Monday 1 June 2015

ဥရောပခေါင်းဆောင် ၈၉ ဦးကို ရုရှားနာမည်ပျက် စာရင်းသွင်း၊ အနောက်နိုင်ငံများ ဒေါသထွက်

ဥရောပ စစ်ရေးနှင့် နိုင်ငံရေးခေါင်းဆောင် ၉၈ ဦးကို ရုရှားနိုင်ငံက နာမည်ပျက်စာရင်းတွင် ထည့်သွင်း ပိတ်ပင်လိုက်မှုကို အနောက်နိုင်ငံများက ဒေါသထွက်လျက်ရှိပြီး ရုရှားနှင့် အနောက်တိုင်းကြား ဆက်ဆံရေး ပိုမိုတင်းမာလာနိုင်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

နာမည်ပျက်စာရင်းတွင် ရုရှားအပေါ် အပြင်းအထန် ဝေဖန်လေ့ရှိသူများ၊ စစ်ရေးနှင့် ထောက်လှမ်းရေး အရာရှိများ ပါဝင်ပြီး ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက အဆိုပါစာရင်းကို ဥရောပသမဂ္ဂ ကိုယ်စားလှယ် အဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ဥရောပ နိုင်ငံသားများသာမက အမေရိကန်နိုင်ငံသားများ အတွက်လည်း စာရင်းတစ်ခု ပြုစု ထားကြောင်း ရုရှားနိုင်ငံခြားရေး အရာရှိတစ်ဦးက ပြောကြားသွားသည်။

ယူကရိန်းပိုင် ကရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက ၂၀၁၄ ခုနစ် မတ်လတွင် သိမ်းယူလိုက်ပြီးသည့်နောက် ဥရောပသမဂ္ဂက ရုရှားနှင့် ယူကရိန်းနိုင်ငံသားများ၊ အဖွဲ့အစည်းများအပေါ် အရေးယူ ပိတ်ဆို့ထားပြီး ပိုင်ဆိုင် မှုများ သိမ်းဆည်းခြင်းကို လုပ်ဆောင်ထားသည်။

အပြန်အလှန်အားဖြင့် ရုရှားနိုင်ငံက ဥရောပအရာရှိများကို နာမည်ပျက်စာရင်းသို့ ထည့်သွင်းလိုက်ပြီး ရုရှားနိုင်ငံသို့ ဝင်ရောက်လိုသည့် ဥရောပအရာရှိများကိုလည်း ပိုမိုတားမြစ်လျက်ရှိသည်။

“ဒီလုပ်ရပ်တွေဟာ လုံးဝအငြင်းပွားဖွယ် ဖြစ်ပြီး မျှတမှုမရှိပါဘူး၊ အထူးသဖြင့် အသေးစိတ်ရှင်းလင်းမှုတွေ ပွင့်လင်းမြင်သာမှုတွေ မရှိတဲ့အတွက် ပိုဆိုးပါတယ်” ဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ ပြောရေးဆိုခွင့် ရှိသူက မှတ်ချက်ပြုသွားသည်။

ထို့အပြင် ရုရှားနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူမှု လျော့ပါးစေရန် ရည်ရွယ်ချက်ဖြင့် ဥရောပ အရာရှိများကို နာမည်ပျက်စာရင်းအတွင်း ထည့်သွင်းသည် ဆိုပါက ယင်းလုပ်ဆောင်ချက်မှာ မှားယွင်း နေကြောင်း ၎င်းက ထောက်ပြထားသည်။

သို့သော်လည်း အရေးယူရခြင်းမှာ ရုရှားအပေါ် ပိတ်ဆို့ရေး ဂျာမနီ ဦးဆောင်သည့် ဥရောပနိုင်ငံများက လုပ်ဆောင်နေခြင်းကြောင့် ဖြစ်ကြောင်း အမည်မဖော်လိုသူ ရုရှားအရာရှိတစ်ဦးက TASS သတင်းဌာနကို ပြောကြားသွားသည်။

ရုရှားနိုင်ငံ ပြုစုထားသည့် စာရင်းတွင် ဥရောပသမဂ္ဂကောင်စီ အထွေထွေအတွင်းရေးမှူး ကော်စီပီယတ်၊ ပြင်သစ် ဆိုရှယ်လစ်အမတ်များအဖွဲ့ ခေါင်းဆောင် လီရော့၊ ဗြိတိန် ဒုတိယဝန်ကြီးချုပ်ဟောင်း ကလပ်၊ ဘယ်ဂျီယံ ခေါင်းဆောင်ဟောင်း ဗာဟိုဒတ်၊ ပိုလန်၊ လတ်ဗီးယား၊ လစ်သူရေးနီးယား၊ အတ်စတိုးနီးယား၊ ဒိန်းမတ်၊ ဖင်လန်၊ ဆွီဒင်၊ ချက်သမ္မတနိုင်ငံ၊ ရိုမေးနီးယား၊ ဘူဂေးရီးယားနှင့် စပိန်နိုင်ငံသားများ ပါဝင်သည်။

The Voice Weekly 

No comments:

Post a Comment