Monday, 16 March 2015

မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည် ငါးကြင်းဆီနှင့် ငါးကြင်းကြော်သည့် ကြိုပွိုင့်ဈေးကွက်သာ ဖြစ်ကြောင်း ပညာရှင်များဝေဖန်

မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည် Systematic Housing Financial Mechanism အားမကောင်းသေးသည့် အနေအထားတစ်ရပ်တွင် ရှိနေပြီး ငါးကြင်းဆီနှင့် ငါးကြင်းကြော်နေသော ကြိုပွိုင့်ဈေးကွက်အပေါ်၌သာ အခြေတည်ထားကြောင်း ဖွံ့ဖြိုးတိုးတက်လာမည့် အိမ်ရာနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ၏ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ တက်ရောက်လာသည့် ပညာရှင်များက သုံးသပ်ကြသည်။


“ကျွန်တော်တို့ဆီမှာ ဘာနဲ့ကစားနေလဲဆိုတော့ ကြိုပွိင့်နဲ့၊ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်နေတာ။ အဲဒီတော့ ဝယ်သူတွေရဲ့ ပိုက်ဆံနဲ့ပဲ ပြန်လှည့်နေတာ။ အဲဒီတော့ ကြိုပွိုင့်က မပွိုင့်တော့ဘူးဆိုရင် ငုတ်တုတ်ကြီးမေ့တဲ့ကိန်း ဆိုက်နေပြီ။ ဒီတော့ တတ်နိုင်တဲ့ သူတွေကသာလျှင် ဆက်ပြီးရှင်သန်ရတဲ့ ဘဝ။ ဒါကြောင့် ဒီနေ့ စိန်ခေါ်မှုနဲ့ အလားအလာကို ပြောရင် Housing Financial Mechanism လိုအပ်ပါတယ်”ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း)ဦးမြင့်မိုရ်ဆွေက ပြောကြားသည်။

“မြန်မာနိုင်ငံမှာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကို အစိုးရကနေပြီးတော့ ဦးစားပေးပြီး လုပ်ဆောင်ပေးနိုင်ဖို့ လိုပါတယ်။ အစိုးရကိုယ်တိုင်လည်း ရင်းနှီးမြှုပ်နှံသင့်ပါတယ်။ အခြားတစ်ဖက်မှာလည်း စီးပွားဖြစ်ဆောက်တဲ့ အိမ်ရာစီမံကိန်း (Commercial Housing) တွေကိုလည်း ရပ်ထားလို့ မရပါဘူး။ လက်ရှိ မြန်မာနိုင်ငံမှာကတော့ စီးပွားဖြစ် အဆောက်အအုံတွေပဲ တော်တော်အားကောင်းနေတာ တွေ့ရပါတယ်။ စည်ပင်က ခွင့်ပြုထားတာ အထပ် ၂ဝ အထက် အဆောက်အအုံ အလုံး ၂ဝ လောက် ရှိတယ်။ အထပ် ၃ဝ ကတော့ သုံးလုံးလောက် ရှိတယ်လို့ သိရတယ်။ ဒါပေမဲ့ ဒီဘက်က Low Cost မှာကျတော့ လိုအပ်ချက်တွေ များနေတယ်။ ဒါကြောင့် ကျူးကျော်တွေလည်း များနေတာကို တွေ့ရပါတယ်။ ဒါကြောင့် တန်ဖိုးနည်း စီမံကိန်းတွေ၊ တန်ဖိုးမျှတ စီမံကိန်းတွေကို စနစ်တကျ အကောင်အထည် ဖော်ပေးနိုင်ရင်တော့ ပိုပြီးကောင်းမွန်ပါလိမ့်မယ်။ ဒါပေမဲ့ အခုက စီးပွားဖြစ် ဆောက်လုပ်မှုတွေသာ များနေပြီးတော့ ဒါတွေကလည်း လှောင်မယ့်သူတွေ ကြိုပွိုင့်သမားတွေကို အားကိုးနေရတဲ့ အနေအထားမျိုး ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ အိမ်ရာကဏ္ဍကို အထောက်အကူပြုမယ့် Housing Financial Mechanism က အားမကောင်းသေးပါဘူး”ဟု ၎င်းက ပြောကြားသည်။

လက်ရှိအချိန်တွင် အိမ်ရာအဆောက်အအုံ ဆောက်လုပ်သူများသည် ၎င်းတို့လိုအပ်သော ငွေကြေးအတွက် ဘဏ်များကိုသာ အားကိုးနေရသည် ဆိုသော်လည်း ဘဏ်များတွင် လေးနှစ်သက်တမ်းသာ ချေးယူ၍ရကြောင်း၊ လတ်တလောတွင် မြန်မာ့အိမ်ရာ အဆောက်အအုံ လုပ်ငန်းများတွင် ဘဏ်ချေးငွေဖြင့် လည်ပတ်နေသည့်ပမာဏ ရာခိုင်နှုန်း ၈ဝ ရှိကြောင်း၊ ဈေးကွက်သည် Markert Economy အတိုင်း မသွားသည့်အတွက် ဈေးကစားသည့် ဈေးကွက် ဖြစ်နေကြောင်း၊ ထို့အတူ ၂ဝ၁၅ ၏ အိမ်ခြံမြေဈေးကွက် အလားအလာမှာ ရွေးကောက်ပေါ်လည်း မူတည်နေကြောင်း စာရေးဆရာသန်းစိုး (ဘောဂဗေဒ)က သုံးသပ်ခဲ့သည်။

အိမ်ရာကဏ္ဍကို ချဲ့ထွင်မည်ဆိုပါက အလျားလိုက်ချဲ့ထွင်နည်း (Horizontal) နှင့် ဒေါင်လိုက်ချဲ့ထွင်နည်း (Vertical) နည်းဖြင့် ချဲ့ထွင်နိုင်သော်လည်း ဒေါင်လိုက်ချဲ့ထွင်နည်းသည် နည်းပညာ၊ လျှပ်စစ်ဓာတ် အားရရှိမှုတို့ အပေါ်တွင် မူတည်နေကြောင်းနှင့် အလျားလိုက်ချဲ့ထွင်ခြင်း၌လည်း မြေယာအရှုပ်အထွေးများ ရှိနေသည့်အတွက် ပြဿနာများစွာ ရှိနေကြောင်း သုံးသပ်ကြသည်။

အလားတူ အိမ်ရာဆောက်လုပ်မှု အပိုင်းများတွင် စံချိန်စံညွှန်းနှင့်ပတ်သက်၍ အရည်အသွေးမပြည့်မီသည့် အပိုင်းများလည်း တွေ့ရကြောင်း၊ မြန်မာနိုင်ငံ၌ မြေယာဈေးနှုန်း ကြီးမားသည့်အပြင် ဆောက်လုပ်သည့်ပစ္စည်း (Building Materials) များမှာလည်း နိုင်ငံခြားမှ တင်သွင်းနေရကြောင်း၊ ထို့အတွက် တိုက်ခန်းများအား ဈေးနှုန်းအတော်ပင် မြင့်မားနေသော်လည်း စံချိန်စံညွှန်းပိုင်းနှင့် ပတ်သက်၍မူ အားနည်းချက်များ ရှိနေကြောင်း သိရသည်။

“အထပ်မြင့် အဆောက်အအုံတွေ ဆောက်လုပ်မယ် ဆိုရင်တော့ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ဆောက်လုပ်ဖို့ လိုအပ်ပါတယ်။ အဆောက်အအုံပိုင်းမှာ အရည်အသွေးနဲ့ ပတ်သက်ရင်တော့ အရင်ဆုံးစပြီး ဆောက်လုပ်တဲ့ သူတွေဘက်က မှန်မှန်ကန်ကန်ရှိဖို့ လိုအပ်သလို သုံးစွဲတဲ့ပစ္စည်းတွေကလည်း အရည်အသွေးပြည့်မီဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဆောက်လုပ်တဲ့သူတွေမှာ တာဝန်ရှိသလို စစ်ဆေးတဲ့သူတွေမှာလည်း တာဝန်ရှိပါတယ်”ဟု SE ( Soil Energy) မှ CEO ဦးသန်းမြင့်ဦးက ပြောကြားသည်။

“အိမ်ရာကဏ္ဍဟာ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် တော်တော်လေး အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေပါတယ်။ ဒီလိုပဲ နိုင်ငံရေးအကျိုးဆက်တွေ ပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ ဒီကဏ္ဍအပေါ်မှာ သက်ရောက်မှုလည်း ရှိနေပါတယ်။ အိမ်ရာကဏ္ဍဖွံ့ဖြိုးဖို့ လိုတယ်ဆိုတာက စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် သိပ်ကိုအရေးပါနေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဥပမာ-အိမ်ရာကဏ္ဍမှာ အလုပ်တစ်နေရာ ပေးလိုက်ရင် အခြားတစ်နေရာမှာ အလုပ်နှစ်နေရာ ထပ်ပေါ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ စစ်တမ်းတွေမှာလည်း ဖော်ပြထားတာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ တကယ်လိုအပ်နေတာက ပြီးပြည့်စုံတဲ့ အိမ်ရာမူဝါဒ (Comprehensive Housing Policy) ပါ။ ဒီမူဝါက မြန်မာနိုင်ငံမှာ မရှိသေးပါဘူး။ တိုင်းပြည်ရဲ့လိုအပ်ချက်အပေါ်မှာ မူတည်ပြီးတော့ပဲ အဆင်ပြေသလို လုပ်ဆောင်နေတဲ့ အပိုင်းတွေ့ရပါတယ်”ဟု ဦးမြင့်မိုရ်ဆွေက ပြောကြားသည်။

“နောက်တစ်ခါ Comprehensive Housing Policy ဆိုတဲ့အပိုင်းမှာ ပုဂ္ဂလိက Investment တွေပါမယ်။ အဲဒီအပိုင်းမှာလည်း အစိုးရက Fastilator အနေနဲ့ပါရမယ်။ အစိုးရအနေနဲ့ တစ်ဖက်မှာ Income Housing အတွက် Intervention ဝင်လုပ်ရတဲ့အပိုင်း။ ကိုယ်တိုင်ကိုယ်ကျ ရင်းနှီးမြှုပ်နှံပြီးတော့ ဝင်လုပ်ရတဲ့အပိုင်း။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဲဒီလိုပဲ လုပ်ပေးရတယ်။ ဒီဘက်မှာလည်း Commercial Housing ကလည်း ရပ်ထားလို့မရဘူး။ သွားနေရတယ်။ အခု ကျွန်တော်တို့ဆီမှာ ဖြစ်နေတာက Commercial Housing က အရမ်းအားကောင်းနေတယ်။ Housing Production ကိုကြည့်လိုက်ရင် ဒီ Commercial Housing ဘက်မှာ ကွန်ဒိုတွေ ကန်ထရိုက်တိုက်တွေက အရမ်းများနေတယ်ဟု ၎င်းက ဆက်လက်သုံးသပ်ခဲ့သည်။

ယင်းကဲ့သို့ Commercial Housing များ များနေသော်လည်း Low Cost ပိုင်းတွင် လိုသလောက် မထုတ်နိုင်သည့်အတွက် လည်းကောင်း၊ စားသုံးသူ ပြည်သူလူထု၏ ဝင်ငွေနိမ့်ကျမှုကြောင့် လည်းကောင်း၊ မြန်မာနိုင်ငံတွင် ကျူးကျော်များ များသထက်များလာကြောင်း သိရသည်။

“လိုအပ်ချက်က အရမ်းများတဲ့အတွက် စောစောက ကျူးကျော်တွေ အရမ်းများလာတယ်။ အိမ်ရာမဲ့တွေ များလာတယ်။ တစ်ဖက်မှာလည်း လုပ်နေတဲ့ အနေအထားတွေရဲ့ အလားအလာကို ပြောမယ်ဆိုရင် ဒီနှစ်ခုစလုံးရဲ့ အလားအလာ မကောင်းဘူး။ Commercial Housing အနေနဲ့ ပြောမယ်ဆိုရင်လည်း မကောင်းဘူး။ ဒီဘက်ကလည်း မတက်ဘူး။ ဟိုဘက်ကလည်း မကောင်းဘူး။ အဲဒီတော့ Two Ways မှာ ဘယ်ဟာမှ မကောင်းဘူး ဖြစ်နေတယ်။ အစိုးရကို အားကိုးတော့လည်း အားကိုးသလောက် အစိုးရက မဆောက်ပေးနိုင်ဘူး။ ဒီဘက်မှာ ပုဂ္ဂလိကကဏ္ဍက လုပ်နေတဲ့ Commercial Housing ကလည်း Speculate လုပ်တဲ့သူ၊ လှောင်ပြီး ရောင်းတဲ့သူကို အားပြုနေရတယ်။ ကြိုပွိုင့် ဝယ်တဲ့သူကို အားပြုနေရတယ်။ ပြန်ကြည့်ရင် အဲဒီနှစ်ခုလုံးရဲ့ Long Term မှာ သူ့ရဲ့ Survial က ဘယ်အပေါ်မှာ မူတည်နေသလဲဆိုရင် Housing Financing Mechanism ကို မူတည်နေတယ်။ မြန်မာပြည်မှာက မရှိသေးဘူး။ အဲဒါကိုလည်း ကျွန်တော်တို့ တည်ဆောက်ရမယ်”ဟု ၎င်းက ပြောကြားသည်။

အထူးသဖြင့် ရန်ကုန်မြို့တွင် အိမ်ရာအဆောက်အအုံ လိုအပ်ချက် မြင့်တက်နေကြောင်း၊ ရရှိထားသော စာရင်းဇယားများအရ ၂ဝ၁၃ ခုနှစ်တွင် အထပ်နိမ့်၊ အထပ်မြင့် အဆောက်အအုံစုစုပေါင်း ၆ဝဝဝ ကျော် ဆောက်လုပ်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် ၄၂ဝဝ ကျော် ဆောက်လုပ်နိုင်ခဲ့သည့်အတွက် နှစ်နှစ်အတွင်း အဆောက်အအုံသစ် ၁ဝဝဝဝ ကျော် ဆောက်လုပ်နိုင်ခဲ့ကြောင်း၊ သို့သော် လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း သုံးသပ်ကြသည်။

Writer: အငယ်ထွေး၊ နီလာ

Credit >>> news-eleven.com

No comments:

Post a Comment