Saturday 23 May 2015

မလေးရှားသို့ သွားရန် မဖြစ်တော့၍ နေရပ် ပြန်ပို့မည်ဟု ဆိုကာ ဘင်္ဂလီများကို မောင်တောအနီးတွင် ချထားခဲ့ဟုဆို

မလေးရှားနိုင်ငံသို့ထွက်ခွာမည့် ဘင်္ဂလီများတင်ဆောင်သည့် သင်္ဘောသည် မလေးရှားသို့ သွားရောက်ရန် မဖြစ်တော့သည့် အတွက် နေရပ်သို့ပြန်ပို့မည် ဆိုကာ မောင်တောဒေသ အနီးတစ်ဝိုက်တွင် ချထားခဲ့ခြင်း ဖြစ်သည်ဟု ရခိုင်ပြည်နယ် လ.ဝ.က ဦးစီးမှူးဦးခင်စိုးက မဇ္ဈိမကို ပြောသည်။

မေလ ၂၂ ရက်က မြန်မာ့ရေ ပိုင်နက်အတွင်း မောင်တောမြို့နယ် အတွင်းတွင် စက်လှေတစ်စီးနှင့်တူ ဘင်္ဂလီ ၂၀၀ ခန့်ကို ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။ တပ်မတော် ရေယာဉ်အမှတ် ၅၆၈ သည် နယ်မြေ လုံခြုံရေး တာဝန်ထမ်းဆောင်နေစဉ် ဘင်္ဂါလီ ၂၀၀ နှင့် လူလိုက်ပါခြင်းမရှိသည့် စက်လှေတစ်စီးတို့ကို စစ်ဆေးတွေ့ရှိ သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

“သူတို့ပြောတာကတော့ မလေးရှားကိုသွားမယ့် လှေက သွားဖို့မဖြစ်နိုင်တော့လို့ နေရပ်ကို ပြန်ပို့ပေးမယ် ဆိုပြီး ခေါ်လာတာလို့ပြောတယ် ဘင်္ဂလီလိုပဲပြောတယ်” ဟု ဦးခင်စိုးက ပြောသည်။

စစ်ဆေးချက်များအရ စက်လှေပိုင်ရှင်မှာ ထိုင်းနိုင်ငံရနောင်းမြို့နေအုမင့် ဖြစ်သည်ဟု ပြန်ကြားရေး အင်တာနက်စာမျက်နှာကဆိုသည်။ ဖမ်းဆီးထားသူများကို မောင်တောမြို့နယ် နယ်ခြားစောင့်တပ်က ယာယီစခန်းဖွင့်၍ စစ်ဆေးလျှက်ရှိသည်။

ရခိုင်ပြည်နယ်တွင် နယ်ခြားစောင့်တပ်နှင့် လ.ဝ.က တို့က ဦးဆောင်၍ ဘင်္ဂလီ အဝင်အထွက် မှုခင်းများကို ကိုင်တွယ် ဖြေရှင်း လျှက်ရှိသည် ဟုလည်း ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်အရ ဘင်္ဂလားဒေရှ်နိုင်ငံမှ ထွက်ခွာလာသော သင်္ဘောသည် မလေးရှား သို့ မရောက်မှီ နေရပ်သို့ပြန်ပို့မည်ဟုဆိုကာ မြန်မာ့ရေပိုင်နက်အတွင်းရှိ မောင်တောမြို့နယ် အနီးတစ်ဝိုက် တွင် ဒုက္ခသည်များကို ချထားခဲ့သည် ဟု ဦးခင်စိုးကပြောသည်။

မေလ ၁၇ ရက်က ရခိုင်ပြည်နယ်မောင်တောမြို့နယ်တွင်ပင် ဘင်္ဂလီ တစ်ဆယ့်တစ်ဦးကို ဖမ်းဆီးမိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဟုဆိုကာ ပြန်လွှတ်ခဲ့သေးသည်။

လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ မောင်တောတာဝန်ခံ ရဲအုပ်စံလင်းက “ဖမ်းမိတာ ဟုတ်ပါတယ်၊ လ.ဝ.က က ဆက်ဖြေရှင်းပါမယ်။ ဒါကပြည်ထောင်စု အဆင့်ဖြေရှင်းရမယ့်ကိစ္စ ဖြစ်တဲ့အတွက် ကျွန်တော် တို့ ပြောလို့မရပါဘူး”ဟုဆိုသည်။

မောင်တောဒေသသည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ဒေသဖြစ်ပြီး ထိုဒေသတွင် တပ်မတော် ရေ၊ နယ်ခြားစောင့်တပ် နှင့် လ.ဝ.က စခန်းများက လုံခြုံရေး ယူထားသည်။

ပင်လယ်ပြင်ရွေ့ပြောင်း သွားလာနေသော လှေစီးဒုက္ခသည်များနှင့် ပတ်သက်၍ ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် ဒေသတွင်းနိုင်ငံများ အစည်းအဝေးသို့ မြန်မာ ကိုယ်စားလှယ်များတက်ရောက်ရန် စီစဉ်ထားသည်။

ထိုဒုက္ခသည်များအရေးအတွက် မေ ၂၁ ရက်က အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် သမ္မတ ဦးသိန်းစိန်တို့ သီးခြားဆွေးနွေးမှုများပြုလုပ်ခဲ့သေးသည်။

Mizzima - News in Burmese​ 

No comments:

Post a Comment