Thursday 4 June 2015

ဖျာပုံအနီးထိန်းသိမ်းခဲ့သည့် လှေစီးဒုက္ခသည်များကို စစ်ဆေးအတည်ပြုမှု ယနေ့စတင်

ဖျာပုံမြို့နယ်အနီး မြန်မာ့ရေပိုင်နက်မှ တွေ့ရှိထိန်းသိမ်းခဲ့သည့် လှေစီးဒုက္ခသည် ၇၀၀ ကျော်အား စစ်ဆေးအတည်ပြုမှုလုပ်ငန်းစဉ်ကို ယနေ့ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။
ဇွန်(၄)ရက်က ရန်ကုန်ရှိနိုင်ငံခြားရေးဝန်ကြီးဌာနတွင် နိုင်ငံတကာသံအမတ်များ ၊ဥရောပ သမဂ္ဂအသံမတ် ၊ ကမ္ဘာ့ကုလသမဂ္ဂအေဂျင်စီများ ၊ ပြည်တွင်းပြည်ပသတင်းထောက်များကို နိုင်ငံခြားရေးဝန်ကြီးက တွေ့ဆုံစဉ် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုလှေစီးဒုက္ခသည် ၇၀၀ ကျော်သည် ယခုအချိန်တွင် ဟိုင်းကြီးကျွန်းမှတဆင့် ရခိုင်ပြည်နယ် ကမ်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။


"တချို့ကို တောင်ပြို(လက်ဝဲ)မှာ ယာယီနေရာချထားပေးတယ်၊ တချို့ကို ဘင်္ဂလားဒေ့ရှ် နယ်စပ် နယ်စပ်မှတ်တိုင် ၃၇ အနီးမှာ ယာယီနေရာချပေးထားတယ်။ အဲဒီ့နေရာတွေမှာ စစ်ဆေးနေပါတယ်" ဟု နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောသည်။

စစ်ဆေးအတည်ပြုမှုကို မြန်မာနိုင်ငံဘက်မှ လူဝင်မှုကြီးကြပ်ရေး ဒုတိယဝန်ကြီး ဦးဆောင်သည့်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အဖွဲ့တို့ လုပ်ဆောင်နေကြသည်ဟု ဆိုသည်။
အမျိုးသမီးများနှင့် ကလေးငယ်များလည်း ပါဝင်နေသည့် လှေစီးဒုက္ခသည် ၇၀၀ ကျော်ပါ  ငါးဖမ်းလှေတစ်စီးကို ပြီးခဲ့သည့် မေလ ၂၉ရက်က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် အရှေ့တောင်ဘက် မြန်မာနိုင်ငံ ပိုင်နက်ရေပြင်အတွင်း တပ်မတော်(ရေ)က တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ဟိုင်းကြီးကျွန်းသို့ခေါ်ဆောင်ထိန်းသိမ်းထားခဲ့မှု ရှိခဲ့ပြီး ဇွန်(၃)ရက်တွင် ရခိုင်ပြည်နယ်၊ တောင်ပြို(လက်ဝဲ)သို့ ထပ်ဆင့်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment