Tuesday 3 June 2014

ထိုင်းနိုင်ငံရေးအခြေအနေကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများ စားဝတ်နေရေးပြဿ နာ စတင်ရင်ဆိုင်လာရ

ထိုင်းနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများကြောင့် မြန်မာ- ထိုင်း နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုအပေါ် သက်ရောက်မှုနည်းပါးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နယ်စပ် ကုန်သွယ်ရေးဦးစီးဌာနများမှ သိရသည်။

 မြန်မာ-ထိုင်းနယ်စပ်တွင် တာချီလိတ်၊ ကော့သောင်း၊ မြ၀တီ၊ ကျိုင်းတုံ၊ မြိတ်၊ နဘုလယ်/ ထီးခီး၊ မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းများဖြင့် နှစ်နိုင်ငံကုန်သွယ်မှု ပြုလုပ်လျက်ရှိသည်။
    
"ထိုင်းနိုင်ငံရေးအခြေအနေကြောင့်တော့ ကုန်သွယ်မှုကို ထိခိုက်မှုမရှိပါဘူး။ မေ ၁ ရက်ကနေ ၂၈ ရက်အထိကို ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၁၁ သန်းကျော်ရှိတယ်။ ဒီကြားမှာပိတ်တာလည်း လုံးဝမရှိဘူး။ ပုံမှန်အတိုင်းပဲသွားနေကြတယ်။ ပြီးခဲ့တဲ့နှစ်က ဒီလိုမေလမှာဆိုရင် အဲဒီတစ်ဝက်တောင် မရှိဘူးပေါ့။ ဧပြီလထဲမှာတော့ အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ သန်းကျော်ရှိတယ်။ မတ်လတုန်းက ၁၀ သန်းကျော်ရှိခဲ့တယ်" ဟု တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောကြားခဲ့သည်။
    
အလားတူ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးကလည်း "ကျွန်တော်တို့ တနင်္သာရီနယ်မြေ မှာတော့ ရနောင်းနဲ့ မောတောင်ပေါ့။ ရနောင်းမှာတော့ ကုန်သွယ်မှုအရ ပို့ကုန်သွင်းကုန်တွေ ပိတ်ထားတာမရှိပါဘူး။ သို့သော် လုပ်ငန်းအနေအထားအရတော့ ကာဖျူးထုတ်ထားတဲ့အတွက် ည ၁၀ နာရီကနေ နံနက် ၇ နာရီအထိ ယာဉ်အ၀င်အထွက် အသွားအလာကို သူတို့လုံခြုံရေးအရ ခေတ္တဆိုင်းငံ့ ထားတယ်ပေါ့။ လုပ်ငန်းအရကတော့ ပုံမှန်ပဲသွားနေပါတယ်။ ပင်လယ်မှာ ငါးဖမ်းတဲ့အနေအထားကလည်း ပုံမှန်ပါပဲ။ တာချီလိတ်တို့ မြ၀တီတို့ကတော့ လူအ၀င်အထွက်ရော ကုန်သွယ်မှုရောတွဲနေတော့ လုံခြုံရေးအရစစ်တာ ဆေးတာရှိတော့ ကုန်သွယ်မှုက ခေတ္တတုံ့ဆိုင်းတာတွေရှိနိုင်ပါတယ်။ ရနောင်းဘက် ကျတော့ ပင်လယ်ရေကြောင်းကဆိုတော့ သူ့ဈေးကွက်က ဘန်ကောက်ကို အဓိကသွားတာမဟုတ်ဘူး။ အင်ဒိုနီးရှားတို့ဘက်ကို သွားတာဆိုတော့ ပိတ်ထားတာလည်း မရှိပါဘူး။ ပုံမှန်အတိုင်းသွားတယ်" ဟုလည်း ပြောကြားသည်။
    
သို့သော်လည်း အခြားတစ်ဖက်တွင်မူ ထိုင်းနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီး နောက်ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအပေါ် အကြီးအကျယ်ထိခိုက်မှုများရှိလာကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ ပြောကြားချက်အရ သိရသည်။
    
လွန်ခဲ့သည့်ခြောက်လမှ စတင်ကာ ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံတွင်း မငြိမ်မသက်မှုများကြောင့် မေ ၁၉ ရက်တွင် ထိုင်းစစ်တပ်မှာ မာရှယ်လော ထုတ်ပြန်ကြေညာခဲ့ပြီး မေ ၂၂ ရက်တွင် ထိုင်းစစ်တပ်မှ အာဏာသိမ်းခဲ့ ကြောင်း သိရသည်။ ထိုင်းစစ်တပ် အာဏာသိမ်းပြီးနောက် ထုတ်ပြန်ခဲ့သည် ညနေ ၁၀ နာရီမှ နံနက် ၅ နာရီအထိ အပြင်မထွက်ရသည့် ကာဖျူးအမိန့်သည် ထိုင်းရောက်မြန်မာ ရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကို အကြီးအကျယ် ၀င်ငွေထိခိုက်မှု ရှိနေကြောင်း သိရသည်။
    
သောင်ရင်းမြစ်ရှိ ကူးတို့ဆိပ်များကို ပိတ်ထားမှုကြောင့် မဲဆောက်ကဲ့သို့ ထိုင်း-မြန်မာနယ်စပ်တွင် နေထိုင်သည့်  မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ အခက်တွေ့လျက်ရှိပြီး မဲဆောက်နှင့် မြ၀တီ သောင်ရင်းမြစ်ရှိ ကူးတို့ဆိပ် ၃၂ ခုပိတ်ထားမှုကြောင့် ယင်းမြစ်ကို မှီတင်းလုပ်ကိုင်စားသောက်နေသည့် မြန်မာအလုပ်သမားများမှာ စားဝတ်နေရေးအတွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
    
"ညဆိုင်းအလုပ်လုပ်ရတဲ့ အလုပ်သမားတွေ၊ ဆေးခန်းသွားတဲ့သူတွေတော့ ညဘက်အပြင်မထွက်ရတော့ အခက်တွေ့တာပေါ့။ ပုံမှန်ဆိုအချိန်ပိုက ၁၀ နာရီကစပြီး ၁၂ လောက်အထိဆင်းရတာ။ ဘန်ကောက်လို နေရာမျိုးမှာ တစ်နေ့လုပ်ခလစာ ဘတ် ၃၀၀ အပြည့်ရပေမယ့် မဲဆောက်လိုနယ်စပ်တွေမှာတော့ ဘတ် ၁၈၀ လောက်ပဲရတယ်။ အချိန်ပိုတွေဆင်းမှ အဆင်ပြေတယ်။ အခုက အချိန်ပိုမဆင်းရတော့ အခက်အခဲဖြစ် နေတာပေါ့" ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး မြန်မာအလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီနှင့် ပူးတွဲလုပ်ကိုင်လျက်ရှိသည့် မြန်မာပြည်သားများအရေး လှုပ်ရှားမှုကော်မတီမှ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။
    
ထိုင်းနိုင်ငံတွင်း ဆန္ဒပြမှုများသည် လုပ်ခလစာတိုးမလာဘဲ တက်ရိပ်ပြနေသည့် ကုန်ဈေးနှုန်းများက မြန်မာရွှေ့ပြောင်းအလုပ်သမားများအပေါ် ၀န်ထုပ်ဝန်ပိုးဖြစ်စေကြောင်း အလုပ်သမားများက ပြောကြား သည်။
     
ထို့ပြင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှ ဘန်ကောက်သို့ အောက်လမ်းမှ သွားရောက်အလုပ်လုပ်ကိုင်သည့် နေ့စားအလုပ်သမားများမှာ ဆန္ဒပြမှုများကြောင့် နေရပ်သို့ ပြန်လာမှုများရှိလာကြောင်း သိရသည်။
    
"ကူးတို့ဆိပ်ကနေ မြ၀တီဘက်ကိုကူးပြီး ကိုယ်စုထားတဲ့ တစ်လတာနှစ်လတာ လစာငွေလေးကို မိသားစုထံ ပြန်ပို့ရတာလေ။ အခုကူးတို့ဆိပ်တွေပိတ်ထားတော့ အဆင်မပြေဖြစ်နေတာပေါ့။  
မဲဆောက် ကနေ ဘန်ကောက်ကို နေ့စားအဖြစ် သွားလုပ်တဲ့အလုပ်သမားတွေ နေရပ်ကိုပြန်လာတာတော့ရှိတယ်။ ဒါပေမဲ့လည်း နည်းပါတယ်။ ရောက်ပြီးမှတော့ မထူးဘူးပုံစံနဲ့ အထောက်အထား ရှိရှိ မရှိရှိ ကတ်သတ်နေကြတာပါပဲ" ဟု ဦးမိုးကြိုးက ဆက်လက်ပြောကြားသည်။
    
ထိုင်းနိုင်ငံရေးအခြေအနေ မငြိမ်သက်မှုများသည် မြန်မာအလုပ်သမားများအပေါ် အနည်းနှင့်အများ အကျိုးသက်ရောက်မှုများ ရှိလာမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောကြားထားသည်။
    
ထို့ပြင် ထိုင်းနိုင်ငံရေး မငြိမ်သက်မှုများကြောင့် ထိုင်းနိုင်ငံဘက်မှ မြန်မာအလုပ်သမားခေါ်ယူမူများမှာလည်း သိသိသာ လျော့ကျသွားကြောင်းလည်း သိရသည်။
    
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား လေးသန်းနီးပါးရှိပြီး ထက်ဝက်ခန့်သည် အထောက်အထားမရှိသည့် တရားမ၀င် မြန်မာအလုပ်သမားများဖြစ်ကြောင်း၊ အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ဖော်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းတို့တွင် အထွေထွေလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်လျက်ရှိကြောင်း၊ လုပ်ငန်းကြီးဖြစ်သည့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ထိခိုက်မှုများရှိနိုင်ကြောင်း သိရသည်။
    
အလားတူ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် လက်ရှိအချိန်တွင် ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုမြင့်တက်နေ သော် လည်း နယ်စပ်ကုန်သွယ်မှု ကျဆင်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
    
၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေ ၂၃ ရက်အထိ ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၇၇၀ ဒသမ ၄၆၆ သန်းရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် အလားတူကာလ ပင်လယ်ရေကြောင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၀၉၉ ဒသမ ၃၇၅ သန်းရရှိခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ် ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုပမာဏမှာ ယခင်နှစ်ထက် ဒေါ်လာသန်း ၆၇၀ ကျော် ပိုမိုရရှိခဲ့ကြောင်း သိရသည်။
    
ထို့ပြင် နယ်စပ်ကုန်သွယ်မှုအနေဖြင့် ယခုနှစ် ဧပြီ ၁ ရက်မှ မေ ၂၃ အထိ နယ်စပ်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၁၁ ဒသမ ၅၇၈ သန်းရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလက အမေရိကန်ဒေါ်လာ ၄၄၈ ဒသမ ၆၄၉ သန်းရရှိခဲ့သဖြင့် ယခုဘဏ္ဍာနှစ် နယ်စပ်ကုန်သွယ်မှုပမာဏမှာ ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၃၇ သန်းကျော် လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
    
၂၀၁၅ခုနှစ်တွင် အာဆီယံစီးပွားရေးအသိုက်အ၀န်း အကောင်အထည်ဖော်ရန်ကာလမှာလည်း အလွန်နီးကပ်နေသည့်အတွက် ထိုင်းနိုင်ငံရေးအခြေအနေများက မြန်မာအပြင် အခြားအာဆီယံနိုင်ငံ များသို့လည်း ထိခိုက်နိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။ ထို့ပြင် စစ်တပ်မှ အာဏာသိမ်းခြင်း၊ စစ်အာဏာရှင်စနစ်ကျင့်သုံးချိန်တွင် စီးပွားရေး ပိတ်ဆို့အရေးယူမှုများလည်း ၀င်လာနိုင်သောကြောင့် ထိုင်းနိုင်ငံသို့ စီးပွားရေးပိတ်ဆို့မှုများဝင်လာပါက ထိုင်းအပြင် မြန်မာအပါအ၀င် အာဆီယံနိုင်ငံများကပါ ယင်းအနေအထားကို ခံစားရမည်ဖြစ်ကြောင်းလည်း စီးပွားရေးပညာရှင် ဦးသိန်းမြင့်ဝေက သုံးသပ်ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment