Monday 1 June 2015

ညှဉ်းပန်းနှိပ်စက်ခံရ၍ လှေစီးထွက်ပြေးသည်ဟု ပြောဆိုချက် ရင့်သီးလွန်းသည်ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ် တုံ့ပြန်

နိုင်ငံတကာတွင် ဟိုးလေးတကျော်ကျော် ဖြစ်ပွားနေသည့် လှေစီးခိုးဝင်သူများတွင် ညှဉ်းပန်းနှိပ်စက်ခံရ၍ ရခိုင်ပြည်နယ်က ထွက်ပြေးသူများ ပါဝင်နေသည်ဟု ပြောဆိုချက်များမှာ ရင့်သီးလွန်းကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောကြားသည်။
လှေစီးဒုက္ခသည်များ အရေးနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ရှိ Orchid ဟိုတယ်တွင် မေလ ၃၁ ရက်နေ့က ပြုလုပ်သည့် DVB Debate တွင် လှေစီးခိုးဝင်သူများတွင် ညှဉ်းပန်းနှိပ်စက်ခံရ၍ ရခိုင်ပြည်နယ်က ထွက်ပြေးသူများ ပါဝင်နေသည်ဟု ဆွေးနွေးချက်များနှင့် ပတ်သက်၍ ၎င်းက ယင်းသို့ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

“Boat People ကိစ္စ ဘာကြောင့်ဖြစ်လဲဆိုတဲ့ အဖြေကတော့ အများကြီး ဆွေးနွေးရဦးမယ်။ အစိုးရ အသုံးမကျလို့ ဒီလိုပြောလို့လည်း မရဘူး။ ညှဉ်းပန်းနှိပ်စက်လို့ ဒီစကားက ရင့်သီးတယ်။ ဘယ်မှာလဲ ညှဉ်းပန်းနှိပ်စက်တာ” ဟု ဦးမောင်မောင်အုန်းက မီဒီယာများကို ပြောဆိုသည်။
လှေစီးခိုးဝင်သူများ ပြဿနာသည် လူကုန်ကူးမှု၊ လူမှောင်ခိုမှုများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး သို့သော်လည်း မြန်မာနိုင်ငံတွင် Slow Genocide (တမြေ့မြေ့ လူမျိုးတုံးသတ်ဖြတ်မှု) များ ပြုလုပ်၍ လှေစီးထွက်ပြေးသည်ဟု နိုင်ငံတကာ၏ စွပ်စွဲချက်ကို လုံးဝလက်မခံကြောင်း ၎င်းက The Voice ၏ သီးသန့်မေးမြန်းမှုတွင် ဖြေကြားထားသည်။
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ပြန်ကြားရေးတာဝန်ခံ ရိုဟင်ဂျာဆိုသူ ဦးကျော်စိုးအောင်ကမူ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတွင် နေထိုင်သူများအတွက် မျှော်လင့်ချက်မဲ့နေပြီ ဖြစ်၍ လှေစီးထွက်ပြေးကြခြင်း ဖြစ်ကြောင်း ပြောကြားသည်။
“သေမထူး၊ နေမထူးဖြစ်နေပြီ။ အဲဒီတော့ နည်းလမ်းနှစ်ခုပဲရှိတယ်။ အသေခံမလား၊ ထွက်ပြေးမလား” ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်ရှိ နှစ်ဖက်လူ့အဖွဲ့အစည်းများကို ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိအောင် လုပ်ဆောင်ပေးကာ တည်ငြိမ်မှုရရှိအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင်လည်း နှစ်ဖက်လုံးကို မျှတအောင် စီမံပေးထားကြောင်း ၎င်းက ပြောကြားသည်။
“အားလုံးသည် ဥပဒေအရ ဖြစ်ရမယ်။ ဒီလိုရဲရဲတင်းတင်း ပြောရဲတယ်။ သို့သော်လည်း အခြားမမျှော်လင့်နိုင်တဲ့ ရည်ရွယ်ချက်တွေ၊ ပယောဂတွေ ပြင်ပတွေ ပါဝင်လာရင်တော့ လုပ်ရခက်တယ်” ဟု ဦးမောင်မောင်အုန်းက ပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများမှာလည်း ဘာသာရေးအပေါ် အခြေခံ၍ ဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲ နှစ်ဖက်လူ့အဖွဲ့အစည်း နှစ်ခု၏ သမိုင်းကြောင်းအပေါ် အခြေခံကာ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဘာသာကြောင့် ဖြစ်ပွားသည့် ပဋိပက္ခဆိုပါက မြန်မာနိုင်ငံသည် ကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရတော့မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာ့ရေပိုင်နက်တွင် တွေ့ရှိ၍ အစိုးရက ကယ်တင်ထားသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား နှစ်ရာကျော်ကို မြန်မာနိုင်ငံက လုံးဝလက်မခံကြောင်း ဦးမောင်မောင်အုန်းက ပြောဆိုသည်။
The Voice Weekly

No comments:

Post a Comment