Saturday 1 November 2014

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စာရင်းများအား စိစစ်နေပြီး နိုဝင်ဘာ ၃ ရက် (သို့မဟုတ်) ၄ ရက်တွင် ကြေညာမည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စာရင်းများအား စိစစ်နေပြီး နိုဝင်ဘာ ၃ ရက် (သို့မဟုတ်) ၄ ရက်တွင် ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် ကော်မရှင်မှ သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်း အမည်စာရင်းများကို အောက်တိုဘာ ၆ ရက်မှ ၂၄ ရက်အထိ လက်ခံခဲ့ပြီး စုစုပေါင်းကိုယ်စား လှယ်လောင်း ၃၀၅ ဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

“ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ စိစစ်နေတုန်းပါပဲ။ နိုဝင်ဘာ ၃ ရက် (သို့မဟုတ်) ၄ ရက် ထုတ်ပြန် ကြေညာမှာပါ” ဟု ရန်ကုန်မြို့တော် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲများကို ဒီဇင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအတွက် ပြည်သူ့ကိုယ်စားလှယ် ကော်မတီဝင် လေးဦး၊ ခရိုင်စည်ပင်သာယာရေး ကော်မတီတွင် ခရိုင်တစ်ခုလျှင် သုံးဦးနှုန်းဖြင့် ခရိုင်လေးခုအတွက် ကော်မတီဝင် ၁၂ ဦး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအတွက် တစ်မြို့နယ်လျှင် သုံးဦးနှုန်းဖြင့် ၃၃ မြို့နယ်အတွက် ၉၉ ဦး စုစုပေါင်း ၁၁၅ ဦးတို့ကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် ကော်မရှင်မှ သိရသည်။

ယခုရွေးကောက်ပွဲအတွက် စိတ်ဝင်စားမှုများသည်ဟု ဆိုနိုင်ပြီး ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်း စာရင်းများမှာ မျှော်မှန်းထားသည်ထက် ပိုများခဲ့ကြောင်း ရန်ကုန်မြို့တော် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး က ဆိုသည်။

ယခုရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီဝင်အဖြစ် အရှေ့ပိုင်းခရိုင်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်း ထားပြီး အမေရိကန်၊ မလေးရှား၊ ရုရှားတို့တွင် စစ်သံမှူးကြီးတာဝန် ထမ်းဆောင်ခဲ့သော လူရည်ချွန် လေးထပ်ကွမ်းဖြစ်သူ အငြိမ်းစား စစ်သံမှူးကြီး ဦးစိုးဌေးလည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ စိတ်ဝင်တစား စောင့်ကြည့်ရမည့် ရွေးကောက်ပွဲဖြစ်လာသည်။

ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် အမည်စာရင်းများအား ထုတ်ပြန်ကြေညာ ပြီးပါက မဲဆွယ်စည်းရုံးခွင့်ကို ရွေးကောက်ပွဲမပြုလုပ်မီ တစ်ရက်အလိုအထိ ခွင့်ပြုပေးသွားမည်ဖြစ်ပြီး တည်ဆဲဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးခွင့် ရရှိမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် ကော်မရှင်ကဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဘတ်ဂျက်ထဲမှ ကျပ်သိန်း ၅၀၀၀ ကျော် အသုံးပြုမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။   

Eleven Media Group 

No comments:

Post a Comment