Monday 16 March 2015

မြောက်ပိုင်း ပါဂျောင်လူသတ်မှုတွင် အဓိက ပါဝင်သူများ ပျောက်ဆုံးလျက် ရှိဟုဆို

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်း ပါဂျောင်ဒေသတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုတွင် အဓိက ပါဝင်သူများ ပျောက်ဆုံးလျက်ရှိကြောင်း အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေးကော်မတီ တာဝန်ခံ ညှိနှိုင်းရေးမှူး ဦးကျော်လင်းက ပြောကြားသည်။
မတ်လ ၁၅ ရက်နေ့၌ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် House Of Memory စားသောက်ဆိုင်တွင် ဂုဏ်သိက္ခာဟု အမည်ပေးထားသော ပါဂျောင်လူသတ်မှု အစီရင်ခံစာကို ထုတ်ပြန်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

အဆိုပါ ပါဂျောင်ဒေသတွင် ကျောင်းသားများကို အစိုးရထောက်လှမ်းရေးဟု စွပ်စွဲကာ ဖမ်းဆီးညှဉ်းပန်း သတ်ဖြတ်သည့် လုပ်ရပ်တွင် အဓိက ပါဝင်သော ABSDF မြောက်ပိုင်းက ဖွဲ့စည်းခဲ့သည့် ထောက်လှမ်းရေးယူနစ် အဖွဲ့ဝင် ခြောက်ဦးရှိပြီး တစ်ဦးသေဆုံးသော်လည်း ကျန်ငါးဦးမှာ လက်ရှိအချိန်တွင် မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့လည်း အဲဒါကို ရှာဖွေပါတယ်။ အစီရင်ခံစာမှာ သူတို့က အဓိက လူတွေလေ၊ ဒါပေမဲ့ မန္တလေးမှာလိုလို၊ ပြည်တွင်းပဲ ပြန်ဝင်မလာသလိုလိုပဲ ကြားတယ် သတင်းအစအန ပြတ်နေတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ ပါဂျောင်ဒေသတွင် စစ်ထောက်လှမ်းရေးဟု စွပ်စွဲကာ သတ်ဖြတ်ခဲ့ရန် ဆုံးဖြတ်သော ဗဟိုကော်မတီဝင်များ အတွင်းမှ ၈ ဦးကိုသာ ဆက်သွယ်မေးမြန်းခွင့် ရရှိကြောင်း အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေးကော်မတီထံမှ သိရသည်။
အဆိုပါ မြောက်ပိုင်း ပါဂျောင်ဒေသတွင် စစ်ထောက်လှမ်းရေးဟု စွပ်စွဲကာ ကျောင်းသား ၁၀၅ ဦးကို ဖမ်းဆီးညှဉ်းပမ်း နှိပ်စက်သောကြောင့် ကျောင်းသား ၃၅ ဦးနှင့် အရပ်သားတစ်ဦး သေဆုံးခဲ့မှုတွင် တာဝန်ရှိသူများကို ABSDF ဗဟိုအလုပ်အမှုဆောင်တွင် ခန့်အပ်ခြင်း မပြုရန်နှင့် တာဝန်ရှိသူများက သေဆုံးသူ မိသားစုများကို တစ်ဦးချင်းအလိုက် တရားဝင် တောင်းပန်ရန် တိုက်တွန်းကြောင်း အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေးကော်မတီ အစီရင်ခံစာအတွင်း ပါရှိသည်။
ထို့အပြင် ဖမ်းဆီးထားသော ကျောင်းသားများကို လျှပ်စစ်ရှော့ရိုက်ခြင်း၊ ရိုက်နှက်ခြင်း၊ ကိုယ်ပေါ်တွင် ရင်ဘောင်ကြမ်း(ကတ္တရာပူ) အစက်ချခြင်း၊ ခြေသလုံးပေါ် ဝါးလုံးဖြင့် လှိမ့်ခြင်း၊ လက်ကောက်ဝတ်မှ ဖြတ်ပစ်ခြင်းနှင့် စနက်တံများ အသုံးပြုကာ အုပ်စုလိုက် ညှဉ်းပမ်းနှိပ်စပ်မှုများကို လုပ်ဆောင်ခဲ့သောကြောင့် မြောက်ပိုင်း ဖမ်းဆီးနှိပ်ဆက်ခံရသူ အများစုမှာ လွတ်မြောက်လာသော်လည်း စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရမှုများ ခံစားနေရကြောင်း အဆိုပါ အစီရင်ခံစာအတွင်း ပါရှိသည်။
“ကျွန်တော်တို့ ကော်မတီက ဒီအစီရင်ခံစာကို ပြုစုဖို့အတွက်ပါပ။ဲ အရေးယူတာတွေ ဘာတွေကတော့ သက်ဆိုင်ရာ ဗဟိုကော်မတီက ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်၊ ကျွန်တော်တို့က အဖွဲ့အတွင်းမှာ ရှိတဲ့ လူတွေကိုတော့ ရာထူးချတာတွေ၊ ဗဟိုအလုပ်အမှုဆောင်မှာ အရွေးမခံဖို့တွေကိုတော့ လုပ်လို့ရတယ်၊ အဲဒီအတွက် ဗဟိုကော်မတီ အစည်းအဝေးကို အစီရင်ခံစာ တင်ထားပါတယ်” ဟု အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေးကော်မတီ အဖွဲ့ခေါင်းဆောင် ဦးမြင့်ဦးက ဆိုသည်။
ABSDF မြောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများနှင့် ပတ်သက်ပြီး အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေးကော်မတီကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်များတွင် မြောက်ပိုင်းကျောင်းသားများ အသတ်ခံရမှုတွင် ပါဝင်သူများ၊ အသတ်ခံရသူများ၏ မိဘဆွေးမျိုးများ အပါအဝင် စုစုပေါင်း ၆၂ ဦးကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။
“ကျွန်မကတော့ သူတို့ အစီရင်ခံစာ ထုတ်နေရုံနဲ့ မကျေနပ်ဘူး၊ ဘာလို့လဲဆိုတော့ ကျွန်မ အစ်ကိုက ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်ဖြတ်ခံရတာလေ၊ အဲဒါကြောင့် အစီရင်ခံစာကို ဘာဆက်လုပ်မလဲ ဆိုတာကို ကြည့်မယ်၊ မရရင် ကျွန်မ ဥပဒေပိုင်းအရ ဆက်လုပ်စရာကို လုပ်သွားမယ်၊ ဒီကိစ္စမှာ နောက်ကွယ်က ဘယ်သူတွေလည်း ဆိုတာကို ဖော်ထုတ်မယ်” ဟု ABSDF မြောက်ပိုင်း သတ်ဖြတ်မှုတွင် သေဆုံးသွားသူ ဦးထင်အောင်ကျော်၏ ညီမ ဖြစ်သူ ဒေါ်သင်းသင်းဝင်းက ဆိုသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF သည် ၁၉၈၈ ခုနှစ် အရေးတော်ပုံအတွင်း တောခိုသွားသည့် ကျောင်းသူကျောင်းသားများဖြင့် ဖွဲ့စည်းခဲ့ပြီး ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလတွင် ABSDF အတွင်း အစိုးရထောက်လှမ်းရေး ရှိသည်ဟု စစ်ဆေးဖော်ထုတ်ခြင်းများကြောင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၅ ဦး သေဆုံးခဲ့ရကြောင်း ABSDF မြောက်ပိုင်း အဖွဲ့ဝင်ဟောင်းများထံမှ သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF သည် အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးကို ၂၀၁၃ ခုနှစ် သြဂုတ်လအတွင်း လက်မှတ်ရေးထိုးခဲ့သည်။
The Voice Weekly

No comments:

Post a Comment