Monday 1 June 2015

မြန်မာနှင့် နယ်စပ်အနီး စစ်ရေးလေ့ကျင့်မည့် အစီအစဉ်ကို တရုတ်ကြေညာ

 မြန်မာနိုင်ငံနှင့် နယ်နိမိတ် အနီးတွင် ယခုသီတင်းပတ်အတွင်း တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှုတစ်ရပ် ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။
မြန်မာအစိုးရ စစ်တပ်နှင့် ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့များ စစ်ပွဲဖြစ်ပွားရာမှ လမ်းလွဲလာသည့် ဗုံးများ ကျရောက် ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသားများ သေဆုံးခဲ့ရာ ဒေသအနီးတွင် တရုတ်က မြေပြင်နှင့် ဝေဟင်တပ်များ စစ်ရေး လေ့ကျင့်မည် ဖြစ်သည်။
တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ဇွန် ၂ ရက်တွင် ယူနန်၌ အဆိုပါ စစ်ရေးလေ့ကျင့်မှု စတင်မည်ဖြစ်ကြောင်း၊ ကြည်းတပ်ရော လေတပ်ပါ ပါဝင်မည်ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း တပ်ဖွဲ့ဝင် အရေအတွက် မည်မျှ ပါဝင်မည် ဆိုသောအချက်နှင့် စစ်ရေးလေ့ကျင့်မှု ကြာမြင့်မည့် ကာလတို့ကို ဖော်ပြမထားခဲ့ချေ။ စစ်ရေးလေ့ကျင့်နေစဉ် အတောအတွင်း ယင်းဒေသကို လေယာဉ်များ ရှောင်ကွင်းပျံသန်းရန်လည်း သတိပေးထားသည်။

မတ်လက မြန်မာစစ်တပ် တိုက်လေယာဉ်တစ်စီးက လမ်းကြောင်းလွဲမှား ကြဲချမိသော ဗုံးတစ်လုံးကြောင့် တရုတ် လယ်သမား ၅ ဦး သေဆုံးခဲ့ရာ မြန်မာအစိုးရက တရားဝင် ပြန်လည် တောင်းပန်ခဲ့ရသည်။ တရုတ်သည် နယ်စပ်ကို ကျော်ဖြတ်ပြီး လက်နက်ကြီးနှင့် ကျည်ဆန်များ ကျရောက်နေမှုအတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် မြန်မာ အစိုးရကို အကြိမ်ကြိမ် အရေးဆိုခဲ့ဖူးသည်။

ယခုအစီအစဉ်သည် မတ်လက ဖြစ်ပွားသည့် ပစ်မှတ်လွဲချော် ဗုံးကျရောက်မှု ဖြစ်စဉ်အပြီး တရုတ်ဘက်က ပထမဆုံး တရားဝင် ကြေညာသည့် စစ်ရေးလေ့ကျင့်မှု ဖြစ်လာခဲ့သည်။ ဗုံးကျရောက်မှု ဖြစ်ပွားအပြီးတွင် တရုတ်သည် နယ်စပ်ဒေသကို စောင့်ကြည့်ရန် အင်အားဖြည့်တင်းမှုများ ပြုလုပ်ခဲ့ဖူးကြောင်း ယုံကြည်ရသည်။

ကိုးကန့် တိမ်းရှောင်တပ်ဖွဲ့ကို တရုတ်စစ်မှုထမ်းဟောင်းများက စစ်ရေးလေ့ကျင့် သင်ကြားပေးနေကြောင်း စွပ်စွဲချက်များကို တရုတ်အစိုးရက တွင်တွင်ငြင်းဆိုထားပြီး ၎င်းတို့အနေဖြင့် မြန်မာအစိုးရ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို လေးစားကြောင်း၊ အိမ်နီးချင်း နိုင်ငံ၏ တည်ငြိမ်မှု ပျက်ပြားအောင် တရုတ်ပိုင်နက်ဘက်ရှိ မည်သည့် အဖွဲ့အစည်းကိုမျှ ပြုလုပ်ပိုင်ခွင့် မပေးကြောင်း တုံ့ပြန် ကြေညာထားသည်။

_Ref: ABC

No comments:

Post a Comment