Monday 1 June 2015

မထင်မှတ်တဲ့ စွမ်းဆောင်မှုတွေနဲ့ ယူကရိန်းကို တခုခုလုပ်ပြနိုင်မယ်လို့ မျှော်လင့်ပါတယ်- နယူးဇီလန်ရောက် မြန်မာပရိသတ် ဦးရဲမျိုးဟိန်း

ဇွန်၂ ရက်မှာတော့ နယူးဇီလန် ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာအသင်းဟာ ယူကရိန်းအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်ကို တက်ရောက်နိုင်ရေး ဒီပွဲဟာ ၂ သင်းစလုံးအတွက် အရေးပါနေပါတယ်။ အုပ်စုတွင်းက အင်အားအတောင့်တင်းဆုံး အမေရိကန်ကို ခြေရည်တူ ကစားနိုင်ခဲ့တဲ့အတွက် မြန်မာဘောလုံးပရိသတ်က ဒီပွဲမှာ မြန်မာအသင်းပေါ်ကို အရမ်းကို မျှော်လင့်ထားပါတယ်။ ယူကရိန်းနဲ့ပွဲမှာ မြန်မာအသင်းအနေနဲ့ မထင်မှတ်တဲ့ စွမ်းဆောင်မှုတွေနဲ့ တခုခုလုပ်ပြနိုင်မယ်လို့လည်း ပရိသတ်တွေက မျှော်လင့်နေပါတယ်။ နယူးဇီလန်အထိ သွားရောက်ပြီး မြန်မာအသင်းကို အားပေးနေတဲ့ ဦးရဲမျိုးဟိန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။


နယူးဇီလန်မှာ မြန်မာအသင်းကို ပရိသတ်တွေ အားပေးမှုက ဘယ်လိုရှိလဲ။

“ပရိသတ်တွေ အားပေးမှုက တော်တော်လေးကို အံသြစရာကောင်းလောက်ပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ ဒီလောက် နယူးဇီလန်လို ကျနော်တို့နိုင်ငံနဲ့ ဝေးတဲ့နေရာမျိုးမှာ ဒီလောက် ပရိသတ်တွေ လာမယ်လို့ကို မထင်ဘူး။ ဟိုနေ့က ဟိုဘက်တခြမ်းအပြည့်လုံးနဲ့ ဒီဘက်အခြမ်းမှာလည်း တော်တော်များများ ကျနော်တို့ ပရိသတ်တွေပါပဲ။ အကုန်လုံးကလည်း တက်တက်ကြွကြွနဲ့ လာပြီးအားပေးကြတယ်။ ဆေးရောင်တွေဘာတွေခြယ်ပြီးတော့ လာအားပေးကြတယ်။ နယူးဇီလန်မှာရှိနေတဲ့ နယူးဇီလန်နိုင်ငံသားတွေကလည်း မြန်မာအသင်းကို တက်တက်ကြွကြွ အားပေးကြတာကို တွေ့ရပါတယ်။”

နယူးဇီလန်မှာ မြန်မာအသင်းကို အားပေးကြတာ မြန်မာပြည်ကလာတဲ့ ပရိသတ်တွေများလား။ နယူးဇီလန်ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေပဲလား။

“နယူးဇီလန်မှာရှိနေတဲ့ မြန်မာတွေက များပါတယ်။ သူတို့ နေရာစုံကနေလာတယ်။ နေရာစုံကနေ ၀မ်ဂရိုင်ကို ရောက်အောင်လာကြပါတယ်။”

ပရိသတ်တယောက်အနေနဲ့ မြန်မာအသင်းအပေါ် ဘယ်လိုမြင်လဲ။ သူတို့အခြေအနေကရော ဘယ်လိုရှိလဲ။

“ပထမဆုံးနေ့က ကန်သွားတဲ့ ခြေစွမ်းကိုတော့ ကျနော်တို့အနေနဲ့ အတိုင်းအတာတခုထိ ကျေနပ်အားရမှု ရှိပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ အမေရိကန်အသင်းက ကျနော်တို့အုပ်စုမှာ အတောင့်တင်းဆုံး အသင်းဆိုတာ အားလုံးအသိပါပဲ။ ယူ ၂၀ ကမ္ဘာ့ဖလားကို ၁၄ ကြိမ်လောက် ၀င်ရောက်ယှဉ်ပြိုင်ထားတာ၊ ကျနော်တို့က ဒါ ပထမဆုံး မျက်နှာသစ်အနေနဲ့ လာပြိုင်တဲ့ အချိန်ကျတော့ သူတို့ကလည်း ပထမတော့ ကျနော်တို့ကို အထင်တော်တော်လေး သေးထားပုံရတယ်။ ဒါပေမယ့် တကယ်လည်းကန်လိုက်ရော မြန်မာအသင်းခြေစွမ်းကို သူတို့ကိုယ်တိုင်ပဲ တော်တော်လေး အံ့အားသင့်တာ တွေ့ရတယ်။ အသင်းတသင်းလုံး ညီညီညွတ်ညွတ်နဲ့ အကောင်းဆုံး ကစားသွားနိုင်တာ၊ ဒါ ဘယ်သူမှ မထင်မှတ်နိုင်လောက်တဲ့ ခြေစွမ်းမျိုးပါပဲ။ ရှုံးပေမယ့်လည်း ပရိသတ်တယောက်အနေနဲ့ တော်တော်လေး ကျေနပ်အားရမှုရှိပါတယ်။”

မနက်ဖြန်မှာ ကစားမယ့် ယူကရိန်းနဲ့ ပွဲအပေါ်ကိုရော ဘာတွေ မျှော်လင့်ထားလဲ။

“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ၃ ပွဲလုံးက မလွယ်ပါဘူး။ ယူကရိန်းရော၊ အမေရိကန်ရော၊ နယူးဇီလန်ရော။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကမ္ဘာ့ဖလားပြိုင်ပွဲ အတွေ့အကြုံရှိတယ်။ ပါဝါနဲ့ အားနဲ့ တဦးချင်း ဘောလုံးကျွမ်းကျင်မှုက ကျနော်တို့ထက် အများကြီးသာပါတယ်။ ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် ၀င်ပြိုင်တဲ့အသင်းတွေထဲမှာ ကျနော်တို့အသင်းက အင်အားအနည်းဆုံးလို့ အကုန်လုံးက သတ်မှတ်ထားကြတာပါ။ ဘွတ်ကီတွေ တွက်တာရော၊ နောက် သတင်းစာထဲကနေပြီးတော့ သုံးသပ်တာကိုရော ကြည့်ရင် ကျနော်တို့အသင်းက အင်အားအနည်းဆုံး အသင်းပါပဲ။ ဒါပေမယ့် ကျနော်တို့ကလေးတွေ မထင်မှတ်တဲ့ စွမ်းဆောင်မှုတွေနဲ့ ယူကရိန်းကို အမေရိကန်နဲ့ပွဲမှာလို၊ အမေရိကန်နဲ့ပွဲထက် ပိုကောင်းပြီး တခုခုလုပ်ပြနိုင်မယ်လို့ ကျနော်တော့ မျှော်လင့်ပါတယ်။”

မြန်မာအသင်းကို အားပေးတဲ့ ပရိသတ်တဦးအနေနဲ့ မြန်မာအသင်း စိတ်ဓာတ်ကို ဘယ်လိုထင်လဲ။

“စိတ်ဓာတ်ကတော့ မယုံနိုင်လောက်အောင်ပါပဲ။ အမှန်တော့ သူတို့တွေက စိတ်ဓာတ်နဲ့ အဓိကထားပြီး သွားကစားနေကြတာပါ။ ဘောလုံးပညာရော၊ ဘောလုံးကျွမ်းကျင်မှုရော၊ ဖွံ့ဖြိုးမှုရော၊ တဦးချင်း ကာယအနေအထားရော၊ ကြံ့ခိုင်မှုရော အားလုံးပေါင်းလိုက်ရင် ပြိုင်ဘက်အသင်းတွေကို ယှဉ်ဖို့မလွယ်ပါဘူး။ ဒါပေမယ့် သူတို့ စိတ်ဓာတ်နဲ့ အကောင်းဆုံး ကစားပြီးတော့ ဒီလိုမျိုးအဆင့်ထိ ရောက်လာတာပါ။ ခြေစွမ်းကို ပြနေတာပါ။ စိတ်ဓာတ်ကတော့ ဟိုနေ့က သီဟထက်အောင်ဆိုရင်လည်း နှုတ်ခမ်းကွဲသွားပေမယ့်လည်း ချက်ချင်းပြန်ပြီးတော့ ကွင်းထဲဝင်ကစားဖို့ ကြိုးစားတယ်။ တခြားကစားသမားတွေရဲ့ စိတ်ဓာတ်ကလည်း တကယ့်ကို မယုံနိုင်လောက်အောင်ပါပဲ။”

No comments:

Post a Comment