ အောက်တွင် တိုင်းရင်းသားပြည် သူလူထုသည် ဆင်းရဲသထက် ဆင်းရဲ၊ ကျပ်တည်းသထက်ကျပ် တည်းလျက်ရှိသည်။ နောက်တစ် ဆင့်တွင် အခြေခံဥပဒေ၏ပေး ထားချက်များကို ချိန်ညှိမှုများနှင့် ပြုပြင်ပြောင်းလဲမှုများလုပ် ဆောင်ခဲ့ပါသည်ဟု သမ္မတက ရဲရဲတင်းတင်းပြောကြားခဲ့သော် လည်း ပြည်သူလူထုအနေဖြင့် မည်သည့်ချိန်ညှိမှုနှင့် ပြုပြင် ပြောင်းလဲမှု၏ အကျိုးကိုမျှလုံးလုံး မခံစားရသေးသည်မှာ ပကတိ အနေအထားပင်ဖြစ်သည်။
  ‘‘ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆွေးနွေးကြ တဲ့အခါမှာ ဇယား (၁)နဲ့ ဇယား (၂)ကို ပြင်ဆင်ဖို့အဆိုတင်သွင်းခဲ့ ပြီး လွှတ်တော်ကိုယ်စားလှယ်များ ကလည်း ထောက်ခံခဲ့ကြပါတယ်။ ကျွန်တော်တို့တိုင်းပြည်ကို ဖက် ဒရယ်စနစ်ကို အခြေခံတဲ့ ပြည် ထောင်စုအဖြစ် ပြောင်းလဲတည် ဆောက်ရာမှာ အခြေခံကောင်း တွေရှိနေဖို့ လိုအပ်ပါတယ်။ ဒါ ကြောင့် တိုင်းဒေသကြီးနဲ့ ပြည် နယ်တွေက ဒေသခံတိုင်းရင်းသား ပြည်သူများရဲ့ အကျိုးစီးပွားကို ဦးတည်တဲ့ မျှတမှုလည်းရှိတဲ့ ဘဏ္ဍာငွေ၊ အခွန်အကောက်ခွဲ ဝေမှု၊ လုပ်ပိုင်ခွင့်အာဏာခွဲဝေမှု တွေကို (ဇယား-၁)နဲ့ (ဇယား-၂)တို့မှာ ပြင်ဆင်နိုင်ဖို့ ဦးစားပေး ညှိနှိုင်းလုပ်ဆောင်နေပါတယ်’’ ဟု သမ္မတက မိန့်ကြားခဲ့သည်။ သို့ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့်ဥပဒေကြမ်း ကို ပြည်ထောင်စုလွှတ်တော်၌ တင်သွင်းနိုင်ခြင်းမရှိသေးပေ။ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် ပြောင်းလဲ တည်ဆောက်ရာမှာ အဓိကအကျ ဆုံးအခြေခံကောင်းသည် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ အ ကျပ်အတည်းကို ကျော်လွှားရေး ပင်ဖြစ်သည်။
သမ္မတက ‘‘အစိုးရသက် တမ်းလေးနှစ်တာကာလအတွင်း လက်တွေ့ဆောင်ရွက်မှုများ၊ စမ်းသပ်လုပ်ဆောင်မှုများ၊ တွေ့ဆုံဆွေးနွေးမှုများကနေတစ်ဆင့် ရရှိလာတဲ့အတွေ့အကြုံများ၊ အကြံဉာဏ်များနဲ့ အချက်အလက်များကိုအခြေခံပြီး ဇယား (၁)နဲ့ ဇယား(၂) ပြင်ဆင်ဖို့ ဥပဒေကြမ်း တစ်ရပ်ကို ဇွန်လအတွင်းမှာပဲ လွှတ်တော်ထံပေးပို့တင်သွင်း သွားမှာဖြစ်ပါတယ်’’ဟုလည်း အသိပေးပြောကြားခဲ့သည်။ တိုင်းပြည်၏ ဒီမိုကရေစီအပြောင်းအလဲနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး အသည်းအသန်ကာလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အချိန်ဆွဲနိုင်မည့်နည်းလမ်း တစ်ခုအဖြစ် ဇယား(၁)နှင့် ဇယား (၂) ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းခြင်းဖြစ်ကောင်းဖြစ်နိုင် သည်။
  ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းပါ ပြဋ္ဌာန်း ချက်များအရ ဥပဒေပြုစာရင်းဖြစ် သော ဇယား (၁)နှင့် ဇယား (၂) ပြင်ဆင်သည့်ဥပဒေကြမ်းကို သမ္မတဦးဆောင်သောအစိုးရအဖွဲ့ အနေဖြင့် ရေးဆွဲနိုင်မည်မဟုတ် သည့်အပြင် တင်သွင်းနိုင်ခြေ လည်းမရှိနိုင်ဟု သုံးသပ်နိုင်သည်။ အချိန်ဆွဲရုံ၊ အလုပ်ပြရုံသက် သက်ဆိုလျှင် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကို အဟန့်အတား ဖြစ်စေသည်အထိ တာသွားနိုင် သည်။
သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအပါအဝင် အစိုးရနှင့် လွှတ်တော်ထိပ်တန်းခေါင်းဆောင် အားလုံးနီးပါးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ခေါင်းဆောင်များဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီသည် အာဏာရ ပါတီဖြစ်နေသည့်ကာလတွင် အစိုးရများနှင့် လွှတ်တော်များ၏ လိုအပ်ချက်များ၊ အားနည်းချက်များ၊ ဟာကွက်များသည် ပြည်ခိုင်ဖြိုးပါတီနှင့်သာ တိုက်ရိုက်ပတ်သက်နေသည်။ လေးနှစ်ကျော် သက်တမ်းတွင် အစိုးရများနှင့် လွှတ်တော်များ၏ ဆောင်ရွက်ချက်များသည် တိုင်းရင်းသား ပြည်သူလူထု၏အကျိုးစီးပွားကိုရှေးရှုလျက် ပြည်သူလူထုဘက်မှ ပြတ်ပြတ်သားသားရပ်တည်နိုင်ခဲ့ခြင်းမရှိလျှင် အာဏာရပြည်ခိုင်ဖြိုးပါတီတွင် အဓိကတာဝန်ရှိမည် ဖြစ်သည့်အချက်ကို ဆင်ခြင်လျက် ၂၀၁၅အထွေထွေရွေး ရောက်ပွဲတွင် ပါတီနှင့်အလံကို မဲပေးရွေးချယ်သင့်သည်။
 အချုပ်အားဖြင့်ဆိုသော် သမ္မတ၏ ဥပဒေပြုဇယားနှစ်ခု ပြင်ဆင်မည့် အစီအစဉ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အချိန်ဆွဲနိုင် သရွေ့ဆွဲပြီး မဖြစ်မနေပြင်ရပါက အနည်းဆုံး ပြင်ဆင်ရေးကိုသာ ရှေးရှုလိုသည့် အာဏာရပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ မဟာဗျူဟာအစိတ် အ ပိုင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင် သည်။
 ဖွဲ့စည်းပုံဗျူဟာတွင် အစိုးရနှင့် အာဏာရပြည်ခိုင်ဖြိုးပါတီသည် တစ်ကျိတ်တည်းတစ်ဉာဏ်တည်းဖြစ်နေသည့် အခင်းအကျင်းကို မျက်ခြည်မပြတ်မှသာ ရေစုန်မျောနိုင်ငံရေးကို ဟန့်တား နိုင်မည်ဖြစ်သည်။ လက်ငင်း အ ကျပ်အတည်းများကို သဘော တူညီချက် ဆောလျင်စွာရရှိရေး ဦးတည်သည့် တွေ့ဆုံဆွေးနွေးပွဲ ယဉ်ကျေးမှုနှင့်အတူ ဖြတ်ကျော် နိုင်မှသာ သောင်မတင်ရေမကျ မြန်မာ့နိုင်ငံရေးအခင်းအကျင်း အား ကူနိုင်၊ ကယ်နိုင်ဖွယ်ရှိပါ ကြောင်း မီးမောင်းထိုးတိုက်တွန်း လိုက်ရပါသည်။။
ဒေါက်တာ ရန်မျိုးသိမ်း
7 day

No comments:

Post a Comment