Saturday 23 May 2015

မက္ကစီကိုတွင် ဒုစရိုက်ဂိုဏ်းတစ်ခုနှင့် ရဲများ တိုက်ပွဲဖြစ်ပွားပြီး လူ ၄၀ ကျော်သေဆုံး

မက္ကစီကိုတွင် လက်နက်ကိုင် ဒုစရိုက်ဂိုဏ်း တစ်ခုနှင့် လုံခြုံရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး လူ ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရှိရသည်။

 မေလ ၂၂ ရက်က ဂျာလစ္စကိုပြည်နယ် နယ်စပ်အနီးရှိ တန်ဟွာတိုမြို့တွင် လက်နက်ကိုင် ဂိုဏ်းတစ်ခုနှင့် ရဲများ အပြန်အလှန် ပစ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၄၃ ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။ မက္ကစီကိုတွင် မူးယစ်မှောင်ခိုမှုနှင့် ဆက်စပ်သည့် လက်နက်ကိုင် ဒုစရိုက်ဂိုဏ်းများ ခြေကုပ်ယူ လှုပ်ရှား နေပြီး လုံခြုံရေး တပ်ဖွဲ့များနှင့် မကြာခဏ ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပေါ်လေ့ရှိသည်။ ယခုဖြစ်ရပ်တွင် အနည်းဆုံး ရဲအရာရှိတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အဆိုပါ ဧရိယာ တစ်ဝိုက်တွင် အင်အားအကောင်းဆုံး မူးယစ်မှောင်ခိုဂိုဏ်း တစ်ခုဖြစ်သည့် ဂျာလစ္စကို မျိုးဆက်သစ်ဂိုဏ်းနှင့် ရဲတပ်ဖွဲ့တို့ကြားတွင် ယခင်ကတည်းက သွေးထွက်သံယို တိုက်ခိုက်မှုများ ရှိခဲ့ပြီး ယခုတစ်ကြိမ် ဖြစ်ရပ်တွင် သေဆုံးသူ အများစုသည် ဒုစရိုက်ဂိုဏ်းသားများဖြစ်ကြောင်း အမျိုးသား လုံခြုံရေးကော်မရှင် အကြီးအကဲ မွန်တီ အေလက်ဂျန်ဒရို ရူဘီဒိုက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့သည် အဆိုပါ နေရာသို့ ရောက်ရှိသွားပြီးနောက် ဂိုဏ်းသားများက စတင်ပစ်ခတ်ခဲ့ခြင်းဟု သတင်း များက ဖော်ပြခဲ့သော်လည်း ရဲများအနေဖြင့် စုံစမ်းစစ်ဆေးမှု တစ်ခုခုအတွက် ယင်းသို့ သွားရောက်ခြင်း ဟုတ်၊ မဟုတ် ဆိုသည်ကိုမူ ကွဲကွဲပြားပြား မသိရသေးချေ။

ဂျာလစ္စကို မျိုးဆက်သစ်ဂိုဏ်းသည် မကြာသေးမီ လပိုင်းများအတွင်း သိသိသာသာ အင်အားတိုးပွားလာပြီး ဂျာလစ္စကိုနှင့် မစ်ချိုယန်ကန် ပြည်နယ်များသည် မက္ကစီကိုတွင် အကြမ်းဖက် တိုက်ခိုက်မှု အထူပြောဆုံး ဒေသများလည်း ဖြစ်လာကြောင်း သိရှိရသည်။ 

_Ref: FOX
7Day DAILY 

No comments:

Post a Comment