Tuesday 23 December 2014

ATM ကတ်အတုဖြင့် ငွေလိမ်ထုတ်သော နိုင်ငံခြားသားအဖွဲ့မှ နှစ်ဦး လွတ်မြောက်

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များရှိ ပုဂ္ဂလိကဘဏ်များ၏ ATM ငွေထုတ်စက်များမှ ကတ်အတုဖြင့် ငွေလိမ်ထုတ်နေသော နိုင်ငံခြားသားအဖွဲ့မှ ငါးဦးကို ဖမ်းမိခဲ့သော်လည်း ဘူဂေးရီးယား နိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသားတို့မှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရ သည်။

နိုဝင်ဘာလ ၂၂ ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ် ပုဂ္ဂလိကဘဏ် တစ်ခုတွင် ဗြိတိန်နိုင်ငံသားတစ်ဦး ငွေထုတ်ကတ်အတုဖြင့် ATM စက်မှ ငွေများ ထုတ်ယူနေစဉ် အသွင်ယူ စောင့်ဆိုင်းနေသည့် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေးခဲ့ရာမှ ၎င်းနှင့်အတူ ပူးပေါင်းပါဝင်ခဲ့သော အိန္ဒိယနိုင်ငံသား လေးဦး အနက် သုံးဦးကို သက်သေခံပစ္စည်းများနှင့်အတူ ထပ်မံဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ငွေထုတ်ကတ်အတု ၃၅ ကတ်နဲ့ သိန်း ၂၅၀ ကျော် ထုတ်ယူခဲ့တာကို စစ်ဆေးပေါ်ပေါက်ခဲ့တယ်။ အခု လွတ်နေတဲ့ အိန္ဒိယနိုင်ငံသားရဲ့ ဓာတ်ပုံကို မြန်မာနိုင်ငံအနှံ့ ဖြန့်ဝေထားတယ်” ဟု ၎င်းကဆက်လက် ရှင်းပြသည်။

အဆိုပါ ငွေထုတ်ကတ်အတုနှင့် ငွေလိမ်လည် ထုတ်ယူခဲ့သူ နိုင်ငံခြားသားလေးဦးကို ဖမ်းမိခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၃ ရက်နေ့က ရန်ကုန်အနောက်ပိုင်း ခရိုင်ရှိ မြို့နယ်တစ်ခုတွင် ပုဂ္ဂလိကဘဏ် ATM စက်မှ ငွေများကို ငွေထုတ်ကတ် အတုဖြင့် ထုတ်ယူရန် ကြံစည်နေသည့် ဘူဂေးရီးယား နိုင်ငံသားတစ်ဦးကို ထပ်မံ ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ၎င်းကို စစ်ဆေးခဲ့ရာ ၎င်းနှင့်အတူ ဘူဂေးရီးယား နိုင်ငံသားတစ်ဦး ပါဝင်သည်ဟု ပေါ်ပေါက်ခဲ့သော်လည်း ကျန်တစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

“ငွေထုတ်ကတ်အတုနဲ့ ATM စက်တွေက ငွေထုတ်ခံရတာ စက်တွေရဲ့ အားနည်းချက်ကြောင့်ပါ။ ဘဏ်ရဲ့ လုံခြုံရေး အားနည်းချက်ကြောင့် မဟုတ်ဘူး၊ ဒီစက်တွေကို ဘဏ်တွေနဲ့ ချိတ်ဆက်ထားတဲ့ သက်ဆိုင်ရာ နိုင်ငံခြားငွေကြေး အဖွဲ့အစည်းတွေက တာဝန်ယူပြီး Visa ကုမ္ပဏီတွေက တပ်ဆင်ပေးတဲ့ စက်တွေ ဖြစ်တယ်။ အခု Visa ကုမ္ပဏီက လုံခြုံမှုစနစ် ပိုကောင်းပြီး ခေတ်မီတဲ့ ATM ငွေထုတ်စက်တွေ လဲလှယ်ဖို့ စီစဉ်နေပါပြီ” ဟု ကမ္ဘောဇဘဏ် လီမိတက်မှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားသည်။

ပုဂ္ဂလိဘဏ်များ၏ ATM ငွေထုတ်စက်များမှ ငွေထုတ်ကတ် အတုဖြင့် ထုတ်ယူခံရမှုမှာ ပြည်ပမှ ငွေထုတ် ကတ် ကုတ်နံပါတ်များကို နည်းပညာဖြင့် ခိုးယူခံရပြီး ငွေထုတ်ကတ်အတု ပြုလုပ်ကာ မြန်မာနိုင်ငံအတွင်းရှိ ATM စက်များမှ ငွေလိမ်လည် ထုတ်ယူခံရခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ထုတ်ယူခံရသည့် ငွေများမှာ ငွေစုရှင် များ၏ အစုရှယ်ယာများနှင့် ပုဂ္ဂလိကဘဏ်များတို့တွင် နစ်နာခဲ့မှုမရှိဘဲ စိစစ်ဆဲ နိုင်ငံခြားသားများ၏ ငွေစာရင်း Accout များနှင့် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်တို့နှင့် ချိတ်ဆက်ထားသော Visa ကုမ္ပဏီတို့မှာ သာ ဆုံးရှုံးခဲ့ခြင်း ဖြစ်ကြောင်း ပုဂ္ဂလိကဘဏ် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ ATM စက်များမှ ငွေထုတ်ကတ်အတု အသုံးပြုကာ လိမ်လည်ခဲ့သည့် နိုင်ငံခြားသားငါးဦးနှင့် ထွက် ပြေး တိမ်းရှောင်နေသော အိန္ဒိယနိုင်ငံသား Mr. Sajagan Mohamed Arif နှင့် ဘူဂေးရီးယား နိုင်ငံ သား Mr. Shmandurov Andan Jvinov တို့ကို အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေနှင့် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက် ဥပဒေများအရ အရေးယူရန် စစ်ဆေး ဆောင်ရွက် နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment