Tuesday 23 December 2014

စီအိုင်အေ သူလျှိုများ နိုင်ငံတကာသို့ လျှို့ဝှက်သွားလာ နည်းများကို ဝီကီလိခ်က ထုတ်ဖော်ဖွင့်ချ

အမေရိကန် သူလျှိုများ အနေဖြင့် အထောက်အထား စာရွက်စာတမ်း အတုများ အသုံးပြုကာ နိုင်ငံတကာ နယ်နိမိတ်များကို ဖြတ်ကျော်သွားရောက်ရာတွင် အောင်မြင်စွာသွားလာနိုင်ရေးအတွက် လမ်းညွှန်ချက်များ ပါဝင်သော မှတ်တမ်း နှစ်ခုအား ဝီကီလိခ် က ဒီဇင်ဘာလ ၂၁ ရက်တွင် ထုတ်ဖော်ဖွင့်ချလိုက်သည်။

၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်ဟု ဖော်ပြထားသော အဆိုပါ မှတ်တမ်း နှစ်ခုအား လျှို့ဝှက်အဆင့် သတ်မှတ် ထားကာ “NOFORN” ဟုလည်း အမှတ်အသား ပြု ထားပြီး မဟာမိတ် ထောက်လှမ်းရေး ဌာနများနှင့် မဝေမျှရန် ရည်ရွယ်ခဲ့ကြောင်း ဝီကီလိခ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ အမေရိကန် သူလျှိုများ အနေဖြင့် လေဆိပ်များနှင့် နယ်စပ် ဒေသများတွင် ထပ်မံရွေးထုတ် စစ်ဆေး ခံရခြင်းမှ ရှောင်ရှား နိုင်ရေး အတွက် မဟာဗျူဟာ တချို့ကို ထိုမှတ်တမ်းမှတ်ရာ များထဲတွင် အနှစ်ချုပ် ဖော်ပြထားသည်။

အချို့ အကြံပြုချက် များမှာ သိသာ ရှင်းလင်းလှသည်။ ဥပမာ ပျံသန်းမှု ခရီးစဉ် မတိုင်မီ ရက်တွင် အသွား ခရီးစဉ် တစ်ခုတည်း အတွက် လက်မှတ်အား ငွေသားဖြင့် မဝယ်ရန် အကြံပြုထားသည်။ သံတမန် နိုင်ငံကူးလက်မှတ်ဖြင့် ခရီးသွားစဉ်တွင် မသပ်မရပ် ပုံစံမျိုး ဖြစ် မနေ စေရန်လည်း အကြံပြု ထားသည်။

“လေဆိပ်များတွင် ရွေးထုတ် စစ်ဆေးခံရခြင်းအား ရှောင်ကြဉ်နိုင်ရန် အတွက်၊ ရှေ့နောက် ညီညွတ်မှု ရှိခြင်း၊ ကောင်းစွာ လေ့ကျင့်ပြင်ဆင် ထားခြင်းနှင့် ပိပိရိရိ ဟန်ဆောင်နိုင်ခြင်းတို့က အရေးပါလှကြောင်း” စီအိုင်အေက ရေးသား ထားကြောင်း သိရသည်။

ထိုကိစ္စရပ်အား မေးခွန်းထုတ်စရာ ရှိကြောင်း ဝီကီလိခ်၏ ကြေညာချက် ထဲတွင် ဖော်ပြထားသည်။ “ပေါက်ကွဲ စေတတ်တဲ့ ပစ္စည်းတွေနဲ့ ပတ်သတ်ပြီး အကြောင်းပြချက် ပေးခဲ့တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး သင်တန်းဆိုတာဟာ လုပ်ကြံ ဇာတ်လမ်း တစ်ခုသာ ဆိုရင် အဲဒီ စီအိုင်အေ အရာရှိဟာ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တစ်ခုရဲ့လေဆိပ်တစ်ခုကနေ ပေါက်ကွဲစေတတ်နဲ့ ပစ္စည်းတွေနဲ့ ဘာလုပ်ဖို့ သွားခဲ့တာလဲ၊ သူ့ကို ဆက်သွားခွင့် ဘာကြောင့် ပေးခဲ့တာလဲ” ဆိုခြင်းအပေါ် မေးခွန်းထုတ်စရာ ရှိကြောင်း ဝီကီလိခ်က ဆိုသည်။

ထို စီအိုင်အေ မှတ်တမ်းများအရ စီအိုင်အေသည် ဥရောပတွင်လည်း သူလျှိုလုပ်ရန် ရည်ရွယ်ချက် ရှိကြောင်း ပြသနေသည်ဟု ဝီကီလိခ်အား တည်ထောင်ခဲ့သူ ဂျူလီယန် အက်ဆန် က ဆိုခဲ့သည်။ “စီအိုင်အေဟာ သမ္မတဘုရှ်အစိုးရလက်ထက်မှာ အီတလီနဲ့ ဆွီဒင်အပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ တွေကနေ ပြန်ပေးဆွဲတာတွေလည်းလုပ်ခဲ့ပါတယ်” ဟု ကြေညာချက်တစ်စောင်ထဲတွင် ဂျူလီယန် အက်ဆန် က ဆိုခဲ့သည်။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment