Saturday 23 May 2015

CNG ကုဗပေတစ်သန်း ရန်ကုန်တိုင်းတွင် ထပ်တိုးဖြန့်မည်

ပြည်တွင်းရှိ ခရီးသည်တင်ယာဉ်လိုင်းများနှင့် အငှားယာဉ်အချို့ မောင်းနှင်ရာတွင် အသုံးပြုလျက်ရှိသော CNG (မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့) ကို ရန်ကုန်တိုင်းဒေသကြီးအတွက် တစ်ရက်လျှင် ကုဗပေ တစ်သန်းခန့် ထပ်တိုးဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

ကုန်းတွင်း သဘာဝဓာတ်ငွေ့မြေမှ သဘာဝဓာတ်ငွေ့ သင့်တင့်သော ပမာဏ ပိုမိုတိုးတက် ထုတ်လုပ်လာနိုင်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ ကုဗပေတစ်သန်း တိုးချဲ့ဖြန့်ဖြူးပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက မေလ ၂၂ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
လတ်တလော ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင်ယာဉ်များတွင် စွမ်းအင်ဝန်ကြီးဌာနမှ တပ်ဆင်ခွင့်ပေးထားသည့် ဓာတ်ငွေ့အိုး ပမာဏမှာ တစ်နေ့တာ ပြေးဆွဲရန် လောက်ငခြင်း မရှိကြောင်း၊ ယင်းသို့ မလောက်ငခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လုံလောက်စွာ ခွင့်ပြုပေးရန် တောင်းဆိုထားသည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးသို့ မြန်မာနိုင်ငံအောက်ပိုင်းရှိ ရေနံမြေများမှ ထွက်ရှိသည့် ကုန်းတွင်းသဘာဝဓာတ်ငွေ့များကို တစ်ရက်လျှင် CNG ကုဗပေသန်း ၂၀ ခန့် ဖြန့်ဖြူးပေးလျက်ရှိပြီး ယခု အခါ တစ်ရက်လျှင် ကုဗပေတစ်သန်းခန့် ထပ်တိုးဖြန့်ဖြူးပေးရန် စီစဉ်နေခြင်း ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားသည်။

ထို့အတူ တိုက်ကြီး၊ မှော်ဘီ၊ ပဲခူး၊ လှည်းကူးတို့မှ မီနီဘတ်စ်များနှင့် စီးတီးဘတ်စ်များကို CNG ဓာတ်ငွေ့ပိတ်ရက်မရှိ ဖြန့်ဖြူးရောင်းချနိုင်ရန် မေလ ၃၀ ရက်တွင် ထောက်ကြန့်၌ အရောင်းဆိုင်တစ်ဆိုင် ဖွင့်လှစ်မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြန်ကြားရေးနှင့် ဆက်ဆံရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းမင်းဦးက ရှင်းပြပြောဆိုသည်။

“ဒီလိုဂက်စ်ချပေးမယ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ဆီမှာ မကွဲပြားတဲ့ အပိုင်းသုံးပိုင်း ရှိပါတယ်။ အဲဒါတွေက ဘာတွေလဲဆိုတော့ ဒီလိုချပေးလို့ ခရီးသည်တင် ယာဉ်အသစ်တစ်စီးကို ဂက်စ်လျှောက်တဲ့အခါ စလစ်မလိုဘဲ ချပေးမှာလား၊ အခုချပေးတဲ့ဂက်စ်က အများပိုင်ယာဉ်တွေ အတွက်ပဲလား၊ ပြီးတော့ တကယ်ရော ပုဂ္ဂလိက ခရီးသည်တင်ယာဉ်တွေအတွက် လုံလုံလောက်လောက် ထုတ်ရောင်းချပေးမှာလား ဆိုတာပါပဲ။ အများပိုင်လုပ်မှ ဂက်စ်ရမယ် ဆိုတာတော့ ကျွန်တော်တို့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ အတွက် နစ်နာစေပါတယ်။ ဒါမတရားတာပါ” ဟု (၄၈) ယာဉ်လိုင်းပိုင်ရှင် ဦးတရုတ်လေးက မှတ်ချက်ပြု ပြောကြားသည်။

လွန်ခဲ့သည့် နှစ်နှစ်ခန့်က ယင်းသို့ ရန်ကုန်တိုင်းဒေသကြီးအတွက် ကုဗပေတစ်သန်း တိုးမြှင့်ဖြန့်ဖြူးပေး ရာတွင် ခရီးသည်တင်ယာဉ်များ ဓာတ်ငွေ့ လျှောက်ထားစဉ်အတွင်း စလစ်ပြသရန်မလိုဘဲ လျှောက်ထား ခွင့်ပြုခဲ့ကြောင်း ယခုချထားပေးမှုတွင်လည်း ယင်းသို့ စလစ်လိုအပ်ခြင်း မရှိဘဲ ဂက်စ်လျှောက်ထားခွင့် ရရှိပါက ဓာတ်ငွေ့ဖိုးငွေ မကုန်ကျတော့ခြင်းကြောင့် ယာဉ်သစ်များ ပိုမိုတင်သွင်းလာနိုင်မည် ဖြစ်ကြောင်း လတ်တလော ခရီးသည်တင် ယာဉ်သစ်တစ်စီး ဓာတ်ငွေ့ရရှိရန်အတွက် စလစ်တစ်စောင်လျှင် ကျပ် ၄၅ သိန်းမှ သိန်း ၅၀ အထိ ရှိကြောင်း ယာဉ်ပိုင်ရှင် အသိုင်းအဝိုင်းထံမှ သိရသည်။

The Voice Weekly 

No comments:

Post a Comment