Tuesday 3 June 2014

မွန်နှင့် ကရင်ပြည်နယ်ရှိ မြို့ရှောင်လမ်းမကြီးများနှင့် တံတားစီမံကိန်းကို JICA ချေးငွေဖြင့် တည်ဆောက်မည်

ရန်ကုန်-မော်လမြိုင် ဆက်သွယ်ပေးသည့် သထုံမြို့ရှောင် အဝေးပြေးလမ်းမကြီးနှင့် မော်လမြိုင်-မြဝတီ ဆက်သွယ်ပေးသည့် ကျားကလေးမြို့ရှောင် အဝေးပြေးလမ်းမကြီး ဖောက်လုပ်ခြင်း အပါအဝင် ယင်း ကားလမ်း များနှင့် ဆက်စပ်နေသည့် တံတားကြီးလေးစင်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ချေးငွေဖြင့် တည်ဆောက်မည် ဖြစ်ကြောင်း ယင်းအေဂျင်စီ လေ့လာရေးအဖွဲ့ဝင် ဦးတင်အောင်မိုးက ပြောကြားသည်။ 

အာဆီယံကုန်သွယ်မှု အဝေးပြေးကားလမ်း ဖောက်လုပ်ရန်အတွက် စီမံကိန်းဆွဲထားသည့် ဘုရားကြီး- ထားဝယ် အဝေးပြေးကားလမ်း၊ သထုံ-အိန္ဒု အဝေးပြေးကားလမ်း၊ အိန္ဒု-မြဝတီ အဝေးပြေးကားလမ်း၊ မော်လမြိုင်-အိန္ဒု အဝေးပြေးကားလမ်းနှင့် ဘုရားသုံးဆူ အဝေးပြေးကားလမ်းတို့၏ စုစုပေါင်း အရှည်သည် ၈၅၂ ကီလိုမီတာ ရှိကြောင်းနှင့် အသစ်ဆောက်လုပ်မည့် နောင်လုံတံတား၊ ဂျိုင်း-ကော့ကရိတ်တံတား၊ ဇာသပြင်တံတားနှင့် အတ္ထရံ တံတားတို့၏ စုစုပေါင်း အရှည်သည် ၁၈၁၅ မီတာ ရှိကြောင်း ၎င်းက ပြောဆိုသည်။ 

လက်ရှိ ဆောင်ရွက်ဆဲ လုပ်ငန်းများကို ပြည်သူ့ဆောက်လုပ်ရေးနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်းပြီး စီမံကိန်း တိုးတက်မှု ဖြစ်စဉ်ကို လေ့လာလျက် ရှိကြောင်းနှင့် စီမံကိန်း ဆောင်ရွက်မှုများအတွက် နှစ်နိုင်ငံအစိုးရကြား လေ့လာညှိနှိုင်းမှုများ ပြုလုပ်မည် ဖြစ်ပြီး စီမံကိန်းကို အပြီးသတ် ဆုံးဖြတ်မည် ဖြစ်ကြောင်း ဦးတင်အောင်မိုးက ရှင်းပြသည်။ 

လမ်းတံတား စီမံကိန်းတွင် ဦးစားပေးအနေနှင့် တန် ၆၀ ဝန်ခံနိုင်သည့် သံကူကွန်ကရစ် တံတားအသစ် လေးစင်း ဆောက်လုပ်မည်ဖြစ်ရာ မူလ ဆောက်လုပ်ထားသည့် ကြိုးတံတားများထက် ခံနိုင်ရည်ဝန် သုံးဆမြင့်သည့် ကြိုးတံတားများ ဖြစ်ကြောင်းနှင့် တံတားဆောက်လုပ်မှု ဧရိယာကိုလည်း ဒေသခံပြည်သူများအတွက် ဆုံးရုံးမှု အနည်းဆုံး ဖြစ်မည့်နေရာကို ရွေးချယ်ထားကြောင်း ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးစောစိန်သန်းက ပြောဆိုသည်။ 

မြန်မာနိုင်ငံ မဲခေါင်ဒေသတွင် ပိုမိုကောင်းမွန်သော နိုင်ငံတကာ ဆက်သွယ်ရေး အမြန်လမ်းမကြီး စီမံကိန်း အကြိုလေ့လာမှုအတွက် လူထုအစည်းအဝေးပွဲကို မေလ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တို့တွင် ကရင်ပြည်နယ်ရှိ နောင်လုံ၊ ဂျိုင်း၊ ဇာသပြင် ကြိုးတံတားများ တည်ရှိရာ ဒေသနှင့် မွန်ပြည်နယ်ရှိ အတ္ထရံကြိုးတံတား တည်ရှိရာ ဒေသတို့တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနှင့် JICA လေ့လာရေးအဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြသည်။

The Voice Weekly

No comments:

Post a Comment