Saturday 1 November 2014

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသေးသော စက်မှုမြေကွက်လွတ် ၂၃၀၀ ကျော်နှင့် ဂိုဒေါင် ၁၂၀၀ ကျော် လုပ်ငန်းမလုပ်ပါက နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်ဟု ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန် ၂၉ ခုမှ လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသေးသော စက်မှုမြေကွက် လွတ် ၂၃၃၉ ကွက်နှင့် ဂိုဒေါင် ၁၂၉၉ လုံးမှာ လုပ်ငန်းလုပ်ကိုင်ခြင်း မရှိပါက ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီထက် နောက်မကျဘဲ နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စက်မှုဇုန်များ စီမံခန့်ခွဲရေး ကော်မတီက အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ မြေကွက်လွတ်နှင့် ဂိုဒေါင်များမှာ ဧရိယာအားဖြင့် ၄၄၁၈ ဧကကျော်ရှိသည်ကို စိစစ်တွေ့ရှိရ သည်ဟု အဆိုပါကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းမြေကွက် ပိုင်ဆိုင်ထားသူများမှာ “စက်မှုလက်မှုလုပ်ငန်းအတွက် မြေအသုံးပြုခွင့်” အမိန့်ကို ထုတ်ယူခဲ့ စဉ်က အသုံးပြုခွင့်ရသော မြေကွက်တွင် ရရှိပြီးသည့်နေ့မှ သုံးလအတွင်း အဆောက်အအုံ ဆောက်လုပ်၍ စတင်အသုံးပြုရမည်ဟူ၍ လည်းကောင်း၊ စက်မှုလက်မှုလုပ်ငန်း အသုံးပြုခွင့်ရသူသည် သတ်မှတ်စည်းကမ်း များကို လိုက်နာရန် ပျက်ကွက်ပါက ခွင့်ပြုထားသော မြေကွက်ကို ဆောက်လုပ်ထားသော အဆောက် အအုံနှင့် အတူ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ပြန်လည်သိမ်းယူခွင့် ရှိသည်ဟူသည့် စည်းကမ်း ချက် များကို သဘောတူလက်မှတ် ရေးထိုးထားကြောင်း ပါရှိသည်။

ထိုသို့ လက်မှတ်များ ရေးထိုးထားသော်လည်း ပိုင်ဆိုင်သည့် အချိန်မှစတင်၍ ယနေ့အထိ စက်မှုလက်မှု လုပ်ငန်းများကို လုပ်ကိုင်ခြင်းမရှိသဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အလုပ်အကိုင် အခွင့် အလမ်းများ ဖော်ဆောင်ရာတွင် အဟန့်အတားတစ်ရပ် ဖြစ်နေသည့်အပြင် စက်မှုဇုန်မြေဈေး မြင့်တက်မှု များကို ဖြစ်ပေါ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ဖြစ်၍ လုပ်ကိုင်ခြင်းမရှိသေးသည့် စက်မှုမြေကွက်လွတ်နှင့် ဂိုဒေါင်များကို ပိုင်ဆိုင်ထားသူများမှာ ဆောင် ရွက်မည့် လုပ်ငန်းအမျိုးအစား၊ တည်ဆောက်ရေးကာလ၊ စီးပွားဖြစ် စတင်လည်ပတ်မည့်ရက်၊ ဘဏ္ဍာ ငွေကြေး ရင်းနှီးမြှပ်နှံမှုနှင့် ရရှိမှုအချက်အလက်များ ပြည့်စုံစွာပါဝင်သည့် Detail Business Plan ကို ဒီဇင်ဘာ ၁ ရက် နောက်ဆုံးထား၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန် များ စီမံခန့်ခွဲရေးကော်မတီ) သို့ ပေးပို့တင်ပြရမည်ဖြစ်ကြောင်း၊ ယင်း Detail Business Plan များကို စိစစ်အတည်ပြုပြီး ပါက ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ထက် နောက်မကျစေဘဲ စတင်အကောင် အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုက်နာခြင်းမရှိပါက နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည် ဟု ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များ စီမံခန့်ခွဲရေး ကော်မတီက ထုတ်ပြန်ထားသည်။          

Eleven Media Group 

No comments:

Post a Comment