Monday 16 March 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကချင် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ် အဖွဲ့အား တွေ့ဆုံ


တိုင်းရင်းသားများ စုစည်း နေထိုင်သော နိုင်ငံတော် ဖြစ်၍ ကောင်းသော အကျိုးရလဒ်များ ခံစားကြရန် အရေးကြီးပါကြောင်း ၊ လက်ရှိ ဆောင်ရွက်နေသော ကိစ္စ ရပ်များသည် နိုင်ငံတော် ရှေ့ဆက် လျှောက်လှမ်းရမည့် လမ်းကြောင်း အတွက် ကောင်းသော လုပ်ဆောင်မှုများ၊ အကျိုးကျေးဇူးများ ဖြစ်ထွန်းရန် လိုအပ်ကြောင်း၊ ယခု တွေ့ဆုံမှုအား ကြိုဆိုပါကြောင်း ၊ အနာဂတ် အတွက်လည်း အမှန်တကယ် မျှော်လင့်ပါကြောင်း၊ တိုင်းပြည် အတွက် ငြိမ်းချမ်းရေး ရောင်ခြည် သန်းပြီဟု ဆိုနိုင်ပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ ကချင် လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)မှ ဒေါက်တာလဂျာ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား တွေ့ဆုံရာ၌ ထည့်သွင်း ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက် ကြပြီး ကချင် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို)မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာ၊ ဗဟို ကော်မတီဝင် ဦးဆွမ်လွတ်ဂမ်၊ ဒုတိယ စစ်ဦးစီးချုပ် အက်စ်ဂွမ်မော် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ကချင် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို)၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် သဘောထားအား သိရှိရ၍ ဝမ်းမြောက်ပါကြောင်း ၊ KIO/ KIA ၏ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ပွင့်လင်းစွာ တင်ပြမှု အတွက်လည်း ဝမ်းသာပါကြောင်း ၊ ယနေ့ နိုင်ငံတော်သည် ပါတီစုံ ပါဝင်သည့် ပြည်သူလူထု အုပ်ချုပ်မှုစနစ်ဖြင့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်း နေကြောင်း ၊ သွားနေသည့် လမ်းကြောင်း တူသော်လည်း လက်ဝဲ လက်ယာ စသည်ဖြင့် ပါတီ အဖွဲ့အစည်းများ တစ်ခုနှင့် တစ်ခု မူဝါဒကွဲလွဲမှု အကောင်အထည် ဖော်ဆောင်ရာတွင် ကွဲပြားမှုများ ရှိနိုင်ကြောင်း ၊ တပ်မတော် အနေဖြင့်လည်း တည်ငြိမ် အေးချမ်းမှု ၊ တိုင်းရင်းသား အားလုံး စည်းလုံး ညီညွတ်မှု ၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အားလုံး ဝိုင်းဝန်း လုပ်ဆောင် နေမှုတို့တွင် ခိုင်မာစွာ ပါဝင် ဆောင်ရွက်နေကြောင်း၊ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဝိုင်းဝန်း ဆောင်ရွက်ရာတွင် Itention မှန်ဖို့လိုကြောင်း ၊ သဘောထား မှန်မှန် ကန်ကန်နှင့် လုပ်ဆောင်မှု အားလုံးကိုလည်း ကြိုဆိုပါကြောင်း၊ တပ်မတော် အနေဖြင့် ပဋိပက္ခများတွင် လက်နက်ကိုင် ဖြေရှင်းမှုအား မလိုလားဆုံး ဖြစ်ကြောင်း၊ တိုက်ပွဲများကြောင့် တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့အစည်းများ အတွက် မြန်မာ တိုင်းရင်းသားများသာ ဆုံးရှုံးရခြင်း ဖြစ်ကြောင်း ၊ ပြည်သူလူထုမှာလည်း နစ်နာ ဆုံးရှုံးရကြောင်း၊ တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် လျော့သွားသော အင်အားကို Recurting လုပ်၍ စုဆောင်း ဖြည့်တင်း နိုင်သော်လည်း ပြည်သူလူထု၏ သားသမီးများ ဆုံးရှုံးပါက ပြန်လည် ဖြည့်၍ မရနိုင်သဖြင့် ဆုံးရှုံးမှု ကြီးမားသောကြောင့် နက်နက်နဲနဲ ထည့်သွင်း စဉ်းစားပါကြောင်း ၊ တပ်မတော်၏ ငြိမ်းချမ်းရေး မူများကိုလည်း ဖြစ်နိုင် သလောက် အပြုသဘော ဆောင်ပြီး ဆောင်ရွက်စေလိုပါကြောင်း ၊ တပ်မတော်ပိုင်းတွင် စစ်စည်းကမ်း ကောင်းမွန်ခြင်းနှင့် အမိန့်နာခံခြင်းကို အခြေခံပြီး တစ်သွေးတည်း၊ တစ်သံတည်း ၊ တစ်စိတ်တည်းဖြင့်၊ ညီအစ်ကို စိတ်ဓာတ်ဖြင့် ဆောင်ရွက်နေပါကြောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းများ အနေဖြင့်လည်း အောက်ခြေ အဆင့်အထိပါ နားလည် လိုက်ပါ လုပ်ဆောင်စေခြင်းဖြင့် သံသယများကို လျော့နည်း ပပျောက်စေနိုင်ကြောင်း၊ ထာဝရ ငြိမ်းချမ်းရေး ရရှိရန် အမှန်တကယ် လိုလား ပါကြောင်းဖြင့် ပြောကြားပြီး လတ်တလော ဖြစ်ပျက်နေသည့် အခြေအနေများနှင့် စပ်လျင်း၍ ရှင်းလင်း ပြောကြားသည်။
ကချင် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို)မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာက နိုင်ငံတော် တည်ငြိမ်ရေး ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် ပါတီစုံ ဒီမိုကရေစီ စနစ် ခိုင်မာစေရေး အတွက် တပ်မတော်က ကြိုးပမ်း ဆောင်ရွက်ချိန် ဖြစ်ပြီး အားလုံး လိုက်နာမှ အောင်မြင်မည် ဆိုသည့် သဘောထားကို မိမိတို့တွင်လည်း ရှိပါကြောင်း ၊ တိုင်းရင်းသား အားလုံး စုစည်း ပူးပေါင်း ထူထောင် ထားသည့် နိုင်ငံဖြစ်၍ တည်ငြိမ် အေးချမ်းစွာဖြင့် လူမှုစီးပွား တိုးတက် ဖွံ့ဖြိုးရန်မှာလည်း နိုင်ငံသား အားလုံး၏ မျှော်လင့်ချက် ဖြစ်သည်မှာ အမှန်တရားပင် ဖြစ်ပါကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ ရပ်တန့် ဖြေရှင်းရန် တိုင်းရင်းသား အားလုံး ပါဝင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် လတ်တလော ဖြစ်ပေါ်မှုများ အပေါ် ရှင်းလင်း ဆွေးနွေး ပြောကြားသည်။
ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ်မှ ယခုကဲ့သို့ နွေးထွေးစွာ ကြိုဆို၍ ရင်းနှီး ပွင့်လင်းစွာ နှစ်ဘက် အပြန်အလှန် ဆွေးနွေးခွင့် ရရှိသည့် အတွက် ကျေးဇူးတင် ဝမ်းမြောက် မိပါကြောင်းဖြင့် ပြောကြားသည်။
ဒုတိယ စစ်ဦးစီးချုပ် အက်စ် ဂွမ်မော်က NCA လက်မှတ် ရေးထိုးမှုသည် နောင်တစ်ချိန် တိုက်ပွဲများ အတွက် ပြင်ဆင်ခြင်း မဖြစ်စေလိုဘဲ နိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး ၊ လုံခြုံရေးတို့တွင် လက်တွေ့ကျကျ အကျိုးရှိစွာ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲပြီး တည်ငြိမ် အေးချမ်းစွာ အတူတကွ ပေါင်းစည်း နေထိုင်လိုစိတ်ဖြင့် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် လက်ရှိ ဖြစ်ပျက်နေသော အခြေအနေ အရပ်ရပ်တို့ကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို)မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာ တို့သည် အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
MOI

No comments:

Post a Comment