Saturday 23 May 2015

ဒေါ်လာသန်း ၁၇၀ ကုန်ကျမည့် ရန်ကုန်-ဒလ တံတားအတွက် ကိုရီးယားမှ ၁၃၉ သန်းခန့် ချေးမည်

မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအဖြစ် ရန်ကုန်မြစ်ကို ဖြတ်ကျော်တည်ဆောက်မည့် ရန်ကုန်-ဒလ တံတားအတွက် ကိုရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ (EDCF) မှ အမေရိကန်ဒေါ်လာ သန်း ၁၃၇ ဒသမ ၈၃၃ ချေးယူခွင့်ရရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးကျော်လွင်က ယနေ့ (မေ၂၂)ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ရှင်းလင်း တင်ပြခဲ့ သည်။

“တံတားရဲ့ စုစုပေါင်း ခန့် မှန်းကုန်ကျငွေက အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်း ဖြစ်ပါတယ်၊ EDCF Loan အနေနဲ့ ၁၃၇ ဒသမ ၈၃၃ သန်းကို ချေးယူရမှာဖြစ်ပြီးတော့ မြန်မာနိုင်ငံအနေနဲ့  ၃၀ ဒသမ ၃၄၁ သန်းနဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေကို ထည့်ဝင်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ချေးငွေဆိုင်ရာ အချက်အလက်များအပေါ် ဝန်ကြီးက အတိုးနှုန်း ၀ ဒသမ ၀၁ ရာနှုန်း၊ ဆိုင်းငံ့ကာလ ၁၅ နှစ်၊ ပြန်ဆပ်ကာလ ၂၅ နှစ်၊ စုစုပေါင်း အနှစ် ၄၀၊ ချေးငွေပေးဆပ်မှု- တစ်နှစ်လျှင် နှစ်ကြိမ်၊ ပျက်ကွက်လျှင် တစ်နှစ်အတွက် ၂ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုစရိတ် ၀ ဒသမ ၁ ရာခိုင်နှုန်း၊ IRR Ratio ၁၅ ဒသမ ၃ ရာခိုင်နှုန်း၊ ခန့်မှန်းစီမံကိန်းကာလ - ငါးနှစ်ဖြစ်ပြီး ချေးငွေများအားလုံးကို တစ်နှစ်တည်းတွင် သုံးမည်မဟုတ်ဘဲ ငါးနှစ် ခွဲခြားပြီးသုံးသွားမည်ဟု ဆိုသည်။

ချေးငွေများကို ၂၀၁၅-၁၆ တွင် ၇ ဒသမ ၇၄ သန်း၊ ၂၀၁၆-၁၇ တွင် ၃၉ ဒသမ ၄၉၈ သန်း၊ ၂၀၁၇-၁၈ တွင် ၃၁ ဒသမ ၇၄၄ သန်း၊ ၂၀၁၈-၁၉ တွင် ၃၆ ဒသမ ၃၈၂ သန်း၊ ၂၀၁၉-၂၀ တွင် ၂၂ ဒသမ ၄၆၉ သန်း ဟူ၍ ဘဏ္ဍာနှစ်အလိုက် ခွဲခြားသုံးစွဲသွားမည်ဖြစ်သည်။

၂၀၁၂ အောက်တိုဘာလ သမ္မတဦးသိန်းစိန်၏ ကိုရီးယားနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း နှစ်နိုင်ငံ သမ္မတနှစ်ဦးတွေ့ ဆုံစဉ် ချစ်ကြည်ရေး တံတားစီမံကိန်းကို အကောင်အထည်ဖော်ရန် ဆွေးနွေးခဲ့ပြီး ၂၀၁၃ ဇွန်လ ၁၉ ရက်တွင် ကိုရီးယားသမ္မတနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးနှင့် မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာကံဇော်တို့  တွေ့ ဆုံ၍ နှစ်နိုင်ငံ စီးပွားရေး အတူ ပူးပေါင်းဆောင်ရွက်ကြရန် အစည်းအဝေးပြုလုပ်ခဲ့ရာ ထိုအစည်းအဝေးမှ EDCF ချေးငွေဖြင့် ရန်ကုန် မြစ်ပေါ်တွင် တံတားဆောက်ရန် ကိုရီးယားသမ္မတနိုင်ငံက အဆိုပြုခဲ့ခြင်းဖြစ်သည်။

ကိုရီးယားအစိုးရက ဒေါ်လာ ၆၈၀,၀၀၀ ထောက်ပံ့ကူညီပြီး Sambo Engineering Co., Ltd နှင့် Korea Engineering Consultants Corp. တို့က တံတားစီမံကိန်း ဖြစ်မြောက်နိုင်မှုကို ၂၀၁၃ ဧပြီ ၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ကိုးလကြာမြင့်ခဲ့ပြီး ယခုစီမံကိန်းအဆင့် ရောက်ရှိလာခြင်းဖြစ်သည်။

“တံတားအူကြောင်း လျာထားနေရာ သုံးနေရာ ရွေးခဲ့ပါတယ်၊ ၁ က ရန်ကုန်ဘက် ဘုန်းကြီးလမ်းထိပ်၊ ၂ က ရန်ကုန်ဘက် ၀ါးတန်းလမ်းထိပ်နဲ့  ၃ က လမ်းမတော်လမ်းထိပ်တို့ ဖြစ်ပါတယ်၊ လက်ရှိ အဆောက်အအုံ များအား ထိခိုက်မှု အနည်းဆုံးဖြစ်တဲ့ ရန်ကုန်ဘက်ကမ်း ဘုန်းကြီးလမ်းထိပ်နဲ့ ဒလဘက်ကမ်း ဗိုလ်မင်းရောင်လမ်းတို့ ကို ဆက်သွယ်မည့် လျာထားအူကြောင်းဖြစ်တဲ့ အူကြောင်း ၁ ကို ရွေးချယ်ခဲ့ ပါတယ်” ၀န်ကြီးက ပြောသည်။

ချဉ်းကပ်လမ်းများအပါအ၀င် စုစုပေါင်းတံတားအရှည် ၁၈၇၂၅ ပေ (၆၁၄၄ မီတာ) ရှိပြီး ခံနိုင်ဝန် ယာဉ်တစ်စီးချင်း ၇၅ တန်ရှိမည့် ရန်ကုန်-ဒလ တံတားကြောာင့် ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း စသည့် မြို့ နယ်များ လူမှု၊ စီးပွား၊ ပညာရေး၊ ကျန်းမာရေးများ တစ်ပြိုင်တည်း ဖွံ့ ဖြိုးတိုးတက်လာနိုင်သကဲ့သို့ တံတားတည်ဆောက်သည့် အဆင့်မြင့် နည်းပညာများ၊ အတွေ့ အကြုံသစ်များ၊ အလုပ်အကိုင် အခွင့်အလမ်းများလည်း ရနိုင်သောကြောင့် ယခု ချေးငွေအား ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုပေးရန် ဦးကျော်လွင်က ပြောခဲ့သည်။

လွှတ်တော်နာယက သူရဦးရွှေမန်းက အဆိုပါချေးငွေကိစ္စကို ဆွေးနွေးလိုသည့် လွှတ်တော်အမတ်တို့ သည် မေလ ၂၅ ရက် နောက်ဆုံးထား အမည်စာရင်းပေးကြရန် ယနေ့ မှာကြားခဲ့သည်။

Mizzima - News in Burmese​ 

No comments:

Post a Comment