Thursday 4 June 2015

စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်နိုင်သည့် တောင်သူ ၁၈ ဦးကို လိမ်လည်မှုဖြင့် အမှုဖွင့်

မိုးရာသီနှင့် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်မပေးဆပ်နိုင်သည့် သဲကုန်းမြို့ နယ်ရှိ တောင်သူ ၁၈ ဦးကို ချေးငွေလိမ်လည်ထုတ်ယူမှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း ပြည်ခရိုင် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
‘‘လိမ်လည်မှုနဲ့ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေကနေ အမှုဖွင့်အရေးယူထားတယ်။ ဇွန်လ ၂ ရက်အထိ ၁၈ ဦး အရေးယူထားပြီး ထပ်မံအရေးယူဖို့ သက်ဆိုင်ရာနယ် မြေရဲစခန်းတွေမှာ တိုင်ကြားထားတာတွေ ရှိနေသေးတယ်’’ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က ပြောသည်။
သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ အင်းမတိုက်နယ်အတွင်း ကျေးရွာများမှ တောင်သူလယ်သမား  ၁၈  ဦးသည် မိုးရာသီနှင့် ဆောင်းရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ၂၀၁၃ က သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ ချေးယူပြီး သတ်မှတ်ကာလ ကျော်သော်လည်း ပြန်လည်ပေးဆပ်ခြင်းမရှိသဖြင့် ပုတီးကုန်းနယ်မြေရဲစခန်း၊ အင်းမနယ်မြေရဲစခန်းတို့တွင် ပြစ်မှုဆိုင်ရာ ပုဒ်မ ၄၂၀၊ လိမ်လည်မှုဖြင့် အမှုဖွင့်အရေးယူထားခြင်း ဖြစ်သည်။

စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်နိုင်သော တောင်သူများနှင့် ပတ်သက်၍ သက်ဆိုင်ရာမြေစာရင်းဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တောင်သူ ၁၈ ဦးတွင် နှစ်ဦးသာ လယ်မြေအနည်းငယ်ပိုင်ဆိုင်မှုရှိပြီး ကျန်လူများမှာ လယ်မြေ ပိုင်ဆိုင်မှု မရှိသည်ကို တွေ့ရသည်ဟုဆိုသည်။
ပုတီးကုန်းမြို့ အင်းမတိုက်နယ်ရှိ ကျေးရွာများမှ ချေးငွေပြန် လည်မပေးဆပ်နိုင်သော တောင်သူတစ်ဦးလျှင် စိုက်ပျိုးစရိတ်ချေးငွေ အနည်းဆုံး ကျပ်ခြောက်သောင်း ကျပ်မှ ၁၂ သိန်းကျော်အထိ ပေးဆပ်ရန်ရှိကြောင်း သဲကုန်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
‘‘စတင် ချေးငွေထုတ်ပေးတုန်းကတော့ ချေးငွေစစ်ဆေးရေးအဖွဲ့ရဲ့ ထောက်ခံချက်တွေနဲ့ ထုတ်ပေးခဲ့တာပါ။ ဒါပေမဲ့ ပြန် လည်ပေးဆပ်ရမယ့် ကာလကျော်လွန်ပြီး ပြန်မပေးဆပ်လို့ စိစစ်ကြည့်တဲ့အခါ အမှန်တကယ် လယ်ယာမြေ ပိုင်ဆိုင်မှုမရှိဘဲ တောင်သူအများစုက လိမ်လည် ချေးငွေ ထုတ်ယူခဲ့တာကြောင့် တရားစွဲဆိုရခြင်း ဖြစ်ပါတယ်’’ဟု သဲကုန်းမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးတင်လှိုင်က ပြောသည်။
သဲကုန်းမြို့နယ်တွင် မိုးစပါး ချေးငွေနှင့် ဆောင်းသီးနှံ ချေးငွေများ ပြန်လည်ပေးဆပ်ရမည့် ကာလထက် ကျော်လွန်သော်လည်း ပြန်လည်မပေးဆပ်သော တောင်သူများကို တရားစွဲဆိုရန် ကျန်ရှိနေပြီး ဇွန်လ ၃ ရက်အထိ သက်ဆိုင်ရာ နယ်မြေရဲစခန်းများတွင် တောင်သူ ၆၇ ဦးကို တိုင်ကြားထားကာ ဆက်လက်တိုင်ကြားရန် တောင်သူ ၃၉ ဦးခန့်ရှိနေသည်။
7 day

No comments:

Post a Comment