Thursday 4 June 2015

ဂျနီဖာလိုပက်ဇ်နဲ့ တစ်ထောင်မကတဲ့ နွားများ

(တစ်)
 မြန်မာနိုင်ငံက အနုပညာချစ်သူ ပရိသတ်များ၏ အကြား၌ ဂျနီဖာလိုပက်ဇ်ဟူသော အမည်သည် သိပ်ပြီးစိမ်းလှသည့် အမည်တစ်ခုမဟုတ်တော့ပါ။
သူ့နာမည်အပြည့်အစုံက ဂျနီဖာလင်းလိုပက်ဇ် (Jennifer Lynn Lopez) ဖြစ်ပါသည်။ လွယ်လွယ်ခေါ်တာ ဂျနီဖာလိုပက်ဇ်။ ချစ်စနိုးခေါ်တော့ ဂျေလို (J.Lo) ဆိုလား။
 အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော် ကက်စတယ်လ်ဟေး (Castle Hill)တွင် ၁၉၆၉ ဇူလိုင်လ ၂၄ ရက်က မွေးဖွားခဲ့သူဖြစ်သဖြင့် ယခု ၂၀၁၅ တွင် သူ့အသက် (၄၆) နှစ်ရှိပါပြီ။ ဂျနီဖာလိုပက်ဇ်က မင်းသမီးအပြင် စာလည်းရေး၊ သီချင်းလည်းဆို၊ ကလည်းကရုံမျှနှင့် မ၀နိုင်ဘဲ ရုပ်ရှင်ထုတ်လုပ်သူ ဖက်ရှင်ဒီဇိုင်နာ စသည့် အလုပ်များကိုပါ တွဲစပ်လုပ်ကိုင်သည့် အာဂအမျိုးသမီး ဖြစ်ပါသည်။

on the 6 ဆိုသည့် သီချင်းခွေ၊ This is me Then ဆိုသည့် သီချင်းခွေများ လူကြိုက်များပါသည်။ မင်္ဂလာပွဲများကို စီစဉ်ပေးရသူအဖြစ်ဖြင့် Wedding Planner ရုပ်ရှင် ထင်ရှားပါသည်။ မက်ဟန်တန်မြို့က ဟိုတယ်အလုပ်သမကလေးအဖြစ် Maid in Mahhattan ရုပ်ရှင်လူကြိုက်များပါသည်။ ထို့ပြင် shall we dance? တဲ့။ Anaconda တဲ့။ နာမည်ကျော်ရုပ်ရှင်များ။
ဂျနီဖာလိုပက်ဇ်၏ ပထမအိမ်ထောင်မှာ အိုဂျနီနိုအာ (Ojani Noa) ဖြစ်ပါသည်။ ၁၉၉၇ ခုနှစ် မိုင်ယာမီ (Mia Mi) ကမ်းခြေတွင် စတင်တွေ့ဆုံခဲ့ကြကာ လက်ထပ်ခဲ့ကြပြီး ၁၉၉၈ တွင် ကွဲကြသဖြင့် ၁၁ လသာကြာသော အိမ်ထောင်ရေးဖြစ်ပါသည်။ နောက်တော့ ဂျနီဖာလိုပက်ဇ်ခရစ်ဂျုဒ် (Cris Judd) နှင့် ၂၀၀၁ မှသည် ၂၀၀၃ အထိ ပေါင်းသင်းပါသည်။ ထိုအိမ်ထောင်နှင့် ကွဲပြီးသော် အန်ထော်နီ (Marc Anthony) နှင့်က ၂၀၀၄ မှသည် ၂၀၁၄ အထိ ပေါင်းသင်းပြီးနောက်ကွဲပါသည်။
ယခု ပြောလိုသည်က သူ့ပထမဆုံးသော အိမ်ထောင်နိုအာ (Noa) အကြောင်း ဖြစ်ပါသည်။ ထိုနိုအာက သူနှင့် ဂျနီဖာလိုပက်ဇ်တို့ ပေါင်းသင်းနေထိုင်ကြစဉ်ကာလက လင်နှင့်မယားတို့ သဘာဝနေထိုင်ခဲ့ကြသည့် အတွင်းရေးအကြောင်းအရာများကို နှိုက်နှိုက်ချွတ်ချွတ် တစ်တစ်ခွခွ ညစ်ညစ်ညမ်းညမ်းထုတ်ဖော်ကာ စာအုပ်တစ်အုပ်ရေးသားတော့မည်ဖြစ်ကြောင်းနှင့် ထိုသို့မရေးသားစေလိုသော် အမေရိကန်ဒေါ်လာငါးသန်းပေးရန် ငွေညှစ်ခဲ့ဖူးကြောင်းပင် ဖြစ်ပါသည်။
ခင်ပွန်းဟောင်း ယောက်ျားရင့်မာကြီးက ယခင်က ဇနီးသည်တစ်ယောက်အပေါ် အရှက်တကွဲအကျိုးနည်း အတွင်းရေးများကို အခြေခံကာ ဤကဲ့သို့ အကျပ်ကိုင် ငွေညှစ်လိုက်ပုံကို ကျွန်တော် အံ့သြသွားပါသည်။ ယောက်ျားတစ်ယောက်ဟာ သည်လိုမျိုး အောက်တန်းကျစွာနဲ့ စာနာခြင်းကင်းမဲ့စွာ ကိုယ့်ဇနီးဟောင်းကိုတောင် ငွေညှစ်သတဲ့လား။ ကျွန်တော်တို့ ဘယ်သူတွေကိုယုံလို့ ဘယ်လောက်အထိ ပုံကြရပါ့။
သြော်.....တို့များဒေသမှာ ဒါမျိုးတွေ မရှိသေးလို့ တော်ပါသေးရဲ့ တွေးရင်း ကျွန်တော်သက်ပြင်းချမိခဲ့သည်မှာ အမှန်ပါ။ သို့သော်..

(နှစ်)
ယခု မြန်မာ့လူ့အဖွဲ့အစည်းအတွင်း၌ ဂျနီဖာလိုပက်ဇ် အကျပ်ကိုင်ခံရသလိုမျိုး ခံရဖို့လမ်းကြောင်းများ အသက်ဝင်စပြုလာခဲ့ပါပြီ။
ထင်ရှားသူအချို့၏ လိင်ကိစ္စများကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များက လူတိုင်းလိုလို၏ လက်ထဲရှိ လက်ကိုင်ဖုန်းထဲသို့ပင် ရောက်ရှိ၍ နေခဲ့ပါပြီ။
အွန်လိုင်းကနေ တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်၊ ချစ်သူဘ၀သို့ ရောက်ရှိ၊ ဆိတ်ကွယ်ရာသို့ ခေါ်ယူချိန်းဆိုကာ သားမယားအဖြစ် ပြုကျင့်ခံရသည့် သတင်းများ နေ့စဉ်ထုတ်သတင်းစာများမှာ မကြာခဏ ပါလာတတ်ပါပြီ။ အွန်လိုင်းကနေ ချစ်သူဘ၀ရောက်ခဲ့သည့် မိန်းကလေးကို လူပြတ်ရာသို့ ခေါ်ဆောင်ပြီး လူသတ်ပစ္စည်းယူသည့် ရာဇ၀တ်မှုများလည်း ဂျာနယ်မျက်နှာများပေါ်၌ ဖတ်ခဲ့ရပါပြီ။
ဖေ့စ်ဘွတ်ခ်ပေါ်၌ ဓာတ်ပုံများတင်ကြ၊ ခံစားချက်များကိုရေးကြနှင့် နောင်မလိုလားသောအခါ ထိုဓာတ်ပုံများကို မူလအတိုင်းသာမက ဖြတ်ညှပ်ကပ်လုပ်ဆောင်ကာ တိုင်းသိပြည်သိ အရှက်ခွဲမည်ဟူသော ခြိမ်းခြောက်မှုများနှင့် ငွေညှစ်သည့် အလုပ်များကို သည်နေ့ မြန်မာနိုင်ငံထဲမှာ စတင်လုပ်ဆောင်လာကြပါပြီ။
တချို့တချို့သော လူငယ်တို့ အွန်လိုင်းပေါ်ကနေ အသံဖြင့်၊ အရုပ်ဖြင့် လိင်ကိစ္စကို ယဉ်ပါးနေကြကြောင်း ကျွန်တော်သိခဲ့သည်မှာကြာပါပြီ။ ဤကိစ္စမျိုးတွင် တစ်ဖက်ကမ်းခပ်သူ ယောကျာ်းများက အမျိုးကောင်းသမီးမိန်းကလေးများကို ပစ်မှတ်ထားကာ ဘာလုပ်ချင်တာ၊ ဘယ်လိုလုပ်မှာ စသည်စသည်များကို အသံဖြင့် ညလုံးပေါက်တွတ်ထိုးကာ ကျေနပ်နှစ်သိမ့်မှုပေးကြပါလေသတဲ့။ ကြာသော် ထိုမိန်းကလေးကိုယ်တိုင်ကပါ ယဉ်ပါးလာပြီး ဘယ်လိုလုပ်ပစ်ချင်တာ ဘာညာတွေကို ပြန်ပြောရာက ထိုအသံကို ဖမ်းထားသည့်သူများပင်ရှိလာကြပါသည်။
တချို့က  ငယ်နုသူ မိန်းကလေးများကို ခပ်ယဉ်ယဉ်အနေအထားမှ ခပ်ရိုင်းရိုင်းအနေအထားထိ တစ်ဆင့်တစ်ဆင့် မြင့်တက်လာသော လိင်အသားပေးအရုပ်များ၊ ဗီဒီယိုဖိုင်များကို အွန်လိုင်းမှပို့ကာ မြှူဆွယ်ခေါ်ထုတ်ပြီး အကျပ်ကိုင်ဖို့အထိ လုပ်ဆောင်လာကြသည်များလည်း ရှိလာခဲ့ပြီဖြစ်ပါသည်။

(သုံး)
မြန်မာ့လူ့အဖွဲ့အစည်း၌ မိန်းကလေးကို ဖက်နှင့်နှိုင်းလေ့ရှိပါသည်။ ဆူးပေါ်ကိုဖက်ကျတော့လည်း ဖက်ပဲပေါက်သတဲ့။ ဖက်ပေါ်ကိုဆူးကျတော့လည်း ဖက်ပဲပေါက်လေသတဲ့။ ဘယ်လိုအနေအထားပဲဖြစ်ဖြစ် ကိုယ်သာ အရှက်တကွဲအကျိုးနည်းဖြစ်ရသည်ဆိုသည့်သဘော။
ပြီးသော် သမီးတစ်ကောင် နွားတစ်ထောင်ဆိုသည့် ဆိုရိုးစကားလည်း ရှိပါသေးသည်။ နွားအကောင်ပေါင်းတစ်ထောင် ထိန်းသိမ်းရသည်ထက် သမီးပျိုတစ်ယောက် ထိန်းသိမ်းရသည်က ပို၍ခက်ခဲပင်ပန်းပါသည်ဆိုသည့်သဘော။
ဂျနီဖာလိုပက်ဇ်ကို နိုအာက ငွေညှစ်သည့် သတင်းကြားစက သူတို့အနောက်ကမ္ဘာဟာ ချောက်ချားစရာကြီးပါလားဟု ကျွန်တော်ထင်ခဲ့မိရာ ယခုထိုပြဿနာက ပိတောက်ပန်းပွင့်သော မြေပေါ်မှာ ခြေလှမ်းချစပြုပါပြီ။ အွန်လိုင်းကနေ အကျပ်ကိုင်အနိုင်ကျင့်သူများကို အရေးယူတော့မည်ဆိုသည့် သတင်းထုတ်ပြန်မှုများလည်း တွေ့လာရပါပြီ။
သို့သော်.....အရေးအကြီးဆုံးက ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပါသည်။ ဟိုးယခင် နည်းပညာမထွန်းကားစဉ်ကာလ သမီးတစ်ကောင်ကို နွားတစ်ထောင်နှင့် နှိုင်းယှဉ်ခဲ့သည်ဆိုလျှင် ယခုလို လက်တစ်ဝါးသာသာ လက်ကိုင်ဖုန်းကလေး၏ မျက်နှာပြင်ပေါ်အထိ လူမုဆိုးတို့က သိမ်မွေ့သော ချဉ်းကပ်မှုပါးလွှာသော ပရိယာယ်များဖြင့် ၀င်ရောက်လာသော ကာလ၀ယ် နွားတစ်သောင်း၊ နွားတစ်သိန်းနှင့်များ တင်စားရလေမလားမသိ။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၏ဇနီးက မရင့်ကျက်သေးသည့် ခမာလူ့အဖွဲ့အစည်းအတွင်း၌ လက်ကိုင်ဖုန်းသုံးခြင်းကို စိုးရိမ်ကြောင်း ပြောခဲ့ဖူးသည်ကို နားလည်၍ ရနိုင်ပါသည်။
သြော် ..... ကျွန်တော်တို့ခေတ်ရဲ့ နွားတစ်ထောင်များ။
7 day

No comments:

Post a Comment