Saturday 23 May 2015

ရန်ကုန်မြို့တော်တွင် အငှားယာဉ်ဖြင့် အုပ်စုဖွဲ့ လုယက်သူများကို ဖမ်းမိ

ရန်ကုန်မြို့တော် အလုံမြို့နယ်တွင် မေလ ၂၁ ရက်နေ့ နံနက်အစောပိုင်းက လမ်းလျှောက် သွား လာနေသော လူငယ် သုံးဦးထံမှ ငွေသား၊ လက်ကိုင်ဖုန်း အခြား တန်ဖိုးကြီးပစ္စည်းများ အငှား ယာဉ်ဖြင့် အုပ်စုဖွဲ့ လုယက်ခဲ့သူများကို လုယက်မှုဖြစ်ပွားပြီး ၂၂နာရီအကြာတွင် ဖမ်းဆီးခဲ့ကြောင်း အလုံမြို့မရဲစခန်း မှူး ဒုရဲမှူးတင်လှက ပြောကြားသည်။
အလုံမြို့နယ် စောရန်ပိုင် အနောက် ရပ်ကွက်တွင်နေထိုင်သော လူငယ်သုံးဦး မှာ မေလ ၂၁ ရက်နေ့ နံနက် ၃ နာရီခန့်က နေအိမ်မှ ရွေတိဂုံဘုရားသို့သွားရန် အလုံလမ်းအတိုင်း လမ်းလျှောက်လာစဉ် အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းရှေ့၌ ချယ်ရီအမျိုးအစား အနီရောင် အငှားယာဉ်ပေါ်မှ လူငါးဦးက လက်ကိုင်ဖုန်းနှင့် Apple တံဆိပ် iPad-2 တစ်လုံးနှင့် ငွေကျပ်လေးသောင်း ကျော် ပါဝင်သည့် ကျောပိုး အိတ်ကို လုယူကာ မော်တော်ယာဉ် မောင်းနှင်ထွက်ပြေးခဲ့ကြောင်း အလုံမြို့မရဲစခန်းထံမှ သိရှိရသည်။

“ကောင်လေးတွေက လမ်းလျှောက်လာတုန်း ချယ်ရီအနီရောင်တက္ကစီက ကျော်ရပ်ပြီး ကားထဲကလူတွေက ကားခ ပါရင်ပေးဖို့ လှမ်းတောင်းတယ်။ ကောင်လေး တွေကလည်း မပါဘူးလို့ပြောတော့ ပိုက်ဆံမပါရင် ဖုန်းပေးဆိုပြီး ဖုန်းနဲ့ ကျောပိုးအိတ်ကို လက်သီးတွေနဲ့ ထိုးကြိတ်လုယူပြီး သူတို့စီးလာတဲ့ တက္ကစီနဲ့ပဲ ထွက်ပြေးသွားတာ” ဟု အမှုဖွင့်တိုင်တန်း သူလူငယ်၏ ပြောဆိုချက်များကို ကိုးကား၍ အလုံမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

အဆိုပါလုယက်မှု ဖြစ်ပွားပြီးနောက် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနမှ တပ်ဖွဲ့ဝင် များနှင့် အလုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက လုယက်သူများကို စုံစမ်းရှာဖွေခဲ့ရာ အသက် ၃၇ နှစ်အရွယ် ယာဉ်မောင်းစံကြီး (ခ) ကိုစံမင်းထက်ကို ချယ်ရီအနီရောင် အငှားယာဉ်နှင့်အတူ သင်္ဃန်းကျွန်း မြို့နယ်တွင် လည်းကောင်း၊ အသက် ၁၉ နှစ်အရွယ် နားပေါက်(ခ)ကိုအောင်ဝင်းထွန်း နှင့် ဖိုးခွား(ခ) ကိုရဲမွန်ခန့်တို့ကို ရန်ကင်းမြို့နယ်နှင့် လှိုင်မြို့နယ်တို့တွင် လည်းကောင်း၊ အသက် ၂၃ နှစ် အရွယ် ဝိတ်ပေါ(ခ) မျိုးမင်းဦးကို လှိုင်သာယာမြို့နယ် တို့တွင် ၂၂ နာရီအတွင်း ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ လုယက်မှုနှင့် ပတ်သက်၍ ဖမ်းမိထားသော အငှားယာဉ်မောင်း အပါအဝင် ငါးဦးကို (ပ) ၁၈၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း၊ အလုံမြို့နယ်တွင် လုယက်မှု အပါအဝင် အမှု အခင်းများ လျော့ကျစေရန် ညဥ့်ဦးပိုင်းတွင် နှစ်ဖွဲ့၊ ညဥ့်နက်ပိုင်းတွင် နှစ်ဖွဲ့၊ ဝပ်ကင်းသုံးဖွဲ့ဖြင့် လုံခြုံေ ရး ဆောင် ရွက်လျက်ရှိကြောင်း အလုံမြို့မ ရဲစခန်းမှူး ဒုရဲမှူးတင်လှက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment