Tuesday 3 June 2014

သီလ၀ါအထူး စီးပွားရေးဇုန် စီမံကိန်းအဆင့်များတွင် ကြုံရသည့် မြေယာဆုံးရှုံးမှုများနှင့် ပတ်သက်၍ ဒေသခံများမှ JICA ၏ စစ်ဆေးရေး အရာရှိထံသို့ ကန့်ကွက်လွှာပေးပို့

သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းအဆင့်များတွင် ကြုံတွေ့နေရသည့် မြေယာဆုံးရှုံးမှုများနှင့် ပတ်သက် ကာ ဒေသခံများမှ JICA (ဂျပန်အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်း အေဂျင်စီ) စစ်ဆေးရေး အရာရှိထံသို့ ဇွန် ၂ ရက်တွင် ကန့်ကွက်လွှာ ပေးပို့ခဲ့သည်။

ယင်းကန့်ကွက်လွှာတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ဆောင်နေသည့် သီလ၀ါစီမံကိန်း ပထမအဆင့် စီမံကိန်းဟက်တာ ၄၀၀ နှင့် ဒုတိယအဆင့် စီမံကိန်းဟတ်တာ ၂၀၀၀ တွင် လယ်ယာမြေဆုံးရှုံးခြင်း၊ လယ်ယာမြေတွင် စိုက်ပျိုးခွင့်ဆုံးရှုံးခြင်း၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အလမ်းများဆုံးရှုံးခြင်း၊ ဆင်းရဲနွမ်းပါးမှု ပိုမိုဖြစ်ပေါ်စေခြင်း၊ ပြန်လည်နေရာချထားသည့် မြိုင်သာယာရှိ အခြေခံအဆောက်အအုံနှင့် နေရာထိုင်ခင်း အဆင့်အတန်းနိမ့်ပါးမှု၊ သန့်ရှင်းသောရေ ရရှိမှုမရှိခြင်းစသည့် အချက်များ ပါဝင်သည်ဟု သီလ၀ါလူမှုဘ၀ ဖွံ့ဖြိုးရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ ယင်းသို့ကန့်ကွက်ခြင်းမှာ ယခုအကောင်အထည် ဖော်နေသည့် သီလ၀ါအထူးစီးပွားရေးဇုန် ပါဝင်သော ပထမအဆင့်စီမံကိန်း ဟက်တာ ၄၀၀ တွင် ဒေသခံပြည်သူများမှ သတ်မှတ်ထားသည့်အတိုင်း လျော်ကြေးမရရှိခြင်းဖြစ်ကြောင်း ထို့ကြောင့် ဒုတိယအဆင့်စီမံကိန်း ဟတ်တာ ၂၀၀၀ တွင်လည်း အလားတူကိစ္စရပ်မျိုး မဖြစ်စေရန် ယခုကဲ့သို့ ကန့်ကွက်လွှာ ပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကို ပြောထားတာက မူလအဆင့်အတန်းထက် မနိမ့်ကျရအောင် လျော်ကြေးပေးမယ်လို့ ပြောထားတယ်။ ဒါပေမဲ့ ဟတ်တာ ၄၀၀ မှာ လျော်ကြေးရခဲ့တာက သီးနှံလျော်ကြေးပဲရတယ်။ မြေယာလျော်ကြေးမရဘူး။ ဒါကြောင့် ဟတ်တာ ၂၀၀၀ မှာ အခုလိုမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ကန့်ကွက်လွှာပေးပို့တာပါ” ဟု သီလ၀ါ လူမှုဘ၀ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့မှ ဦးဆောင်ကော်မတီဝင် ဦးကျော်ကျော်က ဆိုသည်။

ထို့ပြင် JICA ထံသို့ ဒေသခံများမှတစ်ဆင့် စာများပေးပို့ခဲ့ကြောင်း၊ JICA အနေဖြင့် လျစ်လျူရှုခဲ့ကာ ယင်းတို့၏ လမ်းညွှန်ချက်များနှင့် သွေဖီလျက်ရှိသော အချက်များရှိကြောင်း၊ ဒေသခံတို့အား အချိန်နှင့်တပြေးညီ လိုအပ်သည့် အထောက်အပံ့များပေးရန် ပျက်ကွက်ခဲ့သည့်အပြင် တိကျသော စစ်ဆေးမှုများမရှိဘဲ လျော်ကြေးပေးရန် ပျက်ကွက်ခဲ့ကြောင်း၊ JICA အနေဖြင့် တာဝန်အား အကောင်အထည် ဖော်နိုင်ခဲ့ခြင်းမရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထား 
သည်။      

အဆိုပါ သီလ၀ါလူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ယင်းသို့ကန့်ကွက်လွှာကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းမှစကာ ခြောက်ကြိမ်တိုင်တိုင် ပေးပို့ခဲ့သော်လည်း ထူးခြားမှုမရှိသောကြောင့် ၂၀၁၄ ခုနှစ် ဇွန် ၂ ရက်တွင် ဂျပန်နိုင်ငံသို့ ဒေသခံကိုယ်စားလှယ်သုံးဦးမှ ကိုယ်တိုင်သွားရောက်ကာ JICA ၏ စစ်ဆေးရေး အရာရှိထံသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဂျပန်မှ ၁၀ ရာခိုင်နှုန်းအနေဖြင့် JICA မှ ယန်းသန်း ၅၀၀ (ကျပ် ငါးဘီလျံ) ရင်းနှီးမြှုပ်နှံထားပြီး မစ်ဆူဘီရှီ၊ ဆူမီတိုမိုနှင့် မာရူဘီနီ စသည့် ဂျပန်ကုမ္ပဏီ သုံးခုမှ ၃၉ ရာခိုင်နှုန်းအား ရင်းနှီးမြှုပ်နှံထားကာ မြန်မာအစိုးရက စီမံကိန်း၏ရှယ်ယာ ၁၀ ရာခိုင်နှုန်းနှင့် ဖက်စပ်မြန်မာ ကုမ္ပဏီကိုးခုမှ ၄၁ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားပြီး ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်း ဖြစ်ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment