Saturday 23 May 2015

လုပ်ခတိုးရေး အလုပ်သမားသပိတ်နှင့် အရောင်းကျမှုကြောင့် အမေရိကန် McDonald's ကော်ပိုရေးရှင်း ဖိအားဝင်

အမေရိကန် အမြန်စာ fast food ကော်ပိုရေးရှင်း McDonald's သည် လုပ်ခတိုးမြှင့်ရေး အလုပ်သမားများ သပိတ်မှောက်မှုနှင့် အရောင်းကျဆင်းမှုကြောင့် ရှယ်ယာရှင်များ၏ ဖိအားများနှင့် ရင်ဆိုင်နေရလျက် ရှိကြောင်း VOA သတင်းတစ်ရပ်က ဖော်ပြထားသည်။ ရာပေါင်းများစွာသော ဆိုင်များ၏ အလုပ် သမားများနှင့် ထောက်ခံသူများသည် McDonald's ရုံးချုပ်ရှေ့တွင် တစ်နာရီလျှင် အနည်းဆုံး လုပ်ခလစာ ၁၅ ဒေါ်လာရရှိရေး တောင်းဆိုနေကြခြင်း ဖြစ်သည်။

ယခုလက်ရှိ လုပ်ခလစာသည် တစ်နာရီလျှင် ကိုးဒေါ်လာဖြစ်ပြီး လစာတိုး ဆန္ဒပြနေစဉ်တွင် ရှယ်ယာ ပိုင်ရှင်များ အစည်းအဝေး ကျင်းပနေချိန်လည်း ဖြစ်သည်။

ဒါရိုက်တာအဖွဲ့ကို မည်သို့ ရွေးချယ်ကြမည် ဆိုသည်ကို ပြုပြင်ပြောင်းလဲရန်အတွက် ရင်းနှီးမြှုပ်နှံသူများက မဲပေးရွေးချယ်နေချိန်လည်း ဖြစ်သောကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရသည်။

McDonald's ၏ ရောင်းအား ကျဆင်းနေသောကြောင့် ရင်းနှီးမြှုပ်နှံသူများက မကျေမချမ်း ဖြစ်နေချိန်တွင် အလုပ်သမားများကလည်း အခြေခံလစာကို တိုးတောင်းနေကြခြင်း ဖြစ်သည်။

ကမ္ဘာလုံးအနှံ့ ဆိုင်ခွဲများစွာဖြင့် အအောင်မြင်ဆုံး စားသောက်ဆိုင်လုပ်ငန်း McDonald's သည် ယခုအခါ ကျန်းမာရေး လိုက်စားသော စားသုံးသူများက ရှောင်လာခြင်း၊ အလုပ်သမားသပိတ် အရှိန်ရလာခြင်းတို့ ကြောင့် ရုန်းကန်နေရလျက်ရှိသည်။

McDonald's ကော်ပိုရေးရှင်းသည် ရင်းနှီးမြှုပ်နှံသူများ ထိပ်သီးအစည်းအဝေးသို့ မီဒီယာများ တက်ရောက် ခြင်းကို ပိတ်ပင်ထားပြီး အလုပ်သမားများ၏ တောင်းဆိုမှုနှင့် ရင်းနှီးမြှုပ်နှံသူများ၏ မကျေနပ်မှုများကို ဖြေရှင်းနိုင်ရန် ယခုအစည်းအဝေးတွင် နည်းလမ်းရှာကြမည် ဖြစ်သည်။

McDonald's သည် ၎င်း၏ စားသောက်ကုန်များကို အရောင်းမြှင့်တင်ရာ၌ ဘာဂါမုန့်ကို ဆူပါဆိုက်ခေါ် အရွယ်ကြီးမားအောင် လုပ်ဆောင်သကဲ့သို့ အလုပ်သမားများကလည်း “ကျုပ်တို့ လုပ်ခကို ဆူပါဆိုက် လုပ်ပေးပါ” ဟု ကြွေးကြော်နေကြသည်။

အစည်းအဝေးသို့ တက်ရောက်လာသူ ရင်းနှီးမြှုပ်နှံသူများနှင့် ဆန္ဒပြအလုပ်သမားများ အပြန်အလှန် ထိပ်တိုက်တွေ့မှုများ မဖြစ်စေရန် ရဲတစ်ဒါဇင်ခန့်က အကာအကွယ် ပေးထားကြသည်။ ဆန္ဒပြသူများသည် နယူးယောက်၊ တမ်ပါနှင့် ဖီလာဒယ်ဖီးယားတို့မှ လာရောက်ကြသူများ ဖြစ်ကြသည်။

The Voice Weekly 

No comments:

Post a Comment