Saturday 23 May 2015

မြန်မာ့ပြုပြင်ပြောင်းလဲရေး ဆက်ကူညီမည်ဟု အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီး ပြော

သမ္မတဦးသိန်းစိန် ဦးဆောင်သည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများအပေါ် ဆက်လက် အားပေးကူညီသွားမည် ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်တိုနီ ဘလင်ကန်က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော မစ္စတာဘလင်ကန်နှင့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများ မေလ ၂၂ ရက်နေ့က ရန်ကုန်မြို့တော်ရှိ အမေရိကန်စင်တာတွင် တွေ့ဆုံစဉ် ဒုတိယနိုင်ငံခြားရေး ဝန်ကြီးက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ “မနေ့ကလည်း နေပြည်တော်မှာ သမ္မတဦးသိန်းစိန် အပါအဝင် အစိုးရအရာရှိကြီး အတော်များများနဲ့ တွေ့ခဲ့ပြီး မြန်မာ့အပြောင်းအလဲကို ဘယ်လိုဆက်ကူညီပေးရမလဲ ဆိုတာတွေ ဆွေးနွေးဖြစ်ခဲ့ပါတယ်” ဟု မစ္စတာဘလင်ကန်က ရှင်းပြသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် ပြောစမှတ်ပြုလောက်သည့် အပြောင်းအလဲများ မြင်တွေ့ခဲ့ကြောင်း၊ သို့သော် သမ္မတအိုဘားမား၏ ဒုတိယ အကြိမ် မြန်မာခရီးစဉ်အတွင်း ပြောကြားခဲ့သည့်အတိုင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ပြောင်းလဲရေး လုပ်ငန်းများမှာ ရှည်လျားသည့် ခရီးတစ်ခုကို ဆက်လက်ချီတက်ရဦးမည် ဖြစ်ကြောင်း မစ္စတာ ဘလင်ကန်က ထပ်လောင်းပြောဆိုသည်။

“တကယ်တော့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဆုံးဖြတ်ဖို့က မြန်မာပြည်သူတွေရဲ့ အရေးကိစ္စသာ ဖြစ်ပါ တယ်။ ပြုပြင်ပြောင်းလဲရေးဆိုတာ ခရီးရှည် ချီတက်ရမယ့် လုပ်ငန်းစဉ်ကြီးပါ။ ဒီမိုကရက်တစ် အင်စတီ ကျူရှင်းတွေ ဒီမိုကရေစီဓလေ့ထုံးတမ်းတွေအတွက် မြန်မာတွေ နေ့စဉ် အလုပ်လုပ်ဖို့ လိုပါတယ်” ဟု မစ္စတာ ဘလင်ကန်က မှတ်ချက်ပြုသည်။

အမေရိကန် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး၏ ခရီးစဉ်အတွင်း ဘင်္ဂလားပင်လယ်အတွင်းရှိ ဘင်္ဂါလီ လှေစီး ဒုက္ခသည်များ အရေးကိုလည်း ဆွေးနွေးခဲ့ပြီး ယင်းလှေစီး ဒုက္ခသည် အများစုမှာ ရခိုင်ပြည်နယ်မှ ဖြစ် ကြောင်း မစ္စတာ အန်တိုနီဘလင်ကန်က ပြောဆိုခဲ့သည်။

သို့သော် သမ္မတဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က အဆိုပါ ဘင်္ဂါလီအများစုမှာ မြန်မာနိုင်ငံမှ မဟုတ်ကြောင်း၊ သို့သော် မြန်မာ့ရေပိုင်နက်အတွင်း ရောက်ရှိ လာသည့် လှေစီးဒုက္ခသည်များကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်မည် ဖြစ်ကြောင်း တုံ့ပြန်ထားသည်။

လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများနှင့် ပတ်သက်၍ မြန်မာလူထုက ရွေးကောက်ပွဲရလဒ်ကို ကျေနပ်လက်ခံလျှင် မည်သူအနိုင်ရသည် ဖြစ်စေ အမေရိကန်ပြည်ထောင်စုကလည်း မြန်မာနိုင်ငံကို ဆက်လက်အားပေးကူညီမည် ဖြစ်ကြောင်း မစ္စတာဘလင်ကန်က ပြောဆိုသည်။

မစ္စတာဘလင်ကန်၏ မြန်မာ့ခရီးစဉ်အတွင်း မေလ ၂၂ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင်များ ကိုယ် စားပြု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင်များနှင့် တွေ့ဆုံ ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ နိုင်ငံရေးဆွေးနွေးပွဲများ စတင်မည့် ကိစ္စရပ်များနှင့် အဆိုပါ နိုင်ငံရေး ဆွေးနွေးပွဲများတွင် အရပ်ဘက်အဖွဲ့အစည်းနှင့် အမျိုးသမီးများ ပါဝင်နိုင်ခွင့်တို့ ဆွေးနွေးခဲ့ကြောင်း နှစ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။

The Voice Weekly 

No comments:

Post a Comment