Monday 16 March 2015

စက်မှု အိမ်ရာစီမံကိန်း အတွင်း အလုပ်သမား (၁၀၀၀၀) အတွက် စတင် ဆောင်ရွက်

       စက်မှုဇုန်များရှိ ၀န်ထမ်းအိမ်ရာ စီမံကိန်း အတွင်း အလုပ်သမား (၁၀၀၀၀) အတွက် အိမ်ရာ တည်ဆောက်မှုကို စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ထံမှ သတင်း ရရှိသည်။ အဆိုပါ အစီအစဉ်အား ယခုနှစ် အတွင်း အကောင်အထည်ဖော်မည် ဖြစ်ကာ အိမ်ရာ ဆောက်လုပ်နိုင်ရေး အတွက် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ပိုင်မြေ (၁၆) ဧကအား လုပ်ငန်းရှင် များထံ အငှားချထားပေးမည် ဖြစ်ကြောင်း သိရသည်။


                ကျွန်မတို့ဌာန အနေနဲ့က မြေနေရာ အိမ်ရာ စီမံကိန်း ဒီဇိုင်းပိုင်းကို တာဝန်ယူ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ကျန်တဲ့ စီမံခန့်ခွဲမှုနဲ့ ကုန်ကျငွေ စိုက်ထုတ်မှုတွေကို တိုင်းဒေသကြီး  အစိုးရရဲ့ အစီအစဉ် တိုင်းပဲ ဖြစ်မှာပါ ဟု မြို့ ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံကိန်း ညွှန်ကြားရေးမှူး ဒေါ်မီမီတင် က ပြောသည်။

                ဆောက်လုပ်ရန် လျာထားသည့် စီမံကိန်း အနက် မြေတစ်ဧကလျှင် လူဦးရေ(၅၀၀)ခန့် နေထိုင်နိုင်မည့် ငါးထပ် တိုက်ခန်းတွဲ ပုံစံများ ဖြစ်ပြီး၊ တစ်ဧက အတွက် ဆောက်လုပ်ရေး လုပ်ငန်း ကုန်ကျငွေမှာ ကျပ်သိန်း(၃၀၀၀) မှ (၄၀၀၀)အတွင်း ကုန်ကျနိုင်မည် ဖြစ်ကြောင်း၊ ၎င်းက ဆက်လက် ပြောသည်။

                အမှန်တကယ် အကောင်အထည် ပေါ်လာမယ် ဆိုရင်တော့ အလုပ်သမားတွေ အတွက် ၀မ်းသာစရာပေါ့။ ဒါပေမဲ့ ဘယ်လိုပုံစံနဲ့ ထားပေးမယ် ဆိုတဲ့ အချက်ကလည်းရှိ သေးတယ် ဟု လှိုင်သာယာ MIndasအထည်ချုပ် စက်ရုံ မှ မဇင်မာဦးက ပြောသည်။ စက်မှုဇုန် အသီးသီးမှ အလုပ်သမားများ သည် အခြေခံ လစာ ကျပ်(၃၅၀၀၀)မှ အစပြု ၍ မန်နေဂျာ အဆင့် (၃၀၀၀၀၀) ၀န်းကျင် အထိသာ ရရှိကာ အဆောင်ငှားခ များမှာ ကျပ် (၃၀၀၀၀)မှ (၅၀၀၀၀) အကြား ရှိကြောင်း ၎င်းက ဆက်လက် ပြောသည်။

                ကျွန်တော်တို့ဘက်က ဘယ်လိုပုံစံနဲ့ လုပ်မလဲဆိုတဲ့ ဟာက ဆွေးနွေးလို့ မပြီးပြတ်သေးဘူး။ အရစ်ကျပုံစံပေး မှာလား၊ ဒါမှမဟုတ် အလုပ်လုပ် နေတဲ့ အချိန်အတွင်းမှာ ပြင်ပနှုန်း ထားတွေထက် သက်သာတဲ့ နည်းနဲ့လား၊ ဒီအတိုင်း အခကြေးငွေ မပါဘဲ  ပေးထား မလားပေါ့ ဟု လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။ အထက်ပါ အိမ်ရာ စီမံကိန်းအား လှိုင်သာယာ စက်မှုဇုန် အတွင်း တည်ဆောက်မည် ဖြစ်ကာ အဆိုပါ စက်မှုဇုန် အတွင်း၌ တရားဝင် မှတ်ပုံတင်ထားသူနှင့် မှတ်ပုံတင် မထားသူ စုစုပေါင်း တစ်သိန်းကျော် ရှိကြောင်း ၎င်းက ဆိုသည်။
messengernewsjournal

No comments:

Post a Comment