Tuesday 19 August 2014

LG G3 review စောင့်ရတာတန်တဲ့ ဖုန်းတစ်လုံး


LG G3 ဟာ ကောင်းမွန်တဲ့ဖုန်းခေါ်ဆိုနိုင်မှု၊ မြန်ဆန်တဲ့ LTE Data Speed, ကောင်းမွန်တဲ့ကင်မရာ၊ တောက်ပပြီး ရုပ်ထွက်ကောင်းတဲ့မျက်နှာပြင်၊ လုပ်ဆောင်ချက်မြန်မြန်လုပ်နိုင်ဖို့အတွက် quad-core processor၊ Android 4.4 ကိုပြန်လည်ပြင်ဆင်ထားတဲ့ flat UI၊ ယခင် LG G2 မော်ဒယ်ထက် အဘက်ဘက်မှာ ပိုမိုထူးခြားကောင်းမွန်လာတဲ့စနစ်များ
The Bad : Resolution 2560x1440 ပမာဏရှိ QHD မျက်နှာပြင်ကိုတပ်ဆင်ထားပေးတာကြောင့် ပါဝါစားပြီး ဘထ္ထရီသက်တမ်းကို တိုတောင်းစေပါတယ်
The Bottom Line : ကောင်းမွန်တဲ့ဒီဇိုင်းနဲ့ feature အစုံအလင်နဲ့ LG ကုမ္ပဏီဟာ ၄င်းရဲ့ တောင်ကိုရီးယားကုမ္ပဏီပြိုင်ဘက် Samsung ကိုကောင်းကောင်း စိန်ခေါ်နိုင်လာပါတယ်
LG ကုမ္ပဏီဟာ စမတ်ဖုန်းကြိုးဝိုင်းထဲကို Samsung ထက် အမြဲတမ်းခြေတစ်လှမ်းနောက်ကျပြီးမှ ဝင်လေ့ရှိပါတယ်။ အခုလည်း Galaxy S5 မိတ်ဆက်ပြီးကာမှ LG G3 ကို ဈေးကွက်ထဲ မိတ်ဆက်ခဲ့ပါတယ်။ အထူးသဖြင့် မိခင်ကုမ္ပဏီတွေရဲ့ဒေသ တောင်ကိုရီးယားနိုင်ငံမှာတော့ ဒီဖုန်း၂လုံးရဲ့ပြိုင်ပွဲဟာ ပြင်းထန်လှပါတယ်။ သတင်းတွေအရတော့ စစ မိတ်ဆက်ချင်းကာလမှာ LG G3 ရဲ့ ရောင်းအားနှုန်းဟာ Galaxy S5 ထက် သာလွန်ခဲ့တယ်လို့ ဆိုပါတယ်။

ဘာကြောင့် Galaxy S5 ထက် သာလွန်ခဲ့သလဲဆိုတာကတော့ မေးခွန်းသိပ်ထုတ်စရာမရှိပါဘူး။ LG ဟာ ယခင် G2 ဖုန်းထက် ပိုမိုခန့်ညားလာတဲ့ ဖုန်းကိုယ်ထည်ဒီဇိုင်း၊ resolution မြင့် QHD မျက်နှာပြင်နဲ့ Laser-auto focus နဲ့ပါရှိလာတဲ့ ကောင်းမွန်တဲ့ ကင်မရာတွေကို G3 ဖုန်းထဲမှာ ထည့်သွင်းပေးထားခဲ့ပါတယ်။
Design
======
လုံးဝန်းတဲ့ထောင့်ဒီဇိုင်းနဲ့ button နေရာတွေကတော့ ယခင် G2 ဒီဇိုင်းအတိုင်းပါပဲ။ ထူးခြားလာတာက ယခင် G2 မှာသုံးခဲ့တဲ့ ပြောင်ချောချောပလတ်စတစ်ကိုယ်ထည်နေရာမှာ သတ္ထုကိုယ်ထည်ဒီဇိုင်းနဲ့ ပလတ်စတစ်ဒီဇိုင်းကို LG G3 မှာ ဆင်မြန်းပေးထားပါတယ်။
LG ကတော့ ၄င်းတို့ရဲ့ဖုန်းတွေကို wireless charging လုပ်နိုင်ဖို့အတွက် ပလတ်စတစ်ကိုယ်ထည်ကိုသာ အသုံးပြုရခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။ ပလတ်စတစ်ကိုယ်ထည်ပေါ်မှာ သတ္ထုဖလင်တစ်မျိုးကို သုတ်လိမ်းပေးထားတာကြောင့် ၄င်းရဲ့ ကိုယ်ထည်ဟာ HTC One M8 နဲ့ iPhone 5S လိုပဲ စံချိန်မြှင့်ပြီး အဆင့်အတန်းရှိတဲ့ဖုန်းတစ်လုံးအသွင်ရှိပါတယ်။
LG G3 မှာတပ်ဆင်ထားပေးတဲ့ 1440p ရှိ QHD မျက်နှာပြင်ဟာလည်း သဘာဝနဲ့အနီးစပ်ဆုံးအရောင်တွေကို ဖော်ပြပေးနိုင်ပြီး နည်းပညာဝဘ်ဆိုက်တော်တော်များများကတော့ Android Phone တွေထဲမှာ Display အကောင်းဆုံးဖုန်းတစ်လုံးလို့တောင် ညွှန်းဆိုထားကြပါတယ်။
နောက်ကျောကာဗာက ဖြုတ်တပ်လို့ရပြီး အထဲမှာလည်း 3000mAh ပမာဏရှိ ဖြုတ်တပ်လို့ရတဲ့ဘထ္ထရီနဲ့ microSD card slot လည်း ပါရှိလာပါသေးတယ်။
သို့ပေမယ့် ပုံမှန် ၅လက်မမျက်နှာပြင်ထက်အနည်းငယ်ကြီးတဲ့ ၅.၅ လက်မအရွယ်မျက်နှာပြင်ကို တပ်ဆင်ပေးထားတာကြောင့် လက်သေးတဲ့သူတွေအဖို့ လက်တစ်ဖက်တည်းနဲ့ LG G3 ဖုန်းကိုကိုင်ပြီး စာရိုက်၊ အသုံးပြုရမှာ အနည်းငယ် အခက်အခဲတော့ ရှိပါလိမ့်မယ်။ ခြုံငုံသုံးသပ်ကြည့်ရင် LG G3 ဟာ အထူ ၈.၉ မီလီမီတာရှိ လှပပြီးကျစ်လစ်တဲ့ဖုန်းတစ်လုံးလို့ ဆိုရပါမယ်။
Software Features
==============
LG G3 မှာ Android 4.4 ကို ပြန်လည်မွမ်းမံထားတဲ့ သပ်ရပ်ပြီးလှပတဲ့ flat UI ပါရှိလာပါတယ်။ LG UI ဟာ Asus နဲ့ HTC တို့ရဲ့ UI ၂ခုကို ပေါင်းစပ်ထားသလားလို့ ထင်ရလောက်အောင် ဆင်တူလှပါတယ်။ LG ဟာ Google ရဲ့ Android စနစ်ကို တစ်ခုလုံးပြင်ဆင်တာထက် UI ကို ကိုယ့်ဟန်ရှိအောင်ပဲ အနည်းငယ်ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။
User experience ပိုမိုကောင်းမွန်အောင်လို့ LG ဟာ ၄င်းရဲ့ G3 ဖုန်းထဲမှာ Smart Notice box ဆိုတဲ့စနစ်တစ်ခုကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဒီစနစ်ကတော့ သင့်ကို သင့်အနီးအနားမှာ ဘာတွေဖြစ်ပျက်နေသလဲ၊ ဘယ်သူတွေက သင့်ကို ဖုန်းခေါ်ဆိုထားသလဲစတဲ့ အချက်ပြစနစ်တွေကို သင်မမေ့စေရန် သတိပေးမယ့်စနစ်ပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဒီထဲမှာပဲ ပါရှိတဲ့ ရာသီဥတုအချက်ပြစနစ်ဆိုရင် သင်အပြင်ထွက်ခါနီး မိုးရွာနိုင်၊ မရွာနိုင်ကို ကြိုတင်သတိပေးမှာဖြစ်ပြီး မိုးများတဲ့ဒေသတွေမှာနေသူအဖို့တော့ ထီးသယ်ယူဖို့မမေ့ဖို့အတွက် အသုံးဝင်တဲ့စနစ်ပဲ ဖြစ်ပါတယ်။
Samsung ရဲ့ Galaxy S5 မှာပါရှိတဲ့ fitness စနစ်လိုဆင်တူတဲ့ LG Health စနစ်ကိုလည်း ဒီဖုန်းထဲမှာ ပါရှိလာပါတယ်။ ၄င်းစနစ်က သင့်ရဲ့ အပျင်းပြေလမ်းလျှောက်တဲ့အချိန်မှာ သင့်ရဲ့ ခြေလှမ်းတွေကို မှတ်သားပေးနိုင်မှာဖြစ်ပြီး တခြားသော လမ်းအနှေးလျှောက်တာတို့၊ စက်ဘီးစီးတာတို့အတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။
ဒါ့အပြင် ယခင် G Pro 2 မှာကတည်းကပါရှိခဲ့တဲ့ KnockOn, Knock Code လို feature တွေ၊ QuickMemo နဲ့ Clip Tray လို feature တွေလည်း ပါရှိပါသေးတယ်။
Camera
=======
G3 မှာတော့ Laser-auto focus စနစ်ပါရှိတဲ့ 13 MP ရှိ ကင်မရာပါရှိလာပါတယ်။ G3 ရဲ့ ကင်မရာဟာ လှုပ်ရှားနေတဲ့ပုံရိပ်တွေကို ကောင်းကောင်းရိုက်ကူးနိုင်ပါတယ်။ အလင်းရောင်နည်းတဲ့အခြေအနေတွေမှာလည်း Laser စနစ်က ပုံရိပ်ကောင်းတွေကို ထွက်ပေါ်လာစေမှာပါ။ 2.1 MP ရှိတဲ့ ရှေ့ကင်မရာကလည်း feature တွေပါရှိတာကြောင့် selfie ရိုက်တာကြိုက်နှစ်သက်တဲ့သူအတွက် အသုံးဝင်လှမှာပါ။ အဲ့ဒီထဲကမှ countdown timer စနစ်လည်း ပါရှိပါသေးတယ်။ selfie stick နဲ့ ရိုက်ကူးတဲ့တခါ ဒီ countdown timer ကအသုံးဝင်လှပါတယ်။
Performance
==========
G3 မှာ RAM 2GB နဲ့ မြန်နှုန်း 2.5 GHz ရှိတဲ့ Quad-core Qualcomm Snapdragon 801 Processor ပါရှိလာတဲ့အတွက် သုံးစွဲရာမှာ မြန်ဆန်မှုရှိလှပါတယ်။ App သုံးစွဲရာမှာဖြစ်စေ၊ 3D Game တွေဆော့ရာမှာဖြစ်စေ အထစ်ငေါ့မရှိပဲ သုံးစွဲနိုင်ပါတယ်။
မြန်နှုန်းကိုတိုင်းတာကြည့်ရာမှာ Quadrant benchmark result မှာ ရမှတ် 23 103 ရရှိပြီး ဒီအမှတ်ဟာ processor တူပါဝင်တဲ့ Galaxy S5 နဲ့ OnePlus One တို့ရဲ့ ရမှတ်နဲ့ တူညီလှပါတယ်။ဒါကြောင့် G3 ဟာ ဈေးကွက်ထဲက မြန်နှုန်းမြင့်ဖုန်းတွေထဲက တစ်လုံးဖြစ်လို့ စွမ်းဆောင်ရည်ပိုင်း နှေးကွေးမှာကိုတော့ စိတ်ပူစရာမလိုပါဘူး။
Battery
======
G3 မှာတော့ ဖြုတ်တပ်လို့ရတဲ့ 3000mAh သိပ်သည်းဆရှိ ဘထ္ထရီပါရှိလာပါတယ်။ ဘထ္ထရီသက်တမ်းကတော့ S5 လောက်တော့ ကြာရှည်မခံပေမယ့် မဆိုးဘူးလို့ပဲ ဆိုရပါမယ်။ ကောင်းမွန်ပြီး တောက်ပလှတဲ့ QuadHD display ကိုတပ်ဆင်ပေးထားတာက ဘထ္ထရီသက်တမ်းကို ပြိုင်ဘက်ဖုန်းတွေထက် တိုတောင်းစေတဲ့အချက်တချက်လည်း ဖြစ်ပါလိမ့်မယ်။ တနေကုန်အသုံးပြုပြီး ဘထ္ထရီသက်တမ်းကြာချိန်ကိုတိုင်းတာရာမှာ ၁၁နာရီ ၂၄ မိနစ်ခံပြီး Galaxy S5 ကတော့ ၁၅နာရီနဲ့ ၁၈ မိနစ်ထိခံတာကြောင့် S5 ထက်တော့ ဘထ္ထရီသက်တမ်းတိုတောင်းလှပါတယ်။
Verdit
=====
G3 ဟာ LG ရဲ့အကောင်းဆုံးသော စမတ်ဖုန်းဖြစ်ရုံသာမက ဒီနှစ် Android Phone တွေထဲမှာလည်း ထိပ်ဆုံးနေရာမှာ ရှိနေတဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဘထ္ထရီသက်တမ်းကြောင့် စိတ်ညစ်စရာရှိပေမယ့် ကျန်တဲ့ စွမ်းဆောင်ရည်မြင့် feature တွေကြောင့် သင့်ကို စိတ်ကျေနပ်မှုအပြည့်အဝပေးပါလိမ့်မယ်။
ဈေးကွက်ထဲမှာရှိတဲ့ တခြားထိပ်သီးဖုန်းတွေနဲ့ နှိုင်းယှဉ်ကြည့်ရအောင်ပါ။ Galaxy S5 နဲ့ဆိုရင်တော့ ကောင်းမွန်တဲ့မျက်နှာပြင်နဲ့ သတ္ထုစတိုင်ကိုယ်ထည်တို့က LG G3 ကို ရမှတ်ပိုရစေပါတယ်။ HTC One M8 နဲ့ နှိုင်းယှဉ်ပါက ကိုယ်ထည်ပိုင်းမှာတော့ သတ္ထုကိုယ်ထည်အစစ်သုံးထားတဲ့ HTC ကပိုသာဖွယ်ရှိပြီး ကင်မရာပိုင်းမှာတော့ LG G3 က အပြတ်သာပါတယ်။ Sony Xperia Z2 နဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ LG G3 မှာ ပိုမိုအသုံးတည့်တဲ့ feature တွေ၊ ကောင်းမွန်တဲ့မျက်နှာပြင်က G3 ကို Z2 ထက် ရွေးချယ်စေဖို့အကြောင်းရင်းဖြစ်ပါလိမ့်မယ်။
ဈေးကွက်ထဲမှာ ဖုန်းအသီးသီးကတော့ ကိုယ့်အားသာချက်နဲ့ ကိုယ်ပါပဲ။ အကယ်၍ သင်ဟာ ဖုန်းဒီဇိုင်းခပ်မိုက်မိုက်၊ display ကောင်းကောင်း၊ ကင်မရာမြှင့်တဲ့ စွမ်းဆောင်ရည်ပြည့်ဖုန်းတစ်လုံးကို ဝယ်လိုတယ်ဆိုရင်တော့ LG G3 က သင့်အတွက် အသင့်တော်ဆုံးဖြစ်မှာပါ။
ဝယ်ယူလိုတယ်ဆိုရင်တော့ ကြိုက်နှစ်သက်တဲ့ အဖြူ၊ အနက်နဲ့ရွှေရောင်တွေနဲ့ 16 GB model ကို ၆၁၉,၀၀၀ ကျပ်နဲ့ ဖုန်းဆိုင်အများစုမှာ ဝယ်ယူရရှိနိုင်ပါတယ်။

TechSpace Journal

No comments:

Post a Comment