Monday 16 March 2015

တရုတ်နိုင်ငံသားများ ထပ်မံသေဆုံးပါက ပြတ်ပြတ်သားသား တုံ့ပြန်မည်ဟု တရုတ်စစ်ကော်မရှင်က မြန်မာကို သတိပေး

တရုတ်-မြန်မာနယ်စပ်အနီး တိုက်ပွဲများအတွင်း မြန်မာ့တပ်မတော်၏ ပစ်ခတ်မှုများကြောင့် တရုတ်နိုင်ငံသားများ ထပ်မံသေဆုံးပါက ပြတ်ပြတ်သားသား တုံ့ပြန်မည်ဟု မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရုတ်နိုင်ငံ စစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ Fan Changlong က သတိပေးပြောကြားကြောင်း တရုတ်အစိုးရ သတင်းဌာန People’s Daily သတင်းတွင် ဖော်ပြထားသည်။

မတ် ၁၃ ရက်နေ့တွင် မြန်မာ့တပ်မတော် လေယာဉ်က ပစ်ခတ်သော ဗုံးကြောင့် တရုတ်အနောက်ပိုင်း ယူနန်ပြည်နယ်ထဲ အတွင်းရှိ ဒေသခံလေးဦး သေဆုံးခြင်းနှင့် ပတ်သက်ပြီး မတ်လ ၁၄ ရက်နေ့တွင် တရုတ်အစိုးရက ဖုန်းဖြင့် အထက်ပါအတိုင်း သတိပေးပြောကြားခြင်း ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး မတ်လ ၁၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထိပ်ပိုင်းအရာရှိများက မြန်မာနိုင်ငံဆိုင်ရာ တရုတ်စစ်သံမှူးနှင့် တရုတ်သံအမတ်ကို ခေါ်ယူတွေ့ဆုံ ညှိနှိုင်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ကျွန်တော်တို့နဲ့ တွေ့တဲ့ အချိန်မှာတော့ အေးအေးဆေးဆေးပါပဲ။ တင်းတင်းမာမာ မရှိပါဘူး၊ ကျွန်တော်တို့ ဒီကိစ္စကို သေချာစိစစ်ဖို့အတွက် နှစ်ဖက်တပ်မတော်ပိုင်းက စစ်လက်နက် ကျွမ်းကျင်သူတွေပါတဲ့ နှစ်ဖက်စုံစမ်းရေးကော်မရှင် ဖွဲ့စည်းဖို့အတွက် ကမ်းလှမ်းထားပါတယ်။ ဘာလို့လဲဆိုတော့ ဒီဗုံးဆန်ဟာ ကျွန်တော်တို့ဆီက ဟုတ်မဟုတ် စစ်ဆေးဖို့ လိုပါတယ်။ လောလောဆယ်တော့ သူတို့ဘက်က အကြောင်းမပြန်သေးပါဘူး” ဟု ၎င်းကဆိုသည်။
တရုတ်-မြန်မာ နယ်စပ်အနီးတွင် မြန်မာတပ်မတော်က ကိုးကန့် လက်နက်ကိုင်တပ်များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သောကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် Lincang နယ်စပ်မြို့ရှိ ကြံစိုက်ခင်းကို မတ် ၁၃ ရက်နေ့က ဗုံးထိမှန်ပြီး တရုတ်နိုင်ငံသားလေးဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိသွားကြောင်း တရုတ်နိုင်ငံပိုင် သတင်းများတွင် ဖော်ပြထားသည်။
အဆိုပါ တရုတ်နိုင်ငံသားများ သေဆုံးခြင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Liu Zhenmin တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို ခေါ်ယူတွေ့ဆုံကာ ဗုံးကြဲတိုက်ခိုက်မှုတွင် တာဝန်ရှိသူကို အပြစ်ပေးပြီး အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ပေါ်စေရေးနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်ရေးတွေအတွက် ထိထိရောက်ရောက် ချက်ချင်းဆောက်ရွက်ရန် မြန်မာအစိုးရကို တိုက်တွန်းခဲ့သည်။
သို့သော်လည်း မြန်မာ့တပ်မတော်၏ မြေပြင်သတင်းအချက်အလက်၊ ရေဒါနှင့် GPS စနစ်များအရ ကိုးကန့်တပ်ဖွဲ့များကို ဗုံးကြဲတိုက်ခိုက်သည့် တပ်မတော် လေယာဉ်များသည် တရုတ်နိုင်ငံဘက်အခြမ်းသို့ ရောက်ရှိခြင်းမရှိပဲ ကိုးကန့်လက်နက်ကိုင်များက နှစ်နိုင်ငံ နယ်စပ်ဒေသ တင်းမာစေရန် ပုံးမှားရိုက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက တုံ့ပြန်ထားသည်။
The Voice Weekly

No comments:

Post a Comment