Monday 1 June 2015

နီပေါငလျင်ဘေးသင့် ဒေသများတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်


နီပေါနိုင်ငံရှိ ငလျင်ဘေးသင့် ဒေသများမှ ကျောင်းအများစုကို ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ဧပြီ ၂၅ ရက်က လှုပ်ခတ်ခဲ့သည့် ရစ်ခ်ျတာစကေး ၇.၈ အဆင့်ရှိ ငလျင်ကြီးကြောင့် နီပေါနိုင်ငံ အနှံ့အပြားတွင် ကျောင်းပေါင်း ၈၀၀၀ ကျော်နှင့် စာသင်ခန်းပေါင်း ၂၅၀၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့သည်။ အဆိုပါ သဘာဝ ဘေးဆိုးကြီးအတွင်း အသေအပျောက် ပမာဏသည် ၈၀၀၀ ကျော်ထိ ရှိခဲ့သည်။

 အဆိုပါ ငလျင်ကြီး နောက်ပိုင်းတွင် ခတ္တမန္ဒူ မြို့တော်နှင့် အနီးတဝိုက် ဒေသများမှ ကျောင်းများကို ပိတ်ထားရသော်လည်း မေ ၃၁ ရက်တွင် ကျောင်းအားလုံး၏ ၈၀ ရာခိုင်နှုန်းခန့်ကို ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း အများစုသည် အခိုင်အမာ တည်ဆောက်ထားခြင်း မဟုတ်ဘဲ သစ်သားများ၊ ဝါးများ၊ ရွက်ဖျင်စများဖြင့် ယာယီ စာသင်ခန်းများသဖွယ် စီစဉ်ထားရခြင်း ဖြစ်သည်။ ထို့အပြင် ကျောင်းများ ပြန်ဖွင့်သော်လည်း လာရောက် ပညာသင်ကြားသည့် ကျောင်းသူကျောင်းသား အရေအတွက်မှာ အလွန် နည်းပါးနေဆဲဟု သိရသည်။
နီပေါအစိုးရသည် ငလျင်ကြီးအပြီး နောက်ဆက်တွဲ တုန်ခါမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ခတ္တမန္ဒူ မြို့တော် တဝိုက်ရှိ ကျောင်းများကို ပိတ်ထားရန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ငလျင်ဒဏ်ကို ဆိုးရွားစွာ ခံခဲ့ရသည့် ဂေါ်ခါ၊ ဆင်ဒူပယ်လ်ချော့နှင့် နူဝါကော့တို့တွင်လည်း ကျောင်းအားလုံး၏ ၉၀ ရာခိုင်နှုန်းမျှ ပျက်စီးသွားသဖြင့် မဖြစ်မနေ ကျောင်းပိတ်ထားရသည်။ လတ်တလောတွင်မူ ယာယီစာသင်ကျောင်း ၁၅၀၀၀ ခန့်ကို ပြန်လည် ဖွင့်လှစ်ထားပြီဟု နီပေါ အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
ပညာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ လာဗဒီယို အေဝက်စ်သီက “လောလောဆယ်တော့ ယာယီ စာသင်ဆောင်တွေ အဖြစ်နဲ့ပဲ ဆောက်လုပ်ထားနိုင်ပါတယ်။ ဒါပေမဲ့ လာမယ့် ၂ နှစ်အတွင်းမှာတော့ အားလုံး အပြီးအစီး ပြန်ဆောက်ပြီးလောက်ပြီလို့ မျှော်လင့်ထားပါတယ်”ဟု ပြောကြားခဲ့သည်။
အဆိုပါ ယာယီစာသင်ဆောင်များကို ကျောင်းကစားကွင်း မြေကွက် နေရာများနှင့် ကျွမ်းကျင်သူများက စစ်ဆေးပြီး ခိုလှုံနေထိုင်ရန် ဘေးကင်းကြောင်း ထောက်ခံထားသည့် နေရာများတွင် တည်ဆောက်ထားသည်။ ကျောင်းသားမိဘ တစ်ဦးဖြစ်သည့် မီနာ ရှာရက်ရှ်သာက “အခုထိ ငလျင်နောက်ဆက်တွဲ လှုပ်ခတ်မှုတွေ ရှိနေတုန်းပဲ။ ကလေးတွေကို စိတ်ချလက်ချ ကျောင်းပို့ထားဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဆရာဆရာမတွေက လက်ရှိ ယာယီကျောင်းဆောင်တွေက ဘေးကင်းလုံခြုံကြောင်း ပြောပြကြတယ်။ ကလေးတွေကလည်း သူတို့ သူငယ်ချင်းတွေနဲ့ ပြန်ဆုံဖို့ အရမ်းတက်ကြွနေတယ်လေ”ဟု ဖွင့်ဟခဲ့သည်။
ငလျင်ဘေးဒဏ်ခံ ဒေသများရှိ ကျောင်းအချို့ကိုမူ လက်ရှိ အချိန်ထိ မဖွင့်လှစ်နိုင်သေးချေ။ နီပေါနိုင်ငံသည် ကလေးများ စာသင်ကြားနိုင်ခွင့် အားနည်းသည့် မှတ်တမ်းဆိုး ရှိခဲ့ရာ ငလျင်နောက်ပိုင်း ကာလများတွင် အခြေအနေ ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။
နီပေါရှိ အသက် ၅ နှစ်မှ ၁၆ နှစ်ကြား ကလေးငယ် ၁.၂ သန်းကျော်သည် လုံးဝ ကျောင်းမတက်ဖူးသူများ၊ သို့မဟုတ် ပညာသင်ကြားမှု တစ်ဝက်တစ်ပျက်ဖြင့် ကျောင်းထွက်ခဲ့ရသူများဟု သိရှိရသည်။
_Ref: The Guardian

No comments:

Post a Comment